ရန်ကုန်မြို့၊ အရှေ့တောင်ဘက်ရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ မြေကွက်များအား ၂၀၁၄ ခုနှစ်၊ မတ်လတွင် စတင် ရောင်းချချိန်မှ စတင်ကာ လာရောက် ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ သန်း ၇၆၀ အထိ ရှိသွားပြီဖြစ်သည်ဟု Nikkei Asian Review က ဇူလိုင် ၁၄ ရက်နေ့က ရေးသားထားသည်။
အဆိုပါပမာဏမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတွင်းရှိ အထူးစီးပွားရေးဇုန် သုံးခု၏ ပြင်ပတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းဖြစ်သည်ဟု ဖော်ပြထားသည်။
သီလဝါဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏအား ၂၀၂၀ ပြည်နှစ် ဘဏ္ဍာနှစ် အရောက်တွင် ဒေါ်လာ တစ်ဘီလျံအထိ ရှိလာစေရန် မေ ျှာ်မှန်းထားသည်။
နိုင်ငံနှင့် ဒေသပေါင်း ၁၆ ခုမှ ကုမ္ဗဏီ ၇၃ ခုက သီလဝါတွင် လုပ်ငန်းများ တည်ထောင်ထားပြီး ဖြစ်သည်။ အများစုမှာ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြပြီး တစ်ဝက်ကျော်မှာ ဂျပန်များ ဖြစ်ကြသည်။
အထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဖြစ်သည့် မြေဟတ်တာ ၄၀၀ ၏ ၈၀ ရာခိုင်နှုန်းခန့်အား ရောင်းချပြီး ဖြစ်သည်။ ဟတ်တာ ၂,၄၀၀ ကျယ်ဝန်းမည့် ဒုတိယအဆင့် စက်မှုဇုန်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ယခုနှစ်အတွင်း စတင်ဆောင်ရွက်မည်ဟု ရေးသားထားသည်။
သီလဝါအထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ဆူမီတိုမိုကော်ပိုရေးရှင်း၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းနှင့် မာရူဘီနီတို့ ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းစုက တည်ဆောက်လုပ်ကိုင်ခြင်းဖြစ်ကာ မြန်မာအစိုးရနှင့် ဒေသခံ စီးပွားရေးသမားများလည်း ပါဝင်သည်။
ပြီးခဲ့သည့် စက်တင်ဘာက ဖွင့်လှစ်ခဲ့သည့် ဇုန်၏ ပထမအဆင့်က အလုပ်အကိုင် ၄၀,၀၀၀ ဖန်တီးပေးနိုင်မည်ဟု မေ ျှာ်လင့်ထားသည်။
မြန်မာနိုင်ငံတွင် တည်ထောင်နေသည့် အခြားစီးပွားရေးဇုန်များမှာ ထားဝယ်နှင့် ကျောက်ဖြူတို့ ဖြစ်ကြသည်။