နေပြည်တော်၊ မတ် ၁၅
မွန်ပြည်နယ်က တံတားတစ်စင်းအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့ အဆိုကို တင်သွင်းတဲ့ အဆိုရှင် လွှတ်တော်အမတ် ဒေါ်မိကွန်ချမ်းရဲ့ဖခင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖြစ်သူ မွန်လူမျိုး နိုင်သက်လွင်က ဒီလို အဆိုတင်သွင်းတဲံကိစ္စဟာ သင့်တော်မှုမရှိဘူးလို့ Frontier ကို ပြောပါတယ်။
“မသင့်တော်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက်ရော လူမျိုးအချင်းချင်း မုန်းတီးမှုလည်း ဖြစ်တယ်။ အဲဒီလိုဟာမျိုးတွေက ဒီလွှတ်တော်ထဲလာပြီးတော့ တင်သွင်းအနိုင်ယူတာ မသင့်တော်ဘူး။ မဖြစ်သင့်ဘူး။ ဒီလိုအနိုင်ယူတာ လူပြိန်းတွေ အနိုင်ယူတဲ့ပုံစံမျိုး”လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အားလပ်ချိန်မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် သူက ပြောလိုက်တာပါ။
“အဆိုသွင်းတဲ့သူက ငါ့သမီးဖြစ်နေတော့ပိုဆိုးတယ်”လို့လည်း အဆိုရှင် မွန်ပြည်နယ်၊ ပေါင်မဲဆန္ဒနယ် အမတ် ဒေါ်မိကွန်ချမ်းရဲ့ ဖခင် နိုင်သက်လွင်က မှတ်ချက်ပြုပါတယ်။
ပြည်သူ့လွှတ်တော်က တံတားအမည်ကို ဒီလိုသတ်မှတ်တဲ့အပေါ် မတ် ၁၉ ရက်နေ့မှာ ကျရောက်မယ့် မွန်ပြည်နယ်နေ့မှာ လူသောင်းချီပါဝင်တဲ့ ဆန္ဒပြပွဲကို မော်လမြိုင်မှာ ကျင်းပပြီး တုံ့ပြန်ဖို့ မွန်တိုင်းရင်းသား ၉၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့ သံလွင်တံတား(ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒဖော်ထုတ်ရေးကော်မတီက စီစဉ်နေပါတယ်။
တိုင်းရေးသားရေးရာဝန်ကြီး နိုင်သက်လွင်ကတော့ ပြည်ထောင်စုအစိုးရနဲ့ ကန့်ကွက်သူတို့ အကြားညှိနှိုင်းပေးဖို့ ကိစ္စဟာ သူ့ဝန်ကြီးဌာနရဲ့ အလုပ်မဟုတ်တဲ့အတွက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။
“လူတွေက ဒီမိုကရေစီတစ်ပိုင်း၊ တစ်ပျက်ရပြီဆိုတော့ ကိုယ့်အမြင်ကို ပြောကြတာပေ့ါ၊ နိုင်ငံရေးသမားက တစ်မျိုးပြောမယ်။ အမြတ်ထုတ်ချင်တဲ့သူတွေက တစ်မျိုးပြောမယ်။ ဘုန်ကြီးသွားမေးရင် တစ်မျိုးပြောမယ်။ သမိုင်းဆရာတွေမေးရင် တစ်မျိုးပြောမယ်။ အမျိုးသားစိတ်ဓာတ်ပြင်းတဲ့လူက တစ်မျိုးပြောမယ်။ တစ်ချို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းလို့ပြောမယ်။ တစ်ယောက်တစ်မျိုး ပြောကြမှာပဲ။ ဒေသခံနဲ့ အစိုးရ ပြေပြေလည်လည် စီစဉ်လိုက်ရင်ပြီးတာပဲ”လို့ နိုင်သက်လွင်ကပြောပါတယ်။
သံလွင်မြစ်ပေါ်ကဖြတ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ ဒီတံတားဟာ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ နာမည်ပေးတဲ့ ပထမဆုံးတံတားဖြစ်လာမှာပါ။ ဒါ့အပြင် ပြည်နယ် တစ်ခုမှာရှိတဲ့ တံတားတစ်စင်းရဲ့နာမည်ကို သတ်မှတ်ဖို့ ပြည်သူ့လွှတ်တော်အဆင့်မှာ ပထမဆုံးအကြိမ် ဆွေးနွေး ဆုံးဖြတ်ခဲ့ရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။
နိုင်သက်လွင်ကတော့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းဆုံးဖြတ်တဲ့ကိစ္စအပေါ် “နိုင်ငံရေးပဲ အမြတ်ထုတ်သလား။ သိက္ခာပဲကျသလား၊ ဘယ်သူက တွန်းလိုက်လဲမသိဘူး”လို့ မှတ်ချက်ပြုပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း