ဉာဏ်လှိုင်လင်း
လစ်လပ်နေသည့် သမ္မတနေရာအား ပြန်လည်အစားထိုးရန်အတွက် ဒုသမ္မတသစ်တစ်ဦးကို ပြည်သူ့လွှတ်တော်က မနက်ဖြန် (မတ် ၂၃ ရက်နေ့) တွင် ရွေးချယ်မည်ဖြစ်သည်။
ဦးထင်ကျော်က သမ္မတအဖြစ်မှ မတ် ၂၁ ရက်နေ့တွင် နုတ်ထွက်သွားခဲ့သည့်အတွက် သမ္မတနေရာ လစ်လပ်နေခြင်းဖြစ်သည်။ ဦးထင်ကျော်အား ပြည်သူ့လွှတ်တော်က ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ဒုတိယသမ္မတတစ်ဦးကို ပြည်သူ့လွှတ်တော်က ထပ်မံရွေးချယ်ပေးရန် လိုအပ်နေခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သည့် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည်ဟု အခြေခံဥပဒေတွင် ပြဌာန်းထားသည်။
ထို့ပြင် သမ္မတနှင့် ဒုသမ္မတများ အရည်အချင်းစိစစ်ရေးအဖွဲ့အား ပြည်ထောင်စုလွှတ်တော်က မနက်ဖြန်တွင် အပြီးဖွဲ့စည်းမည်ဖြစ်သည်။
သမ္မတသစ်အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးမှ မတ် ၂၁ ရက်နေ့တွင် နုတ်ထွက်ထားသည့် ဦးဝင်းမြင့်အား အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ဖွယ်ရှိသည်ဟု သတင်းများ ပေါ်ထွက်နေသည်။
လက်ရှိတွင် ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ထားခြင်းဖြစ်ပြီး ဦးဟင်နရီဗန်ထီးယူကိုမူ အမျိုးသားလွှတ်တော်က ရွေးချယ်ထားခြင်းဖြစ်သည်။