နေပြည်တော်၊ ဧပြီ ၆
မစ္စတာဝမ်ရီနှင့် ဦးထင်ကျော်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
သမ္မဦးထင်ကျော်နှင့် သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြား ဝန်ကြီးဌာနတို့၏ ပြည်ထောင်စု ဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့အား တရုတ်နိုင်ငံသို့ အလည်အပတ် လာရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ခေါ်ခဲ့သည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရီနှင့်အဖွဲ့သည် ယနေ့ ညနေပိုင်းက သမ္မတ ဦးထင်ကျော်အား သမ္မတအိမ်တော်၌ လာရောက်တွေ့ဆုံကာ အစိုးရအဖွဲ့သစ်အတွက် ဂုဏ်ပြုစကားများ ပြောကြားစဉ် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
”ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကို တရုတ်ပြည်ကို အလည်လာဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားသွားပါတယ်” ဟု သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက်များကို ပြောကြားသည်။
“သမ္မတကြီးက တရုတ်ခရီးစဉ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီးတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ သွားဖို့ သတ်မှတ်မယ်လို့ ပြောပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် နှစ်နိုင်ငံကြား ရင်းနှီးမြှတ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအပြင် မစ္စတာဝမ်ရီက တရုတ် မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးကပြောသည်။
”တရုတ် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ဖို့ မှာကြားထားတယ်လို့ သူက ပြောခဲ့ပါတယ်” ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာခြင်းကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။
ထို့အပြင် နှစ်နိုင်ငံ ချစ်ကြည်ရေး ပြယုဂ်အဖြစ် နေပြည်တော်တွင် အခြားနိုင်ငံများမှ သံရုံးများ မတည်ဆောက်မီ တရုတ်သံရုံးကို အစောဆုံး တည်ဆောက်သွားမည်ဟု ဝန်ကြီးက ပြောကြားခဲ့ကြောင်း ဦးဇော်ဌေးကပြောသည်။
အစိုးရသစ် လက်ထက်တွင် ပထမဆုံး လာရောက်သည့် နိုင်ငံခြား အစိုးရတာဝန်ရှိသူ ဖြစ်သည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးသည် ဧပြီ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယနေ့ သမ္မတနှင့် မတွေ့ဆုံမီတွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတဦးထင်ကျော်အား အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ Mr. Paolo Gentiloni Silveri ဦးဆောင်သော အဖွဲ့ကလည်း ယနေ့ လာရောက် တွေ့ဆုံခဲ့သည်ဟု သိရသည်။
”မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတွေ စားနပ်ရိက္ခာ ဖူလုံရေး၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ အောင်မြင်စွာ လည်ပတ်နိုင်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရေးနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အီတလီဝန်ကြီးက ပြောပါတယ်” ဟု ဦးဇော်ဌေးကပြောသည်။
သတင်း- စိုးသန်းလင်း