သီပေါအကျဉ်းထောင်တွင် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ထိန်းသိမ်းခံထားရသည့် သတင်းသမားသုံးဦးကို သြဂုတ် ၉ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။
တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA လှုပ်ရှားနယ်မြေအတွင်း ဇွန်လကုန်ပိုင်းက ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုသတင်း သွားရောက်ယူပြီးပြန်လာကြသော DVB သတင်းဌာနမှ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနမှ ဦးသိန်းဇော်(ခ) လဝီဝမ်တို့သည် နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်၏ ဖမ်းဆီး တရားစွဲဆိုခြင်း ခံခဲ့ရသည်။
သီပေါမြို့နယ်တရားရုံးတွင် လေးကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးအပြီးတွင် ကော်မရှင်က သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။
“သူတို့တွေဟာ သတင်းထောက်တွေဖြစ်လို့ သတင်းဖြစ်တဲ့နေရာမှာ ဒီလိုသတင်းသွားယူတယ် ဆိုတာကို ပြောကြတယ်။ တပ်မတော်က သူတို့ကိုဖမ်းတော့ ကင်မရာတွေထဲမှာ TNLA က ခေါင်းဆောင်တွေနဲ့တွေ့တာ၊ အင်တာဗျူးတာတွေကို တွေ့လို့ သူတို့ကို မတရားအသင်းတွေနဲ့ ဆက်သွယ်တယ်လို့ သံသယရှိပြီး ဖမ်းတာတွေကို ပြောကြတာပေါ့” ဟု ဦးယုလွင်အောင်က ပြောသည်။
“သူတို့ကို တပ်မတော်ဘက်က ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ မရှိဘူး၊ ညှဉ်းပမ်းတာတွေ မရှိဘူး။ တစ်ခုပဲ… တပ်မတော်ဘက်က တစ်ရက် ထမင်း မကျွေးခဲ့တာ၊ တစ်ညလုံး သမံတလင်းမှာ ငုတ်တုတ်ထိုင်ခဲ့ရတာမျိုးပဲရှိတယ်” ဟု သူကပြောသည်။
၎င်းတို့သုံးဦး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း၊ အချုပ်ထောင်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု မရှိကြောင်း ဦးယုလွင်အောင်က ဆိုသည်။
အဆိုပါသတင်းသမားတို့ သတင်းသွားယူသည့် TNLA တပ်ဖွဲ့ လှုပ်ရှားနယ်မြေဖြစ်သော နမ့်ဆန်မြို့နယ်၊ မြို့သစ်မြို့သည် သာမန်ပြည်သူများ၊ အစိုးရဝန်ထမ်းများ သွားလာနေသည့်နေရာဖြစ်ကြောင်း၊ အဆိုပါ ဘိန်းတိုက်ဖျက်ရေး အခမ်းအနား ကျင်းပရာတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ အပါအဝင် လူ ၂,ဝဝဝ မျှ တက်ရောက်ခဲ့သည်ကို သိရှိခဲ့ရကြောင်း သူက ပြောသည်။
“သတင်းထောက်ကတော့ သတင်းယူတာ ဓာတ်ပုံရိုက်မှာပဲ၊ ဗီဒီယိုရိုက်မှာပဲ၊ အင်တာဗျူးတွေ လုပ်မှာပဲ။ သတင်းအလုပ် သတင်းလုပ်တာပေါ့။ အဲ့ဒီပွဲကိုသွားလို့ တရားစွဲတာဆိုရင် အဲ့ဒီပွဲတက်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေ အပါအဝင် အားလုံးကို စွဲရမှာ။ အဲဒါဆိုတော့လည်း မဟုတ်ပြန်ဘူး ဖြစ်ရတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်လို့ ဖမ်းတယ် ဆိုပြန်လည်း သတင်းထောက် သတင်းလုပ်တာ ဆိုတော့ မဟုတ်ပြန်ဘူး။ ကျနော်တို့အဖွဲ့ဝင်တွေကို တွေ့ရှိချက်တွေ တင်ပြပြီး သေသေချာချာ သုံးသပ်ပါ့မယ်။ အဲ့ဒီနောက်မှ သက်ဆိုင်ရာတွေကို ဘာဆက်လုပ်သင့်သလဲ ဆိုတာ အကြံပြုချက်တွေ ပေးပို့သွားပါ့မယ်” ဟု ဦးယုလွင်အောင်က ပြောသည်။
သတင်းထောက်သုံးဦးက သြဂုတ် ၄ ရက်နေ့တွင် အာမခံလျှောက်ထားရာ မြို့နယ်တရားသူကြီးက ပုဒ်မ ၁၇(၁) ဖြစ်ခြင်း၊ တရားစွဲခံရသူများသည် တရားရင်ဆိုင်ရန် ရန်ကုန်မှ သီပေါသို့ ခရီးဝေးလံစွာ သွားရမည်ဖြစ်ခြင်း စသည့် အကြောင်းပြချက်များဖြင့် အာမခံကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ အမှုကို သြဂုတ် ၁၁ တွင် ထပ်မံ စစ်ဆေးမည်ဖြစ်သည်။
သတင်းသမား ၃ ဦး စတင် ထိန်းသိမ်းခံရစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က သတင်းမီဒီယာလွတ်လပ်ခွင့်ကို မထိခိုက်ဟု မှတ်ချက်ပြုခဲ့သောကြောင့် သတင်းသမားများနှင့် ပြည်သူတချို့က ဝေ ဖန် ပြစ်တင်ခဲ့ကြသည်။
သတင်း- ထက်ခေါင်လင်း/Myanmar Now