သမ္မတကြီးနှင့် မြန်မာ့ပထမဆုံး ကွန်ပျူတာ

၁၉၇၀ ပြည့်နှစ်များတွင် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသည် မြန်မာနိုင်ငံ၏ ပထမဆုံး ကွန်ပျူတာ ထားရှိရာနေရာ ဖြစ်ခဲ့ပြီး ဦးနေဝင်း စစ်အစိုးရလက်ထက်၌ နိုင်ငံခြားတွင် သွားရောက် ပညာသင်ကြားခွင့် ရရှိခဲ့သော ကျောင်းသားအုပ်စု အနည်းငယ်၏ ကျက်စားရာနေရာ ဖြစ်ခဲ့သည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

ဦးထင်ကျော်ကို အင်န်အယ်လ်ဒီပါတီ၏ သမ္မတလောင်းအဖြစ် မတ်လ ၁၀ ရက်က လျာထားလိုက်သည်ဟု သိရှိရသောအခါ ကမ္ဘာတစ်ဝန်းမှ သတင်းသမားများသည် ဦးထင်ကျော်၏ သမိုင်းကြောင်းများကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းလာခဲ့ကြသည်။

၎င်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်မောင်းဖြစ်သည်ဟု ဖော်ပြပြောဆိုလာကြပြီး အောက်စဖို့တက္ကသိုလ်၌  စီးပွားရေးပညာ သင်ကြားခဲ့သည်ဟု မှားယွင်းပြောဆိုကာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အခြား ဦးထင်ကျော်တစ်ယောက်နှင့် အမှားမှား အယွင်းယွင်း ဖော်ပြလာကြသည့်အခါကျမှ အင်န်အယ်လ်ဒီသည် သမ္မတလောင်း ဦးထင်ကျော်၏ ကိုယ်ရေးရာဇဝင်ကို ဖေ့စ်ဘွတ်ခ်ပေါ်၌ တင်ခဲ့သည်။

ထိုကိုယ်ရေးရာဇဝင်၌ ဦးထင်ကျော်၏ ပညာရေးနှင့် နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ခဲ့သော အကြောင်းအရာများကို အဓိကဖော်ပြထားပြီး ထူးထူးခြားခြား အချက်တစ်ခု ပါဝင်ခဲ့သည်။ ယင်းမှာ ၎င်းသည် ၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ ကွန်ပျူတာ ပညာရပ်ကို လေ့လာခဲ့ပြီး လန်ဒန်ကွန်ပျူတာသိပ္ပံ တက္ကသိုလ် University of London Institute of Computer Science တွင် ပညာသင်ကြားခဲ့သည်ဟု ပါဝင်သည်။ ထို့နောက်တွင်မှ စက်မှုဝန်ကြီးဌာနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း ဆိုသည်။

ပြည်သူများ တုန့်ပြန်မှုမှာ မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်များ၌ ကွန်ပျူတာ ပညာရပ် သင်ကြားခဲ့သည်ကို ထူးခြားမှုတစ်ခုအဖြစ် ရှုမြင်ကြသည်။

မြန်မာနိုင်ငံ၏ သမ္မတသစ်သည် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန၌ ပညာသင်ကြားခဲ့သော ကျောင်းသားများထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ် ကွန်ပျူတာ ဗဟိုဌာနကို ယူနက်စကို UNESCO က အကောင်အထည်ဖော်ပေးသော ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP က ရန်ပုံငွေ ထောက်ပံ့သည့် စီမံကိန်းတစ်ခုဖြင့် တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။

ကုလမှ တာဝန်ရှိသူများ လာရောက်လေ့လာစဉ်က ကွန်ပျူတာအော်ပရေတာတစ်ဦးက ICL 1902S ကိုအသုံးပြုပြစဉ်။ ဓာတ်ပုံ - ပံ့ပိုး

ကုလမှ တာဝန်ရှိသူများ လာရောက်လေ့လာစဉ်က ကွန်ပျူတာအော်ပရေတာတစ်ဦးက ICL 1902S ကိုအသုံးပြုပြစဉ်။ ဓာတ်ပုံ – ပံ့ပိုး

ထိုစီမံကိန်းဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး ကွန်ပျူတာတစ်လုံးကို သယ်ဆောင်လာခဲ့ပြီး ကွန်ပျူတာ အမျိုးအစားမှာ International Computers Limited က ထုတ်လုပ်သော ICL 1902S mainframe ဖြစ်သည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းမှ ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်များကိုလည်း မြန်မာနိုင်ငံသို့ ရေရှည်၊ ရေတို အလည်အပတ်များ လွှတ်ပေးခဲ့သည်။

မိုက်ခရိုပရိုဆက်ဆာများနှင့် ပီစီခေါ် တကိုယ်ရည်သုံး ကွန်ပျူတာများသည် စိတ်ကူးယဉ်အဆင့်သာ ရှိသေးသော ထိုအချိန်တွင် တက္ကသိုလ် ကွန်ပျူတာ ဗဟိုဌာနနှင့် ယင်း၏ ICL 1902S ကွန်ပျူတာသည် မြန်မာနိုင်ငံ၏ သတင်းဆက်သွယ်ရေးနည်းပညာ၊ သို့မဟုတ် အိုင်စီတီကဏ္ဍတွင် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍသည် ၁၉၈၈ ခုနှစ် ဆိုရှယ်လစ်အစိုးရ ပြုတ်ကျခဲ့အပြီးတွင် တိုးတက်အောင်မြင်လာခဲ့သည်။

ထိုသို့ ထူးခြားမှုများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကွန်ပျူတာ၊ ထိုကွန်ပျူတာကို ရရှိအောင် လုပ်ဆောင်ခဲ့သူများနှင့် ထိုကွန်ပျူတာကို ကိုင်တွယ်ရန် လေ့ကျင့်သင်ကြားကြသော ဦးထင်ကျော်ကဲ့သို့သော ကျောင်းသားများသည် လူအများ၏ အာရုံစိုက်မှုကို အနည်းငယ်သာ ရရှိခဲ့သည်။ ထိုအချိန်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ဖော်ပြမှုများလည်း မရှိသလောက် နည်းပါးခဲ့သောကြောင့် ဖြစ်သည်။

ဆယ်နှစ်ကြာ အိပ်မက်

ကွန်ပျူတာ တစ်လုံးရဖို့ လှုပ်ရှားကြိုးပမ်းရာ၌ စိတ်ရှည်သည်းခံကာ စောင့်ဆိုင်းနိုင်ရန် လိုအပ်ခဲ့သည်။ ကွန်ပျူတာ အသုံးပြုနိုင်ရေး ကနဦးကြိုးပမ်းခဲ့သူ အများစုသည် နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သူများဖြစ်ပြီး ကွန်ပျူတာကို ထိတွေ့ဖူးသူများ ဖြစ်သည်။ ၎င်းတို့သည် ရန်ကုန်တွင် ICL 1902S လာရောက်တပ်ဆင်နိုင်ရန် ၁၀ နှစ်ခန့် စောင့်ဆိုင်းခဲ့ကြရသည်။

ကွန်ပျူတာ အသုံးပြုနိုင်ရန် ကြိုးပမ်းမှုသည် စီးပွားရေးတက္ကသိုလ်တွင် ၁၉၆၀ ပြည့်နှစ်များ၌ စတင်ခဲ့သည်။ ထိုစီမံကိန်းသည် ဦးနေဝင်းလက်ထက် အစောပိုင်းကာလများတွင် ရေပန်းစားခဲ့သည်။ ယင်းစီမံကိန်းဖြင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကွန်ပျူတာနှင့် ထိတွေ့ကျွမ်းကျင်ဖူးသော အဖွဲ့ဝင်များကို စုစည်းခဲ့သည်။

ထိုအချိန်တွင် အချက်အလက် စုဆောင်းတွက်ချက်မှုကို အပေါက်ဖောက်ကတ်များ၊ အချက်အလက် မှတ်တမ်းတင်စက်များဖြင့်သာ လုပ်ဆောင်နေရသေးသည်။ ယနေ့ခေတ် ကွန်ပျူတာများသည် ထိုကွန်ပျူတာများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အစိုးရဌာန အနည်းငယ်သာ ထိုကွန်ပျူတာများကို သုံးခွင့် ရရှိကြသည်။ ယင်းတို့ထဲတွင် မြန်မာ့မီးရထား၊ စီးပွားရေးနှင့် စာရင်းအင်း ဗဟိုဌာနနှင့် တပ်မတော် မော်ကွန်းတိုက်တို့ ပါဝင်သည်။ 

ဓာတ်ပုံ - ပံ့ပိုး

ဓာတ်ပုံ – ပံ့ပိုး

ထိုစီမံကိန်းကို ဦးဆောင်သူမှာ ဒေါက်တာချစ်ဆွေ ဖြစ်သည်။ သူသည် စီးပွားရေးတက္ကသိုလ်၊ သင်္ချာဌာနမှ ဌာနမှူး ဖြစ်သည်။ သူသည် အင်္ဂလန်နိုင်ငံ၊ လီဗာပူးတက္ကသိုလ်တွင် သင်္ချာဘာသာရပ်ဖြင့် ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့ ရရှိအပြီး ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

နိုင်ငံခြားတွင် ပညာသင်ကြားနေစဉ်တွင် သူသည် ပညာရေးအတွက် သုတေသန ပြုလုပ်ရာ၌ ကွန်ပျူတာများသည် မည်သို့အထောက်အကူဖြစ်သည်ကို သိရှိခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသည်လည်း သတင်းနည်းပညာ တော်လှန်ရေးတွင် ပါဝင်သင့်သည်ဟု ယုံကြည်ခဲ့သည်။ သူ၏ စီမံကိန်းကို ပညာရေးဝန်ကြီးဌာနက အထောက်အပံ့ ပေးခဲ့သည်။ သူသည် ကုလသမဂ္ဂထံမှ အကူအညီ ရရှိစေရန် ရှည်လျားထွေပြားသော လုပ်ငန်းစဉ်ကြီးကို စတင်ခဲ့သည်။

နောက်ထပ် အဓိက ပါဝင်သူတစ်ဦးမှာ ဦးစိုးပိုင် ဖြစ်သည်။ သူသည် ကွန်ပျူတာကို စွဲလန်းခဲ့သူ ဖြစ်သည်။ သူသည် အစိုးရ၏ ပညာတော်သင်ဆုအတွက် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ သူသည် စတန်ဖို့ဒ်တက္ကသိုလ်ကိုသာ တက်ရောက်ခဲ့သည်။ အကြောင်းမှာ အိစ်ကို့စ် East Coast နှင့် မစ်ဒ်ဝက်စ် Midwest တို့က အေးလွန်း၍ဖြစ်သည်။ သူနှင့်အတူ ပညာတော်သင်ဆုရသည့် သူငယ်ချင်းမှာ ဘေးဧရိယာ Bay Area တွင် ဦးလေးတစ်ယောက် ရှိသည်။

လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်တွင် ရိုးရိုးဘွဲ့နှင့် မဟာဘွဲ့များ ရရှိအပြီးတွင် ဦးစိုးပိုင်သည် ၎င်း၏ သူငယ်ချင်းများအား တက္ကသိုလ်မှ ကွန်ပျူတာဖြင့် ပရင့်ထုတ်ထားသည့်စာရွက်များနှင့်အတူ တွေ့လိုက်ရသည်။

ယင်းကို သူ စိတ်ဝင်စားသွားခဲ့ပြီး ပရိုဂရမ်ရေးဆွဲခြင်းနှင့် အချက်အလက် စုစည်းတွက်ချက်မှု data processing တို့ကို လေ့လာသင်ယူခဲ့သည်။ တက္ကသိုလ်ရှိ ကွန်ပျူတာစင်တာတွင် အော်ပရေတာအဖြစ် လုပ်အားပေး လုပ်ကိုင်ခဲ့သည်။ ထိုကွန်ပျူတာ စင်တာတွင် သူသည် အပေါက်ဖောက်ကတ်များမှ အချက်အလက်များကို တိတ်ခွေသိုလှောင်မှု magnetic tape storage အဖြစ် ပြောင်းလဲထည့်သွင်းပေးရခြင်းဖြစ်သည်။

“ကျွန်တော်တို့က စတန်ဖို့ဒ် တက္ကသိုလ်က ကွန်ပျူတာ ဘာသာရပ်မှာ ထိပ်တန်းဆိုတာ မသိခဲ့ဘူး။ အဲဒီတက္ကသိုလ် ရောက်ပြီး အမိမြေပြန်ရောက်တော့မှ သိတော့တာ” ဟု မရမ်းကုန်း မြို့နယ်ရှိ သူ့နေအိမ်တွင် Frontier နှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောပြသည်။

ရန်ကုန်နေအိမ်၌ ဦးစိုးပိုင်က Frontier ကို ရှင်းလင်းပြောပြစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်နေအိမ်၌ ဦးစိုးပိုင်က Frontier ကို ရှင်းလင်းပြောပြစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဦးစိုးပိုင်သည် ၁၉၆၃ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လာသောအခါ သူ့ကို အလုပ်ပေးမည့် ရန်ကုန်စက်မှုတက္ကသိုလ်သည် ပြီးခဲ့သောနှစ်က ဖြစ်ပွားခဲ့သော ကျောင်းသားများ ဦးဆောင်သည် ဆန္ဒပြပွဲကြောင့် ပိတ်ထားဆဲဖြစ်သည်။

“တက္ကသိုလ်ပိတ်နေတဲ့ ကာလမှာ နိုင်ငံခြားက ပြန်လာတဲ့ လူတွေက လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီးတော့ သင်ကြားပို့ချပေးရတယ်။ ဒီတော့ ကျွန်တော်က ကွန်ပျူတာနဲ့ ပရိုဂရမ်မင်းအကြောင်းကို ပြောပြတယ်။ သင်တဲ့သူ တစ်ဦးက ကျွန်တော် ပြောပြတာတွေကို ဒေါက်တာချစ်ဆွေကို သွားပြောပြတယ်” ဟု ဦးစိုးပိုင်က ဆိုသည်။

သီတင်းပတ် အနည်းငယ်ကြာသော် ဒေါက်တာချစ်ဆွေသည် ဦးစိုးပိုင်ကို ဆက်သွယ်ပြီး ၎င်းတို့၏ စီမံကိန်းတွင် ပါဝင်လိုသလော မေးသည်။ “ကျွန်တော်က ချက်ချင်းပဲ လက်ခံလိုက်တယ်။ အဲဒီအချိန်ကစပြီး စီမံကိန်းမှာ ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ကွန်ပျူတာ ရရှိဖို့ ကြိုးပမ်းခဲ့ကြတာပဲ” ဟု ၎င်းက ပြောသည်။

ဦးစိုးပိုင်သည် ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဆက်လက် လုပ်ကိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှစ၍ ကွန်ပျူတာ စီမံကိန်းအတွက် ဉာဏ်ကောင်းသော ကျောင်းသားများကို စုစည်းခဲ့သည်။ သို့သော် ယင်းကွန်ပျူတာ စီမံကိန်းသည် မျှော်လင့်ထားသည်ထက် ကြာမြင့်ခဲ့ပြီး သူစုထားသော ကျောင်းသား အများအပြားသည် အခြားနေရာများတွင် အလုပ်ရရှိသွားကြသည်။

“နှောင့်နှေးကြန့်ကြာမှုတွေက အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ တရားဝင်လုပ်ထုံးလုပ်နည်းတွေကြောင့်ပါ။ ကုလသမဂ္ဂရဲ့ ရာထူးအဆင့်ဆင့် လုပ်ငန်းစဉ်တွေကြောင့်လည်း ပါပါတယ်။ လူတိုင်းက ဒီစီမံကိန်း အောင်မြင်ဖို့ ဆန္ဒပြင်းပြနေကြတယ်” ဟု ၎င်းက ပြောသည်။

၁၉၇၃-၇၄ ခုနှစ်တွင် ထိုစီမံကိန်း၌ တစ်နှစ်ခန့် ပါဝင်လုပ်ကိုင်ခဲ့သော နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သည့် မစ္စတာ ရှယ်ဒန် ဘာ့ချက်စ် Mr Sheldon Bachus ကလည်း ကုလသမဂ္ဂသာမက မြန်မာအစိုးရ၏ ရာထူးအဆင့်ဆင့် လုပ်ငန်းစဉ်များကြောင့် စီမံကိန်း ကြန့်ကြာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ကွန်ပျူတာကို မည်သည့် အဖွဲ့အစည်းတွင် ထားရှိမည်နှင့်ပတ်သက်ပြီး စက်မှုတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့ ပြိုင်ဆိုင်မှုများလည်း ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

“ကွန်ပျူတာ ရဖို့ ၁၀ နှစ်တောင် ကြာမြင့်သွားပေမဲ့ ဒီအရေးကိစ္စတွေကို ညှိနှိုင်းဖြေရှင်းနိုင်ခဲ့တာက ပါဝင်ပတ်သက်သူအားလုံးရဲ့ ကျေးဇူးကြောင့်ပါ” ဟု ၎င်းက ဆိုသည်။

 

 

နေရာတကျဖြစ်ဖို့

၁၉၆၀ ပြည့်နှစ်များတွင် ကုလသမဂ္ဂနှင့် စတင်ညှိနှိုင်းဆွေးနွေးခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် လွှဲအပ်သော စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့ဖြင့် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနကို နောက်တစ်နှစ်တွင် တည်ထောင်နိုင်ခဲ့သည်။

အဆင့်မြင့်ပညာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသည် ကွန်ပျူတာနှင့် ၎င်း၏ ဆက်စပ်ပစ္စည်းများကို ထားရှိပေးရုံသာမက လေ့ကျင့်သင်ကြားပေးထားသော ပရိုဂရမ်မာများနှင့် အော်ပရေတာများကိုပါ မွေးထုတ်ပေးရန် တာဝန်ယူခဲ့သည်။ စီမံကိန်းဖြင့် အစိုးရဝန်ထမ်းများကိုပါ လေ့ကျင့်သင်ကြားပေးပြီး နယ်ပယ်များစွာတွင် စမ်းသပ်စီမံကိန်းများကို ဆက်လက်လုပ်ဆောင်သည်။

၁၉၇၀ ပြည့်နှစ်တွင် ဒေါက်တာချစ်ဆွေသည် ယူနက်စကိုနှင့်အတူ ပဲရစ်မြို့သို့ သွားရောက်ပြီး ရယူမည့် ကွန်ပျူတာ ပုံစံကို ရွေးချယ်ပေးရသည်။ ရွေးချယ်ရမည့် အမျိုးအစားကို IBM နှင့် ICL နှစ်ခု သတ်မှတ်ပေးခဲ့ပြီး ICL သည် မြန်မာနိုင်ငံအတွက် ပိုမိုသင့်တော်သည်။ ထိုအစီအစဉ်ဖြင့် 1902A ပုံစံကို သိပ္ပံလုပ်ငန်းများပါ လုပ်ကိုင်နိုင်ရန် 1902S အဖြစ်သို့ အဆင့်မြှင့်ပေးရန် သဘောတူညီခဲ့သည်။ 1902S တွင် floating-point processor ပါဝင်သဖြင့် တွက်ချက်မှုများကို လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်သည်။

တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန အဆောက်အအုံသစ်ကို ဆောက်လုပ်ရန် ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်း ဒီဇိုင်းအုပ်စုမှ ဗိသုကာပညာရှင်များနှင့် စတင်ဆွေးနွေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထဲတွင် သုံးထပ်အဆောက်အအုံကို ဆောက်လုပ်ခဲ့သည်။

ကွန်ပျူတာကို မြေညီထပ်တွင် ထားရှိပြီး ပထမထပ်တွင် ရုံးခန်းများ ထားရှိကာ အပေါ်ဆုံးထပ်တွင် စာကြည့်တိုက်နှင့် စာသင်ခန်းမတို့ကို ထားရှိသည်။

ICL 1902S ကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလက တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသို့ သယ်ယူစဉ်။ ဓာတ်ပုံ - ပံ့ပိုး

ICL 1902S ကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလက တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသို့ သယ်ယူစဉ်။ ဓာတ်ပုံ – ပံ့ပိုး

ဦးစိုးပိုင်သည် ဦးကိုကိုလေးနှင့်အတူ စတန်ဖို့ဒ်တက္ကသိုလ်သို့ ပြန်လည်သွားရောက်ခဲ့သည်။ ဦးကိုကိုလေးသည် အဆောက်အအုံ ဖွဲ့စည်းတည်ဆောက်မှု အင်ဂျင်နီယာ ဖြစ်ပြီး ထိုစီမံကိန်း အောင်မြင်ဖို့ အရေးပါသူတစ်ဦးလည်း ဖြစ်သည်။ အဆောက်အအုံဒီဇိုင်းဆိုင်ရာ အကြံဉာဏ်များ တောင်းခံရန် စတန်ဖို့ဒ်သို့ အတူသွားရောက်ကြခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် စတန်ဖို့ဒ် ကွန်ပျူတာစင်တာတွင် အချိန်ပိုင်း ကွန်ပျူတာ အော်ပရေတာအဖြစ် လုပ်ကိုင်ခဲ့ကြသည်။

ပညာရှင် စုဆောင်းမှုများနှင့် လေ့ကျင်သင်ကြားမှုများကို အလျင်အမြန်ပင် စတင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ ထိုစီမံကိန်းကို ဦးဆောင်ရန် ရွေးချယ်ခံရသော နိုင်ငံဝန်ထမ်းများအား အင်္ဂလန်၊ အမေရိကန်၊ သြစတြေလျ၊ ဂျပန်နှင့် အခြားနိုင်ငံများသို့ စေလွှတ်ခဲ့သည်။

နောက်တစ်နှစ်တွင် ကွန်ပျူတာ စင်တာ၌ လုပ်ကိုင်ရန် ပထမဆုံး ဝန်ထမ်းအဖွဲ့ကို ရွေးချယ်သောအခါ ဦးထင်ကျော်လည်း ပါဝင်ခဲ့သည်။ ဦးထင်ကျော်ကို လန်ဒန်မြို့ရှိ ကွန်ပျူတာသိပ္ပံတက္ကသိုလ်သို့ စေလွှတ်ပြီး ဦးစိုးပိုင်နှင့် အခြားအဖွဲ့ဝင် ဦးအောင်ဇော်တို့ကို ဆောက်သင်မ်တန် တက္ကသိုလ်သို့ စေလွှွှတ်သင်ယူစေခဲ့သည်။

ကာလီဖိုးနီးယား ဆန်တာခရုဇ် တက္ကသိုလ် University of California Santa Cruz သည် ထိုစီမံကိန်းကို ထောက်ပံ့ပေးရန် စာချုပ်တစ်ခု ရရှိခဲ့ပြီး ရန်ကုန်မြို့သို့ ကျွမ်းကျင်ပညာရှင်များကို စတင်စေလွှတ်သည်။

ထိုစီမံကိန်းကို နိုင်ငံခြားမှ ပူးတွဲဦးဆောင်ပေးသူဖြစ်သော မစ္စတာ ဟာရီ ဟာ့စ်ကီ Mr Harry Huskey သည် ကာလီဖိုးနီးယား ဆန်တာခရုဇ် တက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာန၏ ဌာနမှူး ပါမောက္ခ ဖြစ်သည်။ သူသည် ကွန်ပျူတာ ပညာရပ်တွင် နိုင်ငံတကာက အသိအမှတ်ပြု တီထွင်ဖန်တီးသူ ဖြစ်သည်။ သူသည် ပထမဆုံး အီလက်ထရွန်းနစ် ကွန်ပျူတာ ENIAC ကို ပင်ဆီဗေးနီးယားတက္ကသိုလ်တွင် လုပ်ကိုင်စဉ်က ကူညီဖန်တီးပေးသူ ဖြစ်သည်။

နောက်ဆုံးတွင် ICL 1902S ကွန်ပျူတာသည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ၌ လိုအပ်သော လေအေးပေးစက်များနှင့် အလွန်ခေတ်မီသည့် ဓာတ်အားပေးစနစ်များနှင့်အတူ ရောက်ရှိလာရာ စတင်တပ်ဆင်နိုင်ရန် ကွန်ပျူတာခန်းမသို့ ရွှေ့ပြောင်းသယ်ယူခဲ့သည်။

ICL 1902S ကို စမ်းသပ်အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင်နှင့် ကိုက်ညီသော ကိရိယာများ တပ်ဆင်ခြင်းကို ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် စတင်ခဲ့ပြီး ၁၉၇၃ ခုနှစ် မတ်လ ၈ ရက်၌ တရားဝင် ပြီးစီးခဲ့သည်။

အမေရိကန်နိုင်ငံက လပေါ်သို့ လူလွှတ်နိုင်ခဲ့အပြီး ၄ နှစ်ခန့်အကြာတွင် မြန်မာနိုင်ငံသည်လည်း ၎င်း၏ ပထမဦးဆုံး ကွန်ပျူတာကို ရရှိခဲ့သည်။

ကွန်ပျူတာ ဗဟိုဌာနမှ အတော်ဆုံး အထက်မြက်ဆုံးသူများ

ဦးသိန်းဦးသည် စာရင်းကိုင် ပညာရပ်ဖြင့် ဘွဲ့ရရှိထားပြီး ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန စီမံကိန်းတွင် ပါဝင်လိုခြင်းရှိမရှိ ကမ်းလှမ်းခံရသူ ဖြစ်သည်။

တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန၏ ဒါရိုက်တာ ဒေါက်တာချစ်ဆွေသည် ဦးသိန်းဦး တာဝန်ထမ်းနေသည့်  ရန်ကုန်မြို့ စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာခင်မောင်ကြည်နှင့် မိတ်ဆွေဖြစ်သည်။ သူတို့သည် စီမံကိန်းတွင် မည်သည့်တက္ကသိုလ်ဝန်ထမ်းများက ကွန်ပျူတာသင်တန်းအတွက် ကိုက်ညီမည် ဆိုသည်ကို တိုင်ပင်ဆွေးနွေးနေကြသည်။

ထိုအချိန်တွင် ဦးသိန်းဦးသည် ကွန်ပျူတာနှင့် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနအကြောင်း အနည်းအကျဉ်းသာ သိရှိထားသည်။ သို့ရာတွင် သူသည် ကမ်းလှမ်းလာသည့် အခွင့်အလမ်းကို ဖမ်းဆုပ်လက်ခံခဲ့သည်။

“သူတို့က ကျွန်တော့်ကို နိုင်ငံခြားကို စေလွှတ်မယ် ပြောတယ်။ အိုင်တီပညာကို သင်ယူရန် အင်္ဂလန်ကို စေလွှတ်မယ်လို့ ပြောတယ်။ ကျွန်တော်က အင်္ဂလန်မှာ ပညာသင်ကြားချင်တယ်။ ဒီတော့ လက်ခံလိုက်တယ်” ဟု ဦးသိန်းဦးက MICT Park ရှိ သူ၏ရုံးခန်းတွင် Frontier ကို ပြောကြားသည်။

အစဦးပိုင်း၌ ဦးသိန်းဦးအတွက် ခက်ခဲခဲ့သည်။ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန အဆောက်အအုံသည်လည်း တည်ဆောက်၍ မပြီးစီးသေးပေ။ ထို့ကြောင့် ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ဝင်းထဲရှိ မန္တလေးခန်းမတွင် ယာယီရုံးကို ဖွင့်လှစ်ခဲ့သည်။

ထိုနေရာတွင် ကျောင်းသားများသည် နိုင်ငံခြားသားနှင့် မြန်မာကျွမ်းကျင်ပညာရှင်များထံမှ သင်ခန်းစာများကို လေ့လာသင်ယူရသည်။ သို့သော် ဦးသိန်းဦးကမူ သူ၏ လေ့လာသင်ယူမှုကို အစပြုပြီး မကြာမီမှာပင် သူသည် အခွင့်အလမ်းများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းများတွင် သူသည် နိုင်ငံဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး သူ၏ကိုယ်ပိုင် အိုင်စီတီလုပ်ငန်း တစ်ခုဖြစ်သော Ace Data Systems ကို တည်ထောင်ခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်ထားသော စာရင်းကိုင်ဆော့ဖ်ဝဲ တစ်ခုကို ထုတ်လုပ်ခဲ့သည်။

ယနေ့တွင် သူသည် မြန်မာနိုင်ငံ အိုင်စီတီ ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း လီမိတက် Myanmar ICT Development Corporation Limited ၏ ဥက္ကဋ္ဌ ဖြစ်သည်။ မြန်မာနိုင်ငံ အိုင်စီတီ ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း လီမိတက်သည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းများတွင် MICT Park ကို တည်ထောင်ခဲ့သည်။

“အိုင်တီပညာက ကျွန်တော့်ရဲ့ အသက်မွေးအလုပ်မှာ အသုံးဝင်နိုင်မယ်လို့ ကျွန်တော်သိရှိခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်က စာရင်းကိုင် အလုပ်ကို လုပ်နေတာဆိုတော့ အိုင်တီပညာကို စာရင်းကိုင်လုပ်ငန်းမှာ အသုံးပြုနိုင်မယ်လို့ သိရှိခဲ့တယ်” ဟု ဦးသိန်းဦးက ပြောပြသည်။

တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသည် မြန်မာနိုင်ငံ၏ တတိယအဆင့် ပညာရေးစနစ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသည် အခြားတက္ကသိုလ်များမှ ထူးချွန်သော ကျောင်းသားကို ရွေးချယ်ကာ ၎င်းတို့ကို ကွန်ပျူတာနှင့်ဆက်စပ်သော ပညာရေးများကို သင်ကြားပေးသည်။

တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနမှ ကျောင်းသားများနှင့် အဖွဲ့ဝင်များသည် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် အနီးကပ် အတူတကွ အလုပ်လုပ်ဆောင်ကြပြီး မြန်မာနိုင်ငံသည် ကမ္ဘာနှင့် အဆက်ပြတ်နေချိန်၌ နိုင်ငံခြားတွင် ပညာသင်ကြားခွင့်ကို ရရှိကြသည်။

“လူတွေက ကျွန်တော်တို့ကို ခင်ဗျားက ဘယ်ကလဲလို့မေးရင် ကျွန်တော်တို့က တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနကလို့ ပြောလို့ရတယ်။ ကျွန်တော်တို့က ဒါက အလွန်ဂုဏ်ယူတယ်” ဟု ဦးသိန်းဦးက ပြောပြသည်။

၁၉၇၃ ခုနှစ် သြဂုတ်လတွင် မစ္စတာ ဘာ့ချက်စ်သည် မြန်မာနိုင်ငံတွင် တစ်နှစ်ခန့် လာရောက်သင်ကြားပေးရန် ဆန်တာခရုဇ်မှ ရောက်ရှိလာသည်။ ထိုအချိန်တွင် သူသည် အမေရိကန်သံရုံးမှ လူများမှအပ မြန်မာနိုင်ငံရှိ တစ်ဦးတည်းသော အမေရိကန်လူမျိုး ဖြစ်သည်။

မစ္စတာ ဟာရီ ဟာ့စ်ကီ(ယာ)နှင့် ရှယ်လ်ဒန် ဘာ့ချက်စ်(နောက်ဘက်) တို့က ရန်ကုန်ရှိ သူ့တို့နေအိမ်အပြင်ဘက်၌ ဓားသွေးသမား အလုပ်လုပ်နေပုံကို လေ့လာကြည့်ရှုစဉ်။ ဓာတ်ပုံ - ပံ့ပိုး

မစ္စတာ ဟာရီ ဟာ့စ်ကီ(ယာ)နှင့် ရှယ်လ်ဒန် ဘာ့ချက်စ်(နောက်ဘက်) တို့က ရန်ကုန်ရှိ သူ့တို့နေအိမ်အပြင်ဘက်၌ ဓားသွေးသမား အလုပ်လုပ်နေပုံကို လေ့လာကြည့်ရှုစဉ်။ ဓာတ်ပုံ – ပံ့ပိုး

မစ္စတာ ဘာ့ချက်စ်သည် မြန်မာနိုင်ငံသို့ မရောက်လာခင်တွင် ဆန်တာခရုဇ် ကွန်ပျူတာစင်တာတွင် ခေတ္တဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့သည်။ မစ္စတာ ဟာရီ ဟာ့စ်ကီသည် ယူနက်စ်ကို၏ ကန်ထရိုက် စာချုပ်များဖြင့် ကမ္ဘာတစ်ဝန်းတွင် ကွန်ပျူတာစနစ်များကို လိုက်လံတပ်ဆင်ပေးနေသည်။ ထိုသို့တပ်ဆင်ပေးခြင်းမှာ မြန်မာနိုင်ငံ တစ်ခုတည်းတွင် မဟုတ်ပေ။ အိန္ဒိယနှင့် နိုင်ဂျီးရီးယား နိုင်ငံများလည်း ပါဝင်သည်။ မစ္စတာ ဟာ့စ်ကီသည် ကာလီဖိုးနီးယားသို့ ပြန်ရောက်ရှိလာသောအခါ မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်းများအား ကွန်ပျူတာနည်းပညာ အသုံးပြုနည်း သင်ကြားပေးနိုင်မလားဟု မေးမြန်းခဲ့သည်။

“ကျွန်တော်ရဲ့ အဖြေကတော့ လုပ်နိုင်ပါတယ်ပေါ့” ဟု မစ္စတာ ဘာ့ချက်စ်က Frontier ကို အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

သူက ထိုကွန်ပျူတာ စီမံကိန်း ပေါ်ပေါက်လာခြင်းမှာ ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေ အိမ်ထောင်စုစာရင်း ကောက်ခံဖို့ တွန်းအားပေးသော အစီအစဉ်ကြောင့် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ လူဦးရေ အိမ်ထောင်စု စာရင်း ကောက်ခံခဲ့သည်မှာ ၁၉၄၁ ခုနှစ်က နောက်ဆုံးဖြစ်သည်။ ထိုအချိန်က အချက်အလက်များသည်လည်း ဒုတိယကမ္ဘာစစ်တွင် ပျောက်ဆုံးသွားခဲ့သည်။

ပြစ်ဒဏ်ပေးမယ့်အစား ခံစားခွင့်ပေးမယ့် a carrot rather than stick မူကိုအသုံးပြုပြီး ကုလသမဂ္ဂသည် ကမ္ဘာ့နိုင်ငံများက လူဦးရေ အိမ်ထောင်စုစာရင်း ကောက်ယူမှုတွင် ပူးပေါင်းပါဝင်ပါက ကွန်ပျူတာ နည်းပညာရပ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေများ ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည်ဟု ၎င်းက ဆိုသည်။

ဦးစိုးပိုင်က ယူနက်စ်ကိုသည် ထိုကွန်ပျူတာများကို လူဦးရေ အိမ်ထောင်စုစာရင်း ကောက်ယူရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ဆိုသည်။ သို့သော် အစိုးရက အိမ်ထောင်စု စာရင်းကောက်ယူရန် ဖြစ်သည်ဟု ဆိုထားသည်။

ကိန်းဂဏန်းများ တဒိုင်းဒိုင်းဖောက်ခဲ့ကြ

ဧပြီလတွင် ပြုလုပ်ခဲ့သော ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းသည် ICL 1902S ကွန်ပျူတာကို အသုံးပြုခဲ့သော အဓိက လုပ်ငန်းကြီး ဖြစ်သည်။ အဓိက လုပ်ဆောင်ချက် နှစ်ခုရှိသည်။ အချက်အလက်များကို ထည့်သွင်းခြင်းနှင့် စစ်ဆေးခြင်း၊ အတည်ပြုခြင်းတို့ ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီးရန် ၂ နှစ်ခန့် ကြာမြင့်သည်။

ပြင်ဆင်မှုများကို ၁၉၇၃ ခုနှစ်တွင် စတင်ခဲ့သည်။ လေ့ကျင့်ပျိုးထောင်ပေးထားသော ပရိုဂရမ်မာများ၊ ဒီဇိုင်းထုတ်လုပ်ထားသော ဆော့ဖ်ဝဲများ၊ ရရှိထားသော မှတ်ဉာဏ်၊ ဒစ်ဒရိုက်များ၊ ကတ်ရိဒါများဖြင့် စတင်ခဲ့သည်။

အချက်အလက်များ ထည့်သွင်းမှုကို သန်းခေါင်စာရင်း ကောက်ယူသည့် ရုံးချုပ်ရှိရာ မဟာဗန္ဓုလလမ်းပေါ်ရှိ ရိုးကုမ္ပဏီ အဆောက်အအုံတွင် ၁၉၇၄ ခုနှစ် မေလ၌ စတင်ခဲ့သည်။ IBM က ငှားရမ်းထားသော keypunches အခု ၁၀၀ ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနတွင် ကွန်ပျူတာကို အသုံးပြုနိုင်သော အချိန်ကို ၃ ချိန် သတ်မှတ်ထားသည်။ ညနေပိုင်းနှင့် ညပိုင်းဖြစ်သော ညနေ ၄ နာရီမှ မနက် ၈ နာရီအထိ အချိန်ပိုင်းကို သန်းခေါင်စာရင်းပြုစုချိန်အဖြစ် သတ်မှတ်ထားသည်။

ICL 1902S စက်အတွင်းသို့ စက္ကူလိပ် တပ်ဆင်နေစဉ်။ ဓာတ်ပုံ - ပံ့ပိုး

ICL 1902S စက်အတွင်းသို့ စက္ကူလိပ် တပ်ဆင်နေစဉ်။ ဓာတ်ပုံ – ပံ့ပိုး

သန်းခေါင်စာရင်း ကောက်ယူမှု တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အချိန်ကွာဟမှု များသောကြောင့် ICL 1902S ကွန်ပျူတာက အချိန်နှင့် လူအင်အား မည်မျှ သက်သာသွားစေသည်ကို ခန့်မှန်းတွက်ချက်ရန် ခဲယဉ်းခဲ့သည်။

“ဒါပေမဲ့ ကျွန်တော်တို့က ICL 1902S ကွန်ပျူတာကြောင့် အချက်အလက်တွေ မှန်မမှန် စစ်ဆေးရာမှာ ပိုမိုလွယ်ကူလာပါတယ်။ ရရှိထားတဲ့ အချက်အလက်တွေကို အစီအစဉ်တကျ စီစဉ်ရာမှာ ပိုမိုမြန်ဆန်လာပါတယ်။ တခြားကောင်းကျိုး တစ်ခုကတော့ ဇယားတွေ ပိုမိုထည့်သွင်းလာနိုင်ပြီး သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာရာမှာ ပိုမိုလွယ်ကူလာပါတယ်” ။

သန်းခေါင်စာရင်း ကောက်ယူခြင်းသည် ICL 1902S ကွန်ပျူတာကို အသုံးချသော လုပ်ငန်းဆောင်တာ အများကြီးထဲမှ တစ်ခုဖြစ်သည်။ သို့သော် ကွန်ပျူတာ၏ ပရိုဂရမ်များသည် ကွန်ပျူတာ နည်းပညာကို မိတ်ဆက်သင်ကြားပေးရန် ကိရိယာတစ်ခုအဖြစ် စီစဉ်ထားရာ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသည် ဘွဲ့လွန် ဒီပလိုမာများနှင့် မဟာတန်းသင်တန်းများကို ၁၉၇၃ ခုနှစ်တွင် စတင်မိတ်ဆက် သင်ကြားပေးခဲ့သည်။ သို့ဖြင့် အစိုးရနှင့် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနတွင် လုပ်ကိုင်သော အဖွဲ့ဝင်များသည် ကွန်ပျူတာ၏ အသုံးကျမှုကို သိရှိလာကြသည်။

ဦးစိုးပိုင်က အစိုးရဌာန အများအပြားသည် ICL 1902S ကွန်ပျူတာကို အချက်အလက် စုဆောင်းတွက်ချက်မှုအတွက် စတင်အသုံးပြုလာကြကြောင်း ပြောကြားသည်။ ထိုအထဲတွင် မြန်မာ့မီးရထား၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ပင် ပါဝင်သည်။

နေ့စဉ် မနက်ပိုင်း၌ ဘာ့ချက်စ်သည် မြန်မာအစိုးရ၏ လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးနိုင်ရန် ကွန်ပျူတာ အက်ပလီကေးရှင်းများကို ရေးဆွဲပေးသည်။ ယင်းတို့တွင် ဘတ်ဂျက် စီမံဆောင်ရွက်ရေး၊ စက်မှုလုပ်ငန်းစဉ်များကို အချိန်ဇယား ရေးဆွဲခြင်း၊ စိုက်ပျိုးရေး ရင်းမြစ်များကို စီမံခန့်ခွဲခြင်းနှင့် ဘူမိဗေဒ သုတေသန လေ့လာမှုများ ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

“ဒီ အက်ပလီကေးရှင်းတွေကို နမူနာထား လေ့လာဖို့ အသုံးပြုပြီး ညနေပိုင်းတွေမှာ ကျွန်တော်က ဘွဲ့လွန် သင်တန်းသားတွေကို ကွန်ပျူတာနည်းပညာ၊ စနစ်ပိုင်းဆန်းစစ်မှု system analysis နဲ့ ပရိုဂရမ်ရေးဆွဲမှုတွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ သင်ကြားပေးပါတယ်။ ကျွန်တော့်ကျောင်းသားတွေက ဒီအက်ပလီကေးရှင်း တစ်ခုစီကို လေ့လာသင်ယူရပါတယ်။ ဒါကို စီမံကိန်းရဲ့ တစ်နှစ်တာ ကာလအတွင်း သင်ရိုးအဖြစ် သတ်မှတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

“ICL 1902S ကွန်ပျူတာအတွက် ဖန်တီးရေးဆွဲထားတဲ့ အက်ပလီကေးရှင်းတွေနဲ့ စီမံကိန်းအရ လေ့လာသင်ယူထားတဲ့ လူငယ်ဝန်ထမ်းတွေက အစိုးရဌာနထဲမှာရှိတဲ့ ရှေ့ကျတဲ့ အရာရှိတွေနဲ့  ထိတွေ့လုပ်ကိုင်နိုင်လာပါတယ်” ဟု ၎င်းက ဆိုသည်။

“ဒါက အတော်ရယ်ရတယ်။ ကျွန်တော်တို့ မန်နေဂျာ အဆင့်တွေက အသက် ၃၀ ကျော် အရွယ်နဲ့ အကုန်လုံးကို လုပ်ဆောင်နိုင်ပြီး ကျွန်တော်တို့ရဲ့ လက်ထောက်တွေဆို ကျွန်တော်တို့ထက်တောင် ပိုငယ်ပါသေးတယ်။ ဒါက ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ တက္ကသိုလ် အုပ်ချုပ်ရေးနဲ့ အစိုးရတို့က ထောက်ပံ့ပေးတဲ့ နည်းပညာသစ်တွေနဲ့ လုပ်ဆောင်နိုင်တာပါ” ဟု ဦးစိုးပိုင်က ပြောသည်။ “ကျွန်တော်တို့က မြန်မာနိုင်ငံကို လာလည်တဲ့ ကမ္ဘာ့နာမည်ကျော် ကွန်ပျူတာ သိပ္ပံပညာရှင်တွေနဲ့လည်း ထိတွေ့ခွင့်ရတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးက လူငယ်တွေကို ဆွဲဆောင်နိုင်တယ်”

ဦးသိန်းဦးသည် အစိုးရက လုပ်ဆောင်သော စီမံကိန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရပုံကို ပြောပြသည်။ ယင်းတို့ထဲတွင် ငှက်ဖျား၊ မွေးဖွားမှု သေဆုံးမှုနှုန်း စစ်တမ်းများ၊ စာရင်းစစ်စနစ်များ ရေးဆွဲပေးခြင်းနှင့် စက်ရုံ စီမံခန့်ခွဲရေး အစီအစဉ်များ ရေးဆွဲပေးခြင်းတို့ ပါဝင်သည်။

၎င်းလုပ်ဆောင်ရသော စီမံကိန်းများတွင် မည်သည့် စီမံကိန်းက စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးလဲ ဟု မေးမြန်းကြည့်ရာ ဦးသိန်းဦးက “စီမံကိန်းတွေ အားလုံးက စိတ်လှုပ်ရှားစရာတွေချည်းပါပဲ။ ကျွန်တော်တို့က အိုင်တီပညာကို မြန်မာနိုင်ငံကို မိတ်ဆက်သယ်ဆောင်ပေးရတာလေ”ဟု ပြောကြားသည်။

“ကျွန်တော်တို့က အသက် ၂၀ တောင် မပြည့်သေးပေမဲ့ နိုင်ငံအဆင့် စီမံကိန်းတွေမှာ လုပ်ကိုင်ခွင့်ရတယ်။ ကျွန်တော်တို့က ဗဟိုဘဏ်တို့လို အဆင့်မြင့် အဖွဲ့အစည်းတွေနဲ့ လုပ်ကိုင်ရတယ်။ အထက်တန်း အရာရှိတွေနဲ့ တွဲဖက်လုပ်ကိုင်ရတယ်။

“သူတို့ကလည်း ကျွန်တော်တို့နဲ့ လုပ်ကိုင်ရတာ ပျော်မယ်ထင်ပါတယ်။ သတင်းဆက်သွယ်ရေးနည်းပညာက လူတိုင်းအတွက် အသစ်ဖြစ်နေတယ်။ သူတို့ကလည်း အိုင်တီနည်းပညာနဲ့ ဘာတွေလုပ်ကိုင်နိုင်မယ် ဆိုတာ သိချင်နေကြတယ်” ဟုဆိုသည်။

တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနအမွေအနှစ်

၁၉၇၉ ခုနှစ်တွင် အီတလီနိုင်ငံ၌ ကျင်းပသော International Federation of Automatic Control ပညာရှင်များ ဆွေးနွေးပွဲတွင် ဘာ့ချက်စ်က စာတမ်းတင်ပြခဲ့သည်မှာ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန၏ အဓိက ပြဿနာမှာ ၎င်း၏အောင်မြင်မှုပင် ဖြစ်သည်ဟု ဆိုသည်။ ကျောင်းသားများက သူတို့သည် ကွန်ပျူတာကို လိုအပ်သူ များပြားလွန်းသောကြောင့် ကွန်ပျူတာကိုင်ခွင့် မရရှိကြဘူးဟု ဆိုသည်။

သို့ဖြင့် ICL 1902S ကွန်ပျူတာကို ဒီရေ အတက်အကျ ခန့်မှန်းခြင်း၊ ဓာတ်ဆီလှောင်ကန် စိစစ်ခြင်း၊ ပိုက်လိုင်းများ စိစစ်ခြင်း၊ လျှပ်စစ် စီးဆင်းမှု ခံနိုင်အား စိစစ်ခြင်း၊ ကွန်ရက် စိစစ်ခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ခြင်း၊ သစ်တောရင်းမြစ် စိစစ်ခြင်း၊ ဆည်မြောင်းများမှ သီးနှံထွက်နှုန်းကို ခန့်မှန်းခြင်း စသည်တို့အတွက် စနစ်များ ရေးဆွဲပေးရန် အသုံးပြုခဲ့သည်။

စင်တာမှ ကွန်ပျူတာကို အသုံးပြုမှု များပြားခြင်းကို ကြည့်ရှုခြင်းအားဖြင့် စီမံကိန်း၏ အောင်မြင်မှုကို သိရှိခန့်မှန်းနိုင်သည်ဟု ဘာ့ချက်စ်က ရေးသားသည်။

တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသည် နောက်ထပ် ကွန်ပျူတာ တစ်လုံး ထပ်မံရရှိရန် ကြိုးစားခဲ့သည်။ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသို့ နှစ်စဉ် လာရောက်လည်ပတ်တတ်သော ဟာ့စ်ကီ၏ အကြံပေးချက်ဖြင့် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသည် Digital Equipment Corporation က ထုတ်လုပ်သော PDP 11/70 ကွန်ပျူတာ အသေးစား တစ်လုံးကို UNDP နှင့် UNESCO တို့၏ ရန်ပုံငွေဖြင့် ထပ်မံရရှိခဲ့သည်။

ဦးစိုးပိုင်က ထိုအချိန်တွင် အစိုးရသည် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန၏ လုပ်ငန်းဆောင်တာများကို ခွဲခြားပြီး အစိုးရဌာနများ၏ အက်ပလီကေးရှင်းများကို ကိုင်တွယ်ရန် အမျိုးသား ကွန်ပျူတာဗဟိုဌာန National Computer Center ကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ အစိုးရသည် ယင်းအတွက် ကုလသမဂ္ဂမှ ရန်ပုံငွေကို ရှာဖွေရယူခဲ့သည်ဟု ပြောကြားသည်။

ထိုအကြိမ်တွင်မူ ကုလစာရင်းအင်းရုံး၏ ကွန်ပျူတာ အကြံပေး မစ္စတာ ဂန်နာ ဘာဂရင်န် Gunnar Bergren ဦးဆောင်သော ကုလကိုယ်စားလှယ်အဖွဲ့သည် အစိုးရ၏ လျှောက်လွှာကို ပယ်ချခဲ့သည်။ ယင်းမှာ ဆိုရှယ်လစ်ခေတ် သက်တမ်းထက်ဝက်အရောက်တွင် မြန်မာအစိုးရ၏ လုပ်ကိုင်နိုင်စွမ်းနှင့် လုပ်ဆောင်ချက်များ ယိုယွင်းပျက်စီးလာမှု၏ သင်္ကေတတစ်ခု ဖြစ်သည်။

“အမျိုးသား ကွန်ပျူတာဗဟိုဌာနကို တည်ထောင်လိုက်ပေမဲ့ စီမံကိန်းက တွက်ချက်လုပ်ကိုင်နိုင်ဖို့ လုံလောက်တဲ့ အချက်အလက်တွေကို မရရှိနိုင်ဘူး” ဟု ဦးစိုးပိုင်က တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန၏ သမိုင်းကြောင်း ဆိုင်ရာစာတမ်းတစ်ခုတွင် ဖော်ပြထားသည်။

“စီမံကိန်းကလည်း ပါဝင်တဲ့ အဖွဲ့အစည်းတွေဘက်က သဘောတူညီမှု တစ်ခုမှ မရဘဲ အဆုံးသတ်သွားခဲ့တယ်။ မစ္စတာ ဘာဂရင်န်က မြန်မာနိုင်ငံကို ထပ်မံလာရောက်လည်ပတ်နေပေမဲ့ ဘာသဘောတူညီချက်မှ မရရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ အစိုးရက မစ္စတာ ဘာဂရင်န် လာရောက်လည်ပတ်တာကို ပိတ်ပင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရက တစ်ဦးတည်းသာ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ဆက်လက်လာရောက် လည်ပတ်နေသော ဟာ့စ်ကီ၏ အကူအညီ တစ်ခုတည်းဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဦးစိုးပိုင်က ဆုံးဖြတ်ပြီး ထပ်မံဝယ်ယူသော ကွန်ပျူတာသည် Cromenco microcomputer ဖြစ်သည်။ ယင်းတွင် Z80 microprocessor ပါဝင်ပြီး မမ်မိုရီမှာ 64 kb ဖြစ်သည်။ ယင်းတွင် ၈ လက်မ ဖလော့ပီဒစ်များ ထည့်နိုင်သော ဒရိုက်ဗ်များ ပါဝင်သည်။

ထိုကွန်ပျူတာများကို အစိုးရဌာနများသို့ မျှဝေပေးပြီး နောက်ပိုင်းတွင် IBM နှင့်ကိုက်ညီသော ကွန်ပျူတာများနှင့် အစားထိုးခဲ့သည်။ ၁၉၈၈ ခုနှစ် မတ်လတွင် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနကို အသစ်တည်ထောင် လိုက်သော ကွန်ပျူတာသိပ္ပံနှင့် နည်းပညာတက္ကသိုလ်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန၏ အမွေအနှစ်များကို ယင်း၏ ကျောင်းသားတစ်ဦးဖြစ်သည့် ဦးသိန်းဦးကို ကြည့်ရှုခြင်းဖြင့် ယနေ့တိုင် ခံစားသိရှိနိုင်သေးသည်။ ဦးသိန်းဦးသည် အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်ထားရုံသာမက Myanmar Computer Professionals Association နှင့် Myanmar Computer Federation တို့တွင် အထက်တန်း ရာထူးများကို ရယူထားသူ ဖြစ်သည်။

“မြန်မာနိုင်ငံမှာ အိုင်စီတီက တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနနဲ့ အစပြုခဲ့တာပါ။ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနက လုပ်နိုင်စွမ်းတွေကို တည်ထောင်ပေးခဲ့တာပါ။ ဒီရည်ရွယ်ချက်အတွက်ပဲ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနကို တည်ထောင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ဦးစိုးပိုင်က ဦးသိန်းဦး၏ ပြောစကားကို ထောက်ခံသည်။ “ICL 1902S ကြောင့် လူတွေက ကွန်ပျူတာကို စိတ်ဝင်စားသွားကြတယ်။ ဒါပေမဲ့ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနရဲ့ လုပ်ဆောင်ချက်ကြောင့် နိုင်ငံက အိုင်တီပညာ ဖွံ့ဖြိုးသွားလာခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

“တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနသင်တန်းကျောင်းရဲ့ ပတ်ဝန်းကျင်က အလွန်ကောင်းမွန်ပါတယ်။ ကျွန်တော်တို့က ကျောင်းသားတွေကို အမှန်တကယ် စေ့ဆော်မှု ပေးနိုင်ခဲ့ပါတယ်။ သူတို့က စေ့ဆော်မှု ကောင်းမွန်လွန်းလို့ ညဘက်သင်တန်းပြီးရင်တောင် အိမ်မပြန်ဘဲ သင်ထားတဲ့ သင်ခန်းစာတွေကို စမ်းသပ်ကြပါတယ်” ဟု ဆိုသည်။

ဦးစိုးပိုင်က တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနမှ မဟာတန်းကျောင်းသားများ၏ ဓာတ်ပုံတွင် နောက်တန်းမှ သမ္မတဦးထင်ကျော်ပုံကို ပြသစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဦးစိုးပိုင်က တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနမှ မဟာတန်းကျောင်းသားများ၏ ဓာတ်ပုံတွင် နောက်တန်းမှ သမ္မတဦးထင်ကျော်ပုံကို ပြသစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဦးစိုးပိုင်အတွက်မူ တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာနတွင် လုပ်ကိုင်ခဲ့ရမှုသည် သူ၏ ဘဝတစ်လျှောက်လုံး ကွန်ပျူတာနှင့် ဆက်နွယ်နေစေရန် ဖြစ်ခဲ့သည်။ ၁၉၈၀ ပြည့်ုနှစ်တွင် ဦးစိုးပိုင်သည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး ကုလအကြံပေးအဖြစ် ကမ္ဘာအနှံ့ လျှောက်သွားနေခဲ့သည်။

“ဒီစီမံကိန်းကို လုပ်ကိုင်နိုင်တဲ့ ရာထူးတစ်ခု ရရှိထားတဲ့အတွက် ကျွန်တော် ကံကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်က ဒီစီမံကိန်းကို လုပ်ကိုင်ခဲ့ရပြီး မြန်မာနိုင်ငံမှာ ကွန်ပျူတာ ယဉ်ကျေးမှုတစ်ခု ထူထောင်ပေးနိုင်လို့ အခုထိ ဂုဏ်ယူနေဆဲပါ။

“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အလုပ်ကို လုပ်ပေးခဲ့ပြီးပြီ။ အခု အစိုးရက ဌာနတွေမှာ ကွန်ပျူတာကို တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့ပဲ လိုတော့တယ်။ အခုထိ ကျွန်တော်တို့ မလုပ်နိုင်သေးတာ တွေ့ရတယ်။ ပြည်သူတွေ ကောင်းကျိုးအတွက် အစိုးရဌာနတွေမှာ ကွန်ပျူတာတွေကို အသုံးပြုဖို့ အချိန်ကျပါပြီ” ဟု ၎င်းက ဆိုသည်။

ယင်းကွန်ပျူတာများ ယခု ဘယ်ရောက်နေပြီနည်း။ ဦးသိန်းဦးနှင့် ဦးစိုးပိုင်တို့၏ ပြောကြားချက်အရ ရန်ကုန် နည်းပညာ တက္ကသိုလ်ဝင်းအတွင်းရှိ ယခင် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန အဆောက်အအုံ၏ စတိုခန်းထဲတွင် ရှိသေးသည်ဟု ဆိုသည်။

“ဒီကွန်ပျူတာတွေက သမိုင်းတန်ဖိုး ရှိတာကြောင့် အတည်တကျ နေရာတစ်ခု ရှာဖို့လိုပါတယ်။ MICT Park ထဲက အဓိက အဆောက်အအုံရဲ့ ဧည့်ခန်းထဲမှာ အလှ ပြသထားသင့်တယ်” ဟု ဦးစိုးပိုင်က ဆိုသည်။

သင်တို့ သိထားတာမျိုးမဟုတ်သည့် ကွန်ပျူတာ

ICL 1902S ကွန်ပျူတာသည် သင်၏ အိမ်နှင့် ရုံးခန်းတွင်ရှိသော ကွန်ပျူတာမျိုးတော့ မဟုတ်ပေ။ 24 bit processor သည် မမ်မိုရီ 150 kb နှင့် ညီမျှသည်။ အပိုပစ္စည်းများပါ ပါဝင်မည်ဆိုပါက ထိုကွန်ပျူတာသည် တက္ကသိုလ်များ ကွန်ပျူတာ ဗဟိုဌာန အဆောက်အအုံ၏ မြေညီထပ် ထက်ဝက်ခန့် နေရာယူမည် ဖြစ်သည်။ အခန်း၏ ကြမ်းပြင်ကို အနည်းငယ် မြှင့်ထားပြီး ကြမ်းပြင်အောက်တွင် ကွန်ပျူတာ၏ ကြိုးများကို ထားရှိရသည်။

ထိုကွန်ပျူတာသည် အလွန်ကြီးမားပြီး လုပ်ငန်းလုပ်ဆောင်ရာတွင် နှေးကွေးလွန်းသည့်အပြင် ယနေ့ခေတ် ကွန်ပျူတာများနှင့် လုံးဝကွဲပြားသော အချက်မှာ အချက်အလက် ထည့်သွင်းသည့် နည်းစနစ် ဖြစ်သည်။ ယနေ့ခေတ်ကဲ့သို့ မောက်စ်နှင့် ကီးဘုတ်များ မပါဝင်ဘဲ ထိုကွန်ပျူတာသည် အပေါက်ဖောက်ကတ်များကို အသုံးပြုသည်။ ထိုကတ်များကို card reader က ဖတ်ရှုရသည်။

အပေါက်ဖောက်ကတ် တစ်ကတ်စီတွင် ဒေါင်လိုက်အတန်း ၈၀ ခု ပါဝင်ပြီး အလျားလိုက် အတန်း ၁၂ ခု ပါဝင်သည်။ ဒေါင်လိုက်အတန်း တစ်ခုစီကို အပေါက်ဖောက်လိုက်လျှင် အက္ခရာ တစ်လုံးစီ ရရှိသည်။ ထိုသို့ဖြင့် ကတ်တစ်ကတ်သည် အက္ခရာ အလုံး ၈၀ ကို ထည့်သွင်းနိုင်သည်။ ရေးဆွဲထားသော ပရိုဂရမ် တစ်ခုအတွက် ကတ်များစွာ လိုအပ်သည်။

လုပ်ငန်းစဉ်ကို မြန်ဆန်စေရန် အသုံးပြုသူများသည် ၎င်းတို့၏ ပရိုဂရမ်များနှင့် အချက်အလက်များကို coding sheets များပေါ်တွင် ရေးသားရသည်။ ထို့နောက် coding sheets များကို keypuncher များကို ပေးအပ်ရသည်။ အမှားတစ်ခု လုပ်မိပါက coding sheet ရော punch card ပါ အသစ်ပြန်လည် ရေးသားရသည်။ ICL 1902S ကွန်ပျူတာတွင် ပါဝင်သော card reader က တစ်မိနစ်လျှင် ကတ်ပေါင်း ၈၀၀ ခန့်ကို ဖတ်ရှုနိုင်သည်။

ကွန်ပျူတာ တစ်ခုစီအတွက် သီးခြား အော်ပရေတာ တစ်ဦးစီ ထားရှိသည်။ ထိုသူက ကွန်ပျူတာ teletype ဖြင့် ချိတ်ဆက်ပြီး ဆော့ဖ်ဝဲကို ရွေးချယ်သည်။ ယင်းဆော့ဖ်ဝဲအတွက် ဆော့ဖ်ဝဲဘာသာစကားကို ရွေးချယ်ပြီး ဒစ်ဒရိုက်ဗ်များကို လဲလှယ်အသုံးပြုသည်။

ကွန်ပျူတာတွင် ရွှေ့ပြောင်းနိုင်သည့် ကြီးမားသော ဒစ်ဒရိုက်ဗ် နှစ်ခု ပါဝင်သည်။ နောက်ပိုင်းတွင် အခြားဒစ်ဒရိုက်ဗ် နှစ်ခု ထပ်မံရရှိခဲ့သည်။ “ဒရိုက်ဗ်တစ်ခုက ပန်းကန်ဆေးစက် အရွယ်အစားလောက်ရှိတယ်။ အခုဆိုရင်တော့ ဒါတွေက ရယ်စရာကောင်းနေတယ်။ ဘာလို့လဲဆိုတော့ ဒီကြီးမားတဲ့ ဒစ်ဒရိုက်တွေက ၈ မဂ္ဂါဘိုက်ပဲ ထည့်သွင်းနိုင်တယ်။ ဒီ ဒစ်ဒရိုက်ဗ်တွေကို ယာယီအချက်အလက် သိုလှောင်ဖို့နဲ့ ဆော့ဖ်ဝဲအတွက်ပဲ သုံးတယ်။ အမှန်တကယ် သိုလှောင်မယ့် အချက်အလက်တွေကို ကတ်တွေနဲ့ တိတ်ခွေတွေပေါ်မှာပဲ သိမ်းဆည်းတယ်” ဟု ဦးစိုးပိုင်က ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ICL 1902S ၏ဗဟိုယူနစ်ကို ၁၉၇၂ ဒီဇင်ဘာလက တပ်ဆင်နေစဉ်။ ဓာတ်ပုံ – ပံ့ပိုး

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar