၂၀၂၁၊ ဖေဖော်ဝါရီ၂၅ရက်က တက္ကသိုလ်ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ်တွင် စစ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြစဉ် ရိုက်ကူးထားခြင်းဖြစ်သည်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

“သမိုင်းက အစ်မတို့ကို ထာဝရပိုင်တယ်”၊ နိုဘယ်လ်အေးကို အောက်မေ့သတိရခြင်း

ချုပ်နှောင်ခံရစဉ် ထွက်ပြေးတယ်လို့စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနိုဘယ်လ်အေးကို ပစ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ၊ ရဲဘော်၊ ရဲဘက်တွေကတော့ အာဏာရှင်စနစ် အဆုံးသတ်တိုက်ပွဲနွှဲရင်း အသက်ပေးခဲ့သူတစ်ဦးအဖြစ် အစဉ် အောက်မေ့သတိရနေပါတယ်။

ဟိန်းသာ ရေးသားသည်။

သူ့ မိဘတွေက နာမည်လှလှလေးရွေးတတ်ကြပါတယ်။ သူ့ကို နိုဘယ်လ်အေးလို့ နာမည်ပေးပြီး သူ့ ညီမကိုတော့ နိုက်တင်ဂေးလ်လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။ နိုဘယ်ဆုမူပိုင်ရှင် Alfred Nobel နဲ့ သမိုင်းဝင် ကမ္ဘာ့ကရုဏာဆုရှင် သူနာပြု Florence Nightingale တို့ရဲ့နာမည်တွေကိုယူပြီး မိဘတွေက သူတို့ညီအစ်မနှစ်ယောက်ကို အခုလို နာမည်ပေးခဲ့ကြတာပါ။

ဒါပေမဲ့ စနစ်ကြီးက သူတို့ကို မျက်နှာသာမပေးခဲ့ပါဘူး။ ကျောင်းနေရွယ်ရောက်တော့ ခရစ်ယာန်နာမည်တွေဖြစ်နေလို့ စစ်အစိုးရကျောင်းက နာမည်ပြောင်းခိုင်းပါတယ်။ မိဘတွေက မနိုဘယ်လ်အေးအစား မနှင်းမေအောင်လို့ နာမည်ပြောင်းခဲ့ရပါတယ်။ လူအများကတော့ သူ့ကို မနိုဘယ်လ်အေးဆိုတဲ့နာမည်နဲ့ပဲ အစဉ်အမြဲ အမှတ်ရနေကြမှာပါ။ အာဏာရှင်ဆန့်ကျင်ရေးသမိုင်းတစ်လျှောက်မှာ အရဲရင့်ဆုံး အမျိုးသမီးနိုင်ငံရေးသမားတွေထဲက တစ်ဦးအဖြစ်သာမက ဂုဏ်သိက္ခာအရှိဆုံး နိုင်ငံရေမျိုးဆက်သစ်တွေအနက်က တစ်ဦးအဖြစ် သူ့ကို အမြဲအမှတ်ရနေကြမှာပါ။

အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ ပါဝင်သူအများအပြားလိုပဲ မနိုဘယ်လ်ရဲ့ဘဝဟာ ရင်နင့်ဖွယ် အဆုံးသတ်ခဲ့ရပါတယ်။ ဖေဖော်ဝါရီလမှပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းက တစ်နေရာမှာ စစ်ကောင်စီတပ်သားတွေဟာ သွေးသံတရဲရဲဖြစ်နေတဲ့ မနိုဘယ်လ်ကို မြေကြီးပေါ် ဒရွတ်တိုက်ဆွဲခေါ်သွားကြပြီး သစ်ပင်တစ်ပင်အောက်အရောက်မှာ ပစ်ခတ်၊ သတ်ဖြတ်လိုက်ကြောင်း မျက်မြင်သက်သေတစ်ဦးကို ကိုးကားပြီး မောင်ဖြစ်သူ ကိုထက်မြက်က ဖရွန်းတီးယားကို ပြောပါတယ်။ သူ့သေဆုံးမှုကို စစ်ကောင်စီက တရားဝင်အတည်ပြုထားခြင်းမရှိသေးသလို မိသားစုကို သူ့ရဲ့ကြွင်းကျန်ရုပ်လောင်း ပြန်လည်ပေးအပ်ခြင်း မရှိသေးပါဘူး။

မြင့်မြတ်သော စမှတ်များ

မနိုဘယ်လ်အေးကို ၁၉၇၅၊ အောက်တိုဘာ၊ ၁၁ရက်၊ စနေနေ့မှာ မွေးပါတယ်။ မွေးချင်းလေးယောက် အနက်အကြီးဆုံးပါ။ မြန်မာအယူအဆအရ အကြီးဆုံးသမီးက စနေနံဆိုတော့ မိသားစုထဲမှာ ခေါင်းအမာဆုံးနဲ့ ထိန်းရအခက်ဆုံးပေါ့။ ဖခင်ဖြစ်သူ ဦးသက်ထွန်းအောင်ဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ အတော်အသင့်ချမ်းသာတဲ့ လယ်ပိုင်ရှင်ဖြစ်ပေမဲ့ ၁၉၆၂နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တော်လှန်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့ပါတယ်။ ၁၉၇၀မတိုင်ခင်မှာ ထောင်ကျပြီး ကျန်းမာရေးဆိုးဝါးတဲ့အထိ နှိပ်ကွပ်ခံခဲ့ရပါတယ်။

ထောင်ကပြန်ထွက်လာတဲ့နောက် မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းနဲ့ အိမ်ထောင်ကျပြီး ၁၉၇၀ကျော်ကာလတွေမှာ ရန်ကုန်မှာအခြေချပြီး သူတို့ညီအစ်မနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ ၁၉၈၈နောက်ပိုင်း ဒေါ်အေးမြင့်သန်းဟာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားဒီကရေစီ အဖွဲ့ချုပ်ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးအဖြစ် နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာခဲ့ပါတယ်။ ယခင်စစ်အာဏာရှင်ဟောင်း ဦးသန်း‌ရွှေရဲ့ နိုင်ငံရေးဖိနှိပ်မှုဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေးသမားတွေထဲက တစ်ဦးပေါ့။ နောက်ပိုင်း ဖခင်ဖြစ်သူ ဦးသက်ထွန်းအောင်ဟာ ကွယ်လွန်တဲ့အထိ သာသနာ့ဘောင်မှာ မွေ့ပျော်ခဲ့ပါတယ်။

မနိုဘယ်လ်မှာ မောင်နှမသုံးယောက်ရှိပြီး မိန်းကလေးတစ်ဦးနဲ့ ယောက်ျားလေးနှစ်ဦးပါ။ သူတို့မောင်နှမတွေအားလုံးဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေတဲ့အတွက် ဒီဆောင်းပါးမှာ မနိုဘယ်လ်ကလွဲလို့ ကျန်မွေးချင်းသုံးဦးရဲ့ အသေးစိတ်အချက်တွေကို လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိပါဘူး။

သူတို့မိသားစုဟာ မြန်မာနိုင်ငံရဲ့ မြောက်မြားစွာသော စံပြနိုင်ငံရေးမိသားစုတွေထဲက တစ်စုဖြစ်ပါတယ်။ သူတို့ မိသားစုဇာတ်ကြောင်းကို ပြန်ပြောင်းပြောရမယ်ဆိုရင် စစ်အစိုးရခေတ်အဆက်ဆက်မှာ ဖိနှိပ်ဖြိုခွင်းခံရလို့ စုတ်ပြတ်ကြေမွသွားတဲ့ အတိုက်အခံနိုင်ငံရေးဘဝရဲ့ သရုပ်သကန်ပါပဲ။ နိုင်ငံချစ်စိတ်နဲ့ မိသားစုကို အထိမခံတတ်တဲ့ နိုင်ငံရေးဘဝကို အဖွဲ့အနွဲ့မပါ မီးမောင်းထိုးပြနေတဲ့ ဘဝပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။

၁၉၈၈မတိုင်ခင် နှစ်တွေဟာ မနိုဘယ်လ်တို့ မိသားစုအတွက်တော့ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာအကောင်းဆုံး နေ့ရက်တွေပါပဲ။ အာဏာရှင်စနစ်အမုန်းဓာတ်ခံရှိတဲ့ သူတို့မိသားစုဟာ ၁၉၈၈လူထုအရေးတော်ပုံမှာ ဖိနှိပ်ခံ ပြည်သူလူထုနဲ့ ကျောနဲ့ရင်ကပ် ခွဲမရအောင်ချပ် ဆိုသလို တစ်သားတည်းရှိခဲ့ပါတယ်။ မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းဟာ ရပ်ကွက်က လေးစားရတဲ့ ကျောင်းဆရာမတစ်ဦးပါ။ ၁၉၈၈၊ လူထုအရေးတော်ပုံအတွင်း သူတို့ရဲ့ မိသားစုအိမ်လေးဟာ အာဏာပိုင်တွေလက်က ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ဆန္ဒပြကျောင်းသား၊ လူငယ်တွေအတွက် ပုန်းခိုရာ သက်ကယ်ရိပ်မြုံလေးပါပဲ။ ဒါအပြင် စစ်တပ်ကို လက်နက်ကိုင်တော်လှန်လိုတဲ့ ကျောင်းသား၊ လူငယ်တစ်ချို့အတွက်လည်း မြို့ပြကိုမနှုတ်ဆက်ခင် ခရီးတစ်ထောက် လျှို့ဝှက်နားခိုရာ တာထွက်မြေလည်း ဖြစ်ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ နှစ်၃၀ကျော်က ဒီအဖြစ်အပျက်တွေကို မနိုဘယ်လ်ရဲ့မောင် ကိုထက်မြက်က လွမ်းဆွတ်သတိယစွာနဲ့ ပြန်ပြောပြနေတာပါ။ အသက်၄၁နှစ်ရှိပြီဖြစ်တဲ့ ကိုထက်မြက်ဟာ မွေးချင်းတွေအနက် တတိယ‌မြောက်ဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နေထိုင်ပါတယ်။ လူအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဟောပြောပို့ချနေတဲ့ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။

“ဆန္ဒပြကျောင်းသားတွေက ကျနော်တို့အမေကို သူတို့အမေလို လေးစားပြီး ချစ်ခဲ့ကြတယ်။ ကျနော်တို့ မောင်နှမတွေက မြေအောက်တော်လှန်ရေးနဲ့ အဲဒီအချိန်ကတည်းက လက်ပွန်းတတီးရှိခဲ့ကြတာပဲ။ အဲဒီအချိန်မှာ အစ်မကြီး (နိုဘယ်လ်အေး)က အမေ့ရဲ့ အနီးကပ်ဆုံး၊ အားအကိုးရဆုံး သမီးကြီးပေါ့” လို့ ကိုထက်မြက်က ပြောပါတယ်။ သူတို့ မိသားစုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းတစ်လျှောက် တစ်ထောင့်တစ်နေရာက ပါဝင်နေကြောင်းကို ပြန်ပြောင်းပြောဆိုနေတာပဲဖြစ်ပါတယ်။

၁၉၉၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကာလမှာ အထက်တန်းကျောင်းသူအရွယ်သာရှိသေးတဲ့ မနိုဘယ်လ်ဟာ ပင်နီအင်္ကျီနဲ့ ယောထမီဝတ်ပြီး မိခင်ဒေါ်အေးမြင့်သန်းနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပေမဲ့ ဒီချုပ်ပါတီကို စစ်တပ်က နိုင်ငံရေးအရ ရှုံးညှစ်ညစ်ပြီး အာဏာမလွှဲပေးတဲ့အခါ ပါတီအမာခံတွေနည်းတူ မနိုဘယ်လ်တို့ မိသားစုဟာ စစ်တပ်က မရိုးသားတဲ့အကြောင်း ပြည်သူလူထုကို တပ်လှန့်ရာမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ နောက်ပိုင်း မနိုဘယ်လ်ဟာ ၁၉၉၀၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်စုဖွဲ့ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ  – စီအာပီပီ ( CRPP – Committee Representing the People’s Parliament) ကို ထောက်ခံဖို့ဆန္ဒမဲတွေ လိုက်လံစုဆောင်းတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ နအဖစစ်အစိုးရက ဒီကော်မတီဝင်တွေကို နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ဒါအပြင် မနိုဘယ်လ်ဟာ ၁၉၉၆၊ ဒီဇင်ဘာမှာဖြစ်ခဲ့တဲ့ ကျောင်းသားအရေးခင်းအတွင်း သူနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်က စံပြဈေးလို လူစည်ကားရာအရပ်မှာ စစ်တပ်ဆန့်ကျင်ရေး စာရွက်စာတမ်းတွေ ဖြန့်ဝေရာမှာပါဝင်ခဲ့ပြီး အာဏာပိုင်တွေ အကြီးအကျယ် မျက်စိစပါးမွေးစူးခဲ့တဲ့ တက်ကြွလှုပ်ရှားသူ၊ ကျောင်းသူလေးဖြစ်ခဲ့ပါတယ်။

နောင်နှစ်နှစ်အကြာ ၁၉၉၈၊ တစ်ခုသောရက်မှာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်ကားတွေ သူတို့အိမ်ရှေ့ ရုတ်ချည်းရောက်ချလာပြီး မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းကို ဘာအကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးသွားပါတယ်။ နောက်တစ်ပတ်အကြာမှာ အဲဒီစစ်သားတွေထပ်ရောက်လာပြီး မနိုဘယ်လ်ကို ဖမ်းသွားပါတော့တယ်။ အဲဒီအချိန်မှာ သူက ၂၁နှစ်အရွယ် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်နေပါပြီ။ သူဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှာ အဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံ့အရေး၊ ကျောင်းသားအရေးတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေချိန်ဖြစ်ပါတယ်။ ညဉ့်သန်းခေါင်ကြီး နေအိမ်ကို စစ်သားတွေ ဝင်ရောက်ရှာဖွေ၊ စီးနင်းတဲ့မြင်ကွင်းကို အစ၊ အဆုံးမြင်ခဲ့ရပြီး အခုထက်ထိတိုင် “မမေ့နိုင်”တာက ကိုထက်မြက်ပါ။

“မီးတွေကလည်း ပျက်နေတယ်။ စစ်ထောက်လှမ်းရေးက ရန်ပိုင်ဆိုတဲ့လူတစ်ယောက် သူ့ကိုယ်သူ မိတ်ဆက်တယ်။ သူတို့က ဓာတ်မီးတွေနဲ့ ကျနော်တို့အိမ်ထဲကိုဝင်ပြီး မွှေနှောက်ရှာဖွေတော့တာပဲ”လို့ ကိုထက်မြက်က ပြောပါတယ်။ မြေလှန်ရှာပြီးသိပ်မကြာခင်မှာပဲ စစ်သားတွေဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေကို သိမ်းဆည်းပြီး မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းကို လက်ထိပ်ခတ်၊ ဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။

သိပ်မကြာခင်မှာပဲ ဒီချုပ်ပါတီမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားတဲ့ မိခင်ဖြစ်သူကို စစ်အစိုးရက ကြီးလေးပြစ်ဒဏ်အဖြစ် ထောင်၂၁နှစ်ချပြီး ဧရာဝတီတိုင်း၊ မြောင်းမြထောင်ကို ပို့ပစ်လိုက်ပါတယ်။ ကျန်တဲ့ အကြောင်းပြချက်တွေကို မသိရပေမဲ့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုရေးတဲ့ “Freedom From Fear” စာအုပ်ကို မိတ္တူကူးပြီး ဖြန့်ဝေခဲ့တာကြောင့် အဖမ်းခံရတာလို့ ကိုထက်မြက်က ဆိုပါတယ်။ မနိုဘယ်လ်ကိုတော့ စစ်အစိုးရက ၁၉၉၆၊ ကျောင်းသားသပိတ်မှာပါဝင်ပြီး ဆူပူအောင်လှုံ့ဆော်တယ်ဆိုတဲ့ ပြစ်ချက်တွေနဲ့ပဲ ထောင်၄၂နှစ်ချလိုက်ပါတယ်။ သူ့ကိုတော့ မန္တလေးတိုင်းက မြင်းခြံထောင်ပို့လိုက်ပါတယ်။

“အဲဒီအချိန်က ကျောင်းသားလှုပ်ရှားမှုဆိုတာ အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေဝေ၊ နိုင်ငံရေးစာပေတွေကို ကော်ပီ (မိတ္တူ) တွေထုတ်ပြီး ကျောင်းသားတွေကြားထဲမှာ ဖြန့်ဝေကြတဲ့ ပုံစံမျိုးပဲရှိခဲ့ပါတယ်။ အခုနွေဦးတော်လှန်ရေးလို ပြင်းထန်တဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ တောင်မရှိခဲ့သေးပါဘူး”လို့ ကိုထက်မြက်က အစ်မဖြစ်သူ မနိုဘယ်လ်ရဲ့ နိုင်ငံရေးဘဝ နိဒါန်းအစကို ပြန်ပြောင်းပြောပါတယ်။

“အစ်မက တစ်ခါတလေမှာ စစ်တပ် ဆန့်ကျင်ရေးစာရွက်အထုတ်တွေ၊ စာစောင်တွေ ဖွက်ပေးဖို့ ကျနော့်ကို အကူအညီတောင်းတယ်။ ကျနော်က အိမ်ခေါင်မိုးနဲ့ ဘုရားပန်းအိုးတွေထဲမှာ စာရွက်တွေ ဖွက်ပေးခဲ့ဖူးတယ်။ အဲဒီအချိန်မှာ ကျနော့်အစ်မက ကျောင်းသားလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်နေတယ်လို့ သိခဲ့ရတယ်”

၁၉၉၆ နောက်ပိုင်း စစ်အစိုးရက အာဏာရှင်ဆန့်ကျင်ရေးနဲ့ ကျောင်းသားအရေး မြေအောက်လှုပ်ရှားမှုတွေကို သဲကြီးမဲကြီး နှိပ်ကွပ်ခဲ့ပါတယ်။ ကျောင်းသားနဲ့ နိုင်ငံရေးသမားတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက မကူညီနိုင်အောင်နဲ့ မြန်မာပြည်သူတွေက မကူညီရဲလောက်အောင် စစ်အစိုးရက အပြင်းအထန် ဖိနှိပ်ဖြိုခွင်းခဲ့ပါတယ်။ ဒီလိုအကျပ်တည်းဆုံးကာလမှာ မနိုဘယ်လ်ဟာ နောင်တစ်ချိန် သူနဲ့ ဒိုးတူပေါင်ဖက် မိတ်ဆွေဖြစ်လာမဲ့ (အခု အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားတဲ့) မဇင်မာအောင်နဲ့ စပြီး သိကျွမ်းရင်းနှီးလာပါတော့တယ်။ မဇင်မာအောင်ဟာလည်း ၉၆မျိုးဆက်လို့ခေါ်ကြတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသားတက်ကြွလှုပ်ရှားသူတစ်ဦးပါ။

၁၉၉၆က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုအတွင်း သူတို့နှစ်ဦး အမှတ်မထင် ဆုံစည်းမိခဲ့ပါတယ်။ အဲဒီနေ့က ရန်ကုန်မြို့ရဲ့ အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ ‌ရွှေတိဂုံစေတီတော်မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့ ကျောင်းသားတွေက စီစဉ်ခဲ့ကြတာပါ။ ပါဝင်မယ့်သူအားလုံးက အဖြူနဲ့အပြာရောင်ဝတ်စုံ ဆင်မြန်းဖို့ကြိုတင်ချိန်းချက်ကြပြီး စနေထောင့်ကို စုရပ်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

“အဲဒီမှာ နိုဘယ်လ်က ကမန်းကတန်းရောက်လာတယ်။ သူ့အိမ်မှာ မောင်နှမတွေအတွက် ထမင်းဟင်းချက်နေလို့ နောက်ကျသွားတယ်တဲ့။ အဲဒီမှာ ကျမသူ့ကို စတွေ့တာ”လို့ မဇင်မာအောင်က သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ တော်လှန်ရေးရေစက် ဇာတ်ကြောင်းအစကို ဖရွန်တီးယားကို ပြောပြပါတယ်။

အဲဒီကတစ်ဆင့် သူတို့နှစ်ယောက် ရင်းနှီးသွားကြပြီး နောက်ပိုင်း ၁၉၉၆၊ ဒီဇင်ဘာမှာ ဒဂုံတက္ကသိုလ်က ကျောင်းသားအရေး လှုပ်ရှားမှာ အဓိကဦးဆောင်သူတွေဖြစ်လာပါတယ်။ မြေအောက်လှုပ်ရှားမှုအတွင်း အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုကို အတူတကွ တော်လှန်ရင်း အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်လာခဲ့တယ်လို့ မဇင်မာအောင်က ပြောပါတယ်။

မနိုဘယ်လ်အေးနဲ့ ကိုတင်အေးတို့ကို အတူမြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

တရားခွင်များ၊ နိုင်ငံရေးလှိုင်းကြမ်းများ

နောင်နှစ်နှစ်အကြာ ၁၉၉၈မှာတော့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားထုရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေ တဖန် ပြင်းထန်ကျယ်လောင်လာပါတယ်။ ၁၉၉၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီကို အာဏာမလွှဲပေးမှု၊ နိုင်ငံရေးအရ ဖိနှိပ်မှုနဲ့ အထွေထွေကျပ်တည်းမှုတွေက တစ်ဆင့် မြစ်ဖျားခံလာတဲ့ မကျေနပ်မှုတွေဖြစ်ပါတယ်။ ၁၉၉၈၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်၁၉ရက်မှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး စစ်အစိုးရကို နောက်ဆုံးအကြိမ် ရာဇသံပေးတဲ့အနေနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ရက်ပေါင်း၉၀အတွင်း ၁၉၉၀ရွေးကောက်ပွဲအနိုင်ရလဒ်ကို အကောင်အထည်ဖော်ဖို့နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို အသိအမှတ်ပြုဖို့ပါ။ ဒီကြေညာချက်ကို မနိုဘယ်လ်တို့၊ မဇင်မာအောင်တို့ ပါဝင်တဲ့ ကျောင်းသားထုကလည်း တစ်ခဲနက်ထောက်ခံခဲ့ကြပါတယ်။

ပါတီနိုင်ငံရေးရပ်ဝန်းမှာ ရှိမနေတဲ့ မြေအောက်လှုပ်ရှားမှုအဝန်းအဝိုင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားသမဂ္ဂတွေကတော့ ဒီတောင်းဆိုမှုကနေ လူထုအုံကြွမှုတစ်ခုအဖြစ်ကို အရှိန်အဟုန်မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီအချိန်က သတင်းအချက်အလက်နဲ့နည်းပညာ မဖွံ့ဖြိုးသေးတာကြောင့် လူထုအကြား နိုင်ငံရေးအသိ နိုးကြားတက်ကြွဖို့ လှုံ့ဆော်စာတွေဖြန့်ဝေတဲ့အပြင် လူစည်ကားတဲ့ နေရာတွေမှာ နိုင်ငံရေးတရား ဟောပြောခဲ့ကြပါတယ်။

၁၉၉၈၊ စက်တင်ဘာမှာ မြေအောက်နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အများအပြား ဖမ်းဆီးခံရပါတော့တယ်။ မနိုဘယ်လ်နဲ့ မဇင်မာအောင်တို့လည်း ဖမ်းဆီးခံရတဲ့အထဲပါဝင်ပါတယ်။ စစ်အစိုးရက သူတို့ကိုဖမ်းပြီးချင်းချင်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က အောင်သပြေစစ်ကြောရေးကို ပို့ပစ်လိုက်ပါတယ်။ စစ်ကြောရေးက အပြင်းထန်ဆုံး နှိပ်စက်မှုတွေကို မျှဝေခံစားရင်း သူတို့နှစ်ယောက်ကြားက သံယောဇဉ်ဟာ အမြစ်တွယ်၊ ခိုင်မာလာပါတယ်။

“စစ်ကြောရေးခန်းထဲမှာ အစစ်ခံရရင် လူတစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံတွေ မတူကြဘူးပေါ့။ တချို့ကလည်း အေးအေးဆေးဆေးနဲ့ ဖြေစရာရှိတာကိုဖြေတယ်လို့ ပြောတယ်။ တချို့ကျတော့လည်း ခေါင်းမာမာနဲ့ ပါးစပ်ပိတ်နေတယ်။ အဓိကကတော့ ကိုယ့်ကြောင့် တခြားသူတွေ အမှုတွဲထဲ ပါသွားမှာ။ ကိုယ့်အဖြေကြောင့် တခြားသူတွေ အဖမ်းခံရမှာတော့ မဖြစ်စေချင်ဆုံးပေါ့လေ”လို့ မဇင်မာအောင်က ပြောပါတယ်။

“နိုဘယ်လ်အေးကတော့ တကယ့်ကို တွေ့ဖူးသမျှသူတွေထဲမှာ ခေါင်းအမာဆုံးပဲ”လို့သူက ဆက်ပြောပါတယ်။

အတိတ်က မြောက်မြားစွာသော အမှတ်တရတွေကို ပြန်တမ်းတရင်း မဇင်မာအောင်ကတော့ သူ့သူငယ်ချင်း မနိုဘယ်လ်အပေါ် အခုလို လွမ်းဆွတ်အမှတ်ရစကားဆိုပါတယ်။

“နိုဘယ်လ်အေးက စစ်အာဏာရှင်တွေနဲ့ ဆက်ဆံရင် တကယ်မီးလိုပဲ။ ဒါပေမဲ့ မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာ ရေလိုအေးမြတဲ့ သူတစ်ယောက်ပါ”

စစ်ကြောရေးရောက်တုန်း စစ်တပ်၊ ထောက်လှမ်းရေး ဗိုလ်မှူးတစ်ယောက်က ကာအိန္ဒြေ ထိကပါး၊ ရိကပါး မေးခွန်းတစ်ခု မေးပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများမသဂ္ဂကို အတိုကောက် ဗကသလို့ လူသိများပါတယ်။ ဗကသအဖွဲ့ဝင်တွေဖြစ်တဲ့ သူတို့အဖမ်းခံရတဲ့အချိန်မှာ အဲဒီဗိုလ်မှူးက “ဗကသဆိုတာ ဗိုက်ကြီးသည်လား”ဆိုပြီး မေးလိုက်ပါတယ်။ မနိုဘယ်လ်က ရုတ်တရက် ထရပ်လိုက်ပြီး စားပွဲကို ဒုန်းဒုန်းမြည်အောင်ထုပြီး တစ်ခွန်းတည်း အော်ပြောလိုက်ပါတယ်။

“ဗိုလ်မှူးတို့ သားသမီးချင်း ကိုယ်ချင်းစာပြီး ပြောပါ”

အဲဒီဗိုလ်မှူးလည်း အရမ်း စိတ်ဆိုးသွားပြီး မနိုဘယ်လ်ကို ထမင်းမကျွေး၊ ရေမတိုက်ဘဲ သုံးရက်တိတိ မတ်တပ်ရပ်အပြစ်ပေးဖို့ ထောင်ဝန်ထမ်းတွေကို အမိန့်ပေးခဲ့ပါတယ်။ အဲဒီတုန်းက စစ်ကြောရေးအခန်းထဲက ကြိမ်းမောင်းသံတွေ၊ ဆူညံသံတွေကို တစ်ဘက်ခန်းက မဇင်မာအောင်တို့က ရင်တထိတ်ထိတ်နဲ့ နားစွင့်နေခဲ့ပါတယ်။ မနိုဘယ်လ်ပြန်ထွက်လာတော့မှ အဲဒီဆူညံသံတွေအကြောင်းမေးကြည့်တော့ သူ့ဆီက မထင်မှတ်တဲ့အဖြေရလိုက်ပါတယ်။

“ဝုန်းခနဲ အသံကြားတော့ နိုဘယ်လ်ရယ် နင့်ကိုသူတို့တွေ ရိုက်နေပြီထင်တာ”လို့ မဇင်မာအောင်က မေးလိုက်ပါတယ်။

“မဟုတ်ဘူး သူငယ်ချင်း … ငါအရင်လုပ်တာ”လို့ မနိုဘယ်လ်က ရယ်ရယ်မောမောနဲ့ ပြန်ဖြေခဲ့ပါတယ်။

စစ်လို့၊ ကြောလို့ပြီးသွားတော့ မနိုဘယ်လ်ကို အာဏာပိုင်တွေက မြင်းခြံထောင်ကို ပို့လိုက်ပါတယ်။ မြင်းခြံထောင်ဟာ မြန်မာနိုင်ငံရဲ့ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ ငရဲခန်းအကျဉ်းထောင်တွေထဲက တစ်ခုပါ။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် အရှင်လတ်လတ်ကျတဲ့ ငရဲတစ်ခုလိုပါပဲ။ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသမှာရှိပြီး ရာသီဥတုကလည်း အလွန်ပူပြင်းပါတယ်။

ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ခြေကျင်းဝတ်တွေခတ်တဲ့အပြင် အစာရေစာ ဝဝလင်လင် မကျွေးဘဲ အလုပ်ကြမ်းတွေ အတင်းအဓမ္မ ခိုင်းစေပါတယ်။ ထောင်အာဏာပိုင်တွေဟာ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ ရိုက်နှက်တာနဲ့ လျှပ်စစ်နဲ့ ရှော့ခ်တိုက်တာ စတဲ့ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထင်ရာစိုင်းကျူးလွန်လေ့ရှိပါတယ်။

မြင်းခြံထောင်မှာ မနိုဘယ်လ်တို့လို ၉၆မျိုးဆက်ကျောင်းသားတွေအပြင် သူတို့ထက် စီနီယာကျတဲ့ ၈၈နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရေးမျိုးဆက်တွေကြားထဲမှာတောင် ၉၆မျိုးဆက်ဝင်တွေဟာ စစ်အစိုးရ ထောင်အာဏာပိုင်တွေရဲ့  အပြင်းထန်ဆုံး ဖိနှိပ်မှုကို ခံခဲ့ရတဲ့ မျိုးဆက်အဖြစ် နိုင်ငံရေးအသိုင်းအဝိုင်းမှာ အများလေးစားရတယ်လို့ မနိုဘယ်လ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ အမည်မဖော်လိုသူ နိုင်ကျဉ်းတစ်ဦးက ပြောပါတယ်။

“၉၈မှာ မနို (မနိုဘယ်လ်) က မြင်းခြံထောင် တစ်ထောင်လုံးရဲ့ တစ်ဦးတည်းသော အမျိုးသမီးနိုင်ငံရေးအကျဉ်းသူပါ။ အဲဒီအချိန်မှာ ကျနော်တို့က မသေအောင်နေရတာကိုပဲ ဂုဏ်ယူနေရတဲ့ အချိန်။ မသေဖို့က ငါတို့သမိုင်းပဲလို့ ရုန်းကန်နေရတဲ့အချိန်။ မနိုက အမြဲတမ်း မာရေကြောရေနဲ့ ခေါင်းအမာဆုံး အကျဉ်းသူတစ်ဦးဖြစ်ခဲ့တယ်။ ကျနော်တို့ ယောကျာ်း အရင့်အမာကြီးတွေတောင် သူ့ကို အမြဲအံ့အားသင့်ခဲ့ရတယ်”လို့ သူကပြောပါတယ်။

ထောင်အာဏာပိုင်တွေတောင်မှ “နိုဘယ်လ်အေး” ဆိုတဲ့ နံမည်ကြားရင် လက်တွန့်သွားတတ်တဲ့အထိ စိတ်ဓာတ်ပြင်းထန်တဲ့ အမျိုးသမီးငယ်တစ်ဦးလို့ သူကဆိုပါတယ်။

“မနိုကိုလည်း ရိုက်တာပဲ။ မလှုပ်နိုင်တော့တဲ့အထိကိုရိုက်တာ။ အဲဒီအချိန်ဆို မနိုက သူ့ကိုရိုက်တဲ့လူကို အမြဲတမ်း ဝါးစားမလို မျက်လုံးတွေနဲ့ ကြည့်နေတာ။ ကျနော်အဲဒီမျက်လုံးတွေကို အခုချိန်ထိ မှတ်မိတယ်”လို့ သူကပြောပါတယ်။

ဘယ်လို အခြေအနေပဲဖြစ်ဖြစ် မနိုဘယ်လ်ကတော့ အပြုံးမပျက်ပါဘဲ။ သူနဲ့ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ခွန်အား ဖြစ်စေမယ့်စကားတွေပြောရင်း ပြန်ပြီးကို အားပေးခဲ့ပါတယ်။ “သမိုင်းဆိုတာ လူကောင်းတွေရဲ့ လုပ်ဆောင်ချက်ပဲ။ လူတစ်ယောက်က ဘဝပဲ ပိုင်တာ။ သမိုင်းကတော့ အစ်မတို့ကို ထာဝရပိုင်တယ်”ဆိုပြီး အဲဒီအချိန်တုန်းက မနိုဘယ်လ်ပြောခဲ့တဲ့ စကားတစ်ခွန်းကို သူ့မိတ်ဆွေ နိုင်/ကျဉ်းဟောင်းက ပြန်ပြောပြပါတယ်။

မနိုဘယ်လ်တစ်ယောက် ထောင်ထဲက ညှဉ်းပန်းနှိပ်စက်မှုတွေကို ရဲရဲတောက် ခါးစည်းခံနေချိန်မှာ ပြင်ပကမ္ဘာမှာတော့ သူတို့ရဲ့ မိသားစု အသိုက်အမြုံလေးဟာ ဒုက္ခပင်လယ်ဝေလို့ပေါ့။ မိခင်ဖြစ်သူက မြောင်းမြထောင်၊ အစ်မကြီးမနိုဘယ်လ်က မြင်းခြံထောင်မှာ။ မောင်နှမတွေက အစိုးရကျောင်းကို စိတ်နာလို့ ထွက်သူကထွက်နဲ့ အပြင်မှာရုန်းကန်လှုပ်ရှားရင်း တစ်နေရာစီမှာရှိနေတဲ့ မိသားစုဝင်တွေကို တစ်ပတ် တစ်ကြိမ် ထောင်ဝင်စာတွေ့ဖို့ မနည်းကြိုးစားခဲ့ရတယ်လို့ ကိုထက်မြက်က ဆိုပါတယ်။

“ကျနော်တို့မှာ ရှိသမျှစည်းစိမ်တွေ အကုန်ကုန်တာပဲ။ မိသားစုဘဝက မြေကြီးမှာနင်းခံရတဲ့ မြက်လို အလဲလဲ၊ အပြိုပြို ဖြစ်ခဲ့ကြတာ။ ထကို မထနိုင်ဘူး”လို့ သူက ပြောပါတယ်။

အမေနဲ့ အစ်မကို ထောင်ဝင်စာပို့တဲ့အခါမှာ အသားကြော်၊ ဘဲဥဟင်း၊ အမဲခြောက် စတဲ့ စားကောင်းသောက်ကောင်းတွေ စီစဉ်ခဲ့ကြပေမဲ့ အပြင်ကကျန်မိသားစုဝင်တွေကတော့ ချဉ်ပေါင်ဟင်း၊ ကန်စွန်းရွက်လို ဈေးသက်သာတဲ့ ဟင်းလျာတွေနဲ့သာ သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်တင်းခဲ့ကြရတယ်လို့ ကိုထက်မြက်က ဆိုပါတယ်။

“အိမ်မှာ အသားဟင်းတစ်ခွက်ချက်တဲ့နေ့ ကျနော့်ညီအငယ်ဆုံးက ခုန်ပေါက်ပြီးပျော်တဲ့နေ့ပဲ”လို့ ကိုထက်မြက်က ဆက်ပြောပါတယ်။ ဒီအကြောင်းအရာတွေကို ပြောနေရင်း သူ့အသံက တုန်ယင်နေပြီး ဝမ်းနည်းနေပုံပါပဲ။

ဦးသက်ထွန်းအောင် ကွယ်လွန်ပြီးနောက်ပိုင်း ဒေါ်အေးမြင့်သန်းက ဦးတင်မောင်အေးနဲ့ နောက်အိမ်ထောင်ပြုခဲ့ပြီး သားယောက်ျားနှစ်ဦး ထပ်မွေးခဲ့ပါတယ်။ သားနှစ်ဦးအနက် တစ်ဦးကကိုထက်မြက်ဖြစ်ပြီး သူ့ကိုတော့ ၁၉၈၁မှာ မွေးဖွားခဲ့တာပါ။ မိသားစုအတွက် သောကမိုးထစ်ချုန်းရွာချိန်မှာတော့ ဖခင်ဖြစ်သူ ဦးတင်မောင်အေးဟာ သူတို့ရှေ့က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ တကယ့်သူရဲကောင်းလို့ ကိုထက်မြက်က ဆိုပါတယ်။ ဦးတင်မောင်အေးဟာ မီးသွေးတွေရောင်း၊ ဖယောင်းတိုင်တွေရောင်းပြီး မိသားစုကို ထောက်ပံ့ပါတယ်။ ဒါအပြင် ဇနီးဖြစ်သူ ဒေါ်အေးမြင့်သန်းနဲ့ မနိုဘယ်လ်တို့ကို မပျက်မကွက် ထောင်ဝင်စာ ပုံမှန်တွေ့ခဲ့ပါတယ်။ ကျန်တဲ့ မောင်နှမတွေ လမ်းမှားမရောက်အောင် သွန်သင်ပဲ့ပြင်ပေးခဲ့သလို မိသားစုဆိုတဲ့ အသိုက်အမြုံလေး ပြိုလဲမသွားအောင် ဖခင်ဖြစ်သူ ဦးတင်မောင်အေးက အုပ်ထိန်းပေးခဲ့တာလို့ ကိုထက်မြက်က ပြောပါတယ်။

“အဖေက တစ်ကယ်ကို သူရဲကောင်းအစစ်ပါ။ ဘယ်သူမှ မသိလိုက်တဲ့ အညတရသူရဲကောင်းအစစ်ပါပဲ။ ဒီမိသားစုရဲ့ နောက်ကွယ်က လူမသိတဲ့ ဒုက္ခတွေကို သတ္တိရှိရှိကျော်ဖြတ်ခဲ့သူပါ”လို့ သူက ပြောပါတယ်။

အခက်အခဲမျိုးစုံကြုံရတဲ့အနက် အဆိုးဆုံးဒုက္ခတွေကတော့ စစ်ထောက်လှမ်းရေးတွေရဲ့ မျက်ခြည်မပြတ် စောင့်ကြည့်ခံရရုံမက နိုင်ငံရေးသမားမိသားစုဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်နဲ့ ဆွေမျိုးအားလုံးက ဝိုင်းကျဉ်တာ ခံခဲ့ရပါတယ်။ ဒီအတွေ့အကြုံတွေဟာတော့ ကိုထက်မြက်အတွက်တော့ ရင်ထဲအမြဲနစ်ဝင်နေတဲ့ ဆူးတစ်ချောင်းလိုပါပဲ။

“ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျနော်တို့ အိမ်ရှေ့တည့်တည့်က လူတစ်ယောက်ကို ရာအိမ်မှူးခန့်ထားတယ်။ အဲဒီလူက ကုလားထိုင်တစ်လုံးကို ရှေ့ချပြီး ကျနော်တို့အိမ်ကို အမြဲစောင့်ကြည့်ပြီး စစ်ထောက်လှမ်းရေးကို အမြဲသတင်းပို့တယ်။ တစ်ခါတလေ မနက်အစောကြီးနိုးလို့ လူမရှိရင်တောင်မှ အဲဒီကုလားထိုင်က အမြဲရှိနေတယ်”လို့ ကိုထက်မြက်က ပြောပါတယ်။

မိသားစုရဲ့ နိုင်ငံရေးနောက်ခံကြောင့် ကိုထက်မြက်မှာ သူငယ်ချင်းမိတ်ဆွေရယ်လို့ လက်ငါးချောင်းတောင် အပြည့် မရှိခဲ့ပါဘူး။ ဆွေမျိုးတွေကလည်း နိုင်ငံရေးထဲပါတယ်လို့ အထင်ခံရမှာစိုးတာကြောင့် ကိုထက်မြက်တို့ မိသားစုနဲ့ အဆက်အသွယ်မလုပ်ခဲ့ကြပါဘူး။ ၂၀၀၂မှာ သူ ကွန်ပြူတာဆိုင်တစ်ခုမှာ အလုပ်ရတော့ စစ်ထောက်လှမ်းရေးက ဆိုင်ရှင်ကို ဖိအားပေးပါတယ်။ အလုပ်စဝင်ပြီး တစ်ရက်ပဲရှိသေးချိန်မှာ ဆိုင်ရှင်အခြိမ်းခြောက်ခံရလို့ သူအလုပ်ထွက်ခဲ့ရပါတယ်။

မနိုဘယ်လ်အေးကို သူနှစ်သက်သော ဘေ့စ်ဂစ်တာတစ်လက်နှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

လွတ်လပ်မှုနဲ့ နောက်ထပ်နိုင်ငံရေးတိုက်ပွဲ

၂၀၀၅မှာတော့ မနိုဘယ်လ်နဲ့ သူ့မိခင် ဒေါ်အေးမြင့်သန်းတို့ ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့်တွေနဲ့ ထောင်က ပြန်လွတ်လာပါတယ်။ သူ့တို့မိသားစုရဲ့ ရှားရှားပါးပါး ပျော်ရွင်စရာအခိုက်အတန့်လေးတွေပါပဲ။ ဒီပျော်ရွှင်မှုတွေဟာ ကြာရှည်မခံခဲ့ပါဘူး။ သိပ်မကြာခင်မှာ ဒေါ်အေးမြင့်သန်းဟာ ထောင်မှာနေစဉ်က ရရှိလာတဲ့ ဒဏ်တွေကြောင့် လေဖြတ်သွားပါတယ်။ မိခင်ဖြစ်သူလေဖြတ်သွားပေမဲ့လည်း သူတို့မိသားစုဟာ နိုင်ငံရေးခရီးကြမ်းကြီးကို ဆက်လက်လျှောက်လှမ်းခဲ့ကြပါတယ်။

၂၀၀၇မှာ ပြည်တွင်း စက်သုံးဆီဈေးနှုန်း ရုတ်တရက် ခုန်တက်သွားတဲ့အခါ စားသောက်ကုန်အပါအဝင် အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာပါတယ်။ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှုအလွဲတွေအပေါ် စိတ်ပျက်နေတဲ့ ပြည်သူလူထုအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်လာပါတယ်။ စက်တင်ဘာအရောက်မှာတော့ ဒီမကျေနပ်မှုက ပေါက်ထွက်လာပြီး သံဃာတော်တွေ လမ်းပေါ်ထွက်လာကာ ‌ရွှေဝါရောင်အရေးခင်းရယ်လို့ ဖြစ်လာပါတယ်။

အဲဒီကာလတွေမှာလည်း မနိုဘယ်လ်ဟာ ဗကသအဖွဲ့ဝင်တစ်ဦးအနေနဲ့ မြေအောက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ရွှေဝါရောင်အရေးခင်း ကနဦးပိုင်းမှာ လမ်းပေါ်ထွက်ပြီး နိုင်ငံရေးတရားဟောပြောတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ စတဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စစ်အစိုးရက သူ့ကို နောက်တစ်ကြိမ် ထပ်မံဖမ်းဆီးပြီး ထောင်၁၂နှစ်ချလိုက်ပါတယ်။ ထောင်တွင်းရှိနေစဉ် ၂၀၁၁မှာ အရပ်သားတစ်ပိုင်းအစိုးရခေါင်းဆောင်ဖြစ်နေပြီဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူး”ဆိုတဲ့ စကားကြောင့် မနိုဘယ်လ်အကြီးအကျယ် ဒေါသထွက်ခဲ့ရပါတယ်။ ဒီစကားကို စာနဲ့ရေးပြီး လှမ်းကန့်ကွက်လို့ မုံရွာအကျဉ်းထောင်အာဏာပိုင်တွေက သူ့ကို တိုက်ပိတ်ပြီး အပြစ်ပေးခဲ့ပါသေးတယ်။

အဲဒီအချိန်မှာ မနိုဘယ်လ်မှာ ချစ်ရတဲ့သူ ရှိနေပါပြီ။ သူကတော့ ဗကသအဖွဲ့ချုပ်ရဲ့ အရေးပါတဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုတင်အေးပါ။ ကိုတင်အေးဟာ မြေအောက်နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အင်မတန် လျှို့ဝှက်၊ သိုသပ်တဲ့အပြင် အဖွဲ့အစည်းအပေါ်မှာ အလွန်သစ္စာရှိသူတစ်ဦးအဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေအကြား ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက မေတ္တာနဲ့ နိုင်ငံရေးခံယူချက်တွေဟာ နောင်ကျောင်းသား မျိုးဆက်တွေ စံနမူနာယူစရာလို့ ဗကသအဖွဲ့ချုပ်ရဲ့  ၂၀၀၇မျိုးဆက် ဥက္ကဋ္ဌ‌ဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။ သူဟာ သူတို့နှစ်ဦးနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးရုံသာမက ကျောင်းသားလှုပ်ရှားမှုတွေမှာလည်း အတူတကွ လက်တွဲခဲ့ဖူးပါတယ်။

သူ့ထက်စီနီယာပိုကျတဲ့ ကိုတင်အေးကို ကိုမင်းသွေးသစ်က နိုင်ငံရေးနဲ့ပတ်သက်ရင် အသိအမြင်ဖွင့်ပေးခဲ့ရုံမက နိုင်ငံရေးလှုပ်ရှားသူတစ်ဦး သိသင့်၊ သိထိုက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေအထိ အသေးစိတ် သင်ပြပေးခဲ့တဲ့ ဆရာတစ်ဦးလို့ ဆိုပါတယ်။

“နိုင်ငံရေးလှုပ်ရှားမှုမှာ အခြေခံကစလို့ အစ်ကို (ကိုတင်အေး)က သင်ပြခဲ့ပါတယ်။ အကျီကို အနီရောင်၊ အမဲရောင်တွေ မဝယ်ထားရဘူး။ လက်ဘက်ရည်ဆိုင်ထိုင်တဲ့အခါ ဆိုင်ပေါက်ဝကိုပဲ မျက်နှာချင်းဆိုင်ပြီးထိုင်ရမယ်၊ တစ်စုံတစ်ယောက်နဲ့ ချိန်းဆိုတဲ့အခါ ဘယ်နေရာမှာ ဘယ်လိုစောင့်သင့်တယ်၊ ဆိုတာမျိုးတွေကအစ အစ်ကိုက သင်ပေးခဲ့တာ”လို့ ကိုမင်းသွေးသစ်က‌ ပြောပါတယ်။

ရွှေဝါရောင်အရေးအခင်းကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကို လက်လံဖမ်းဆီးနှိမ်နင်းတဲ့အခါ အခြေအနေတွေရှုပ်ထွေးလာတဲ့အတွက် ၂၀၀၈မှာ ကိုတင်အေးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ရွှေ့ပြောင်းအချေချခဲ့ပါတယ်။ ၂၀၁၂ ထောင်က ပြန်လွတ်လာချိန်မှာ မနိုဘယ်လ်ဟာ ချစ်သူရှိရာကို လိုက်သွားခဲ့ပါတယ်။ ၂၀၁၃မှာ သူတို့နှစ်ယောက် မဲဆောက်မှာပဲ လက်ထပ်လိုက်ကြပါတယ်။

“ကျနော်တို့ အငယ်တွေကြားမှာ သူတို့ဇနီးမောင်နှံအကြောင်း အမြဲ တစ်ခုတ်တရပြောဖြစ်တာ တစ်ခုရှိတယ်။ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာဟာ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်၊ တိုင်းပြည်ဆိုးဝါးတဲ့အခါ နိုင်ငံရေးသမားတွေ ဘဝက ဆိုးဝါးတာပါပဲ။ အစ်ကိုနဲ့ အစ်မ နှစ်ယောက်လုံးက သူ့တို့ရဲ့ ပုဂ္ဂလိက ဘဝကို နောက်မှာထားပြီး တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် ပုံအောထားတဲ့လူတွေ ဆိုတာကို ကျနော်တို့ အမြဲပြောဖြစ်တယ်”လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

၂၀၁၄မှာပဲ သူတို့နှစ်ဦး မြန်မာပြည်ကို ပြန်ဝင်လာခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ၂၀၂၁မှာ စစ်တပ်က အာဏာပြန်သိမ်းတဲ့အချိန်မှာတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရပ်တန့်သွားခဲ့ပါပြီ။ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို လူသေစေလောက်တဲ့အထိ အကြမ်းဖက်ဖြိုခွင်းတဲ့အခါမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ဖို့ လက်နက်ကိုင်တော်လှန်ရေးတစ်ရပ် ပေါက်ဖွားလာပြီး နွေဦးတော်လှန်ရေးလို့ အမည်တွင်လာပါတယ်။

“ဒီလို အခြေအနေမျိုး၊ ဒီလိုပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ တော်လှန်ရေးအခင်းအကျင်းမျိုးက ကျနော်တို့ နိုင်ငံရေးသမားတွေ အိပ်မက် မက်ခဲ့တဲ့ အခင်းအကျင်းမျိုးပါ။ ကျနော်တို့ကိုယ်တိုင်လည်း ဘယ်က ပါဝင်ရ၊ ပါဝင်ရ ပါဝင်ဖို့ အိမ်မက်မက်ခဲ့တဲ့ အခင်းအကျင်းတစ်ခုပေါ့”လို့ ကိုမင်းသွေးသစ်က ဆိုပါတယ်။

“ဒီတော်လှန်ရေးကာလမှာ ကျနော်လည်း အစ်မ [နိုဘယ်လ်]နဲ့ စကားတွေ အများကြီးပြောဖြစ်တယ်။ သူက ဒီအခြေအနေကို အရမ်းစိတ်လှုပ်ရှားနေတယ်။ ဒီပွဲက နောက်ဆုံးတိုက်ပွဲဖြစ်ရမယ်လို့ အစ်မက အမြဲတမ်းပြောတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်နေတာ အားသာချက်ပဲလို့ သူယူဆတယ်။ သူတို့လို ထောင်ခနခနကျ၊ မိသားစုတွေ ကစဉ့်ကလျားဖြစ်ရတဲ့ ဘဝမျိုး နောင်မျိုးဆက်တွေ မဖြစ်ရအောင် [အာဏာရှင်စနစ်] အပြီးသတ်မဲ့ နောက်ဆုံး တော်လှန်ရေးလို့ အစ်မက ပြောတယ်”

အာဏာသိမ်းမှုနောက်ပိုင်း သူ မနိုဘယ်လ်နဲ့ ပြောဖြစ်ခဲ့ကြတဲ့ အကြောင်းအရာတွေကို ကိုမင်းသွေးသစ်က ဖရွန်းတီးယားကို ပြန်ပြောပြနေတာပါ။

မျှော်လင့်ခြင်းအလင်းတန်းလေး

၂၀၂၁အာဏာသိမ်းမှုအလွန် အစောပိုင်းကာလတွေက ဆန္ဒပြပွဲတွေမှာလည်း မနိုဘယ်လ်ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်က ဆန္ဒပြပွဲနဲ့ လူထုလှုပ်ရှားမှုတွေမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကို ဖွဲ့စည်းရာမှာ မနိုဘယ်လ်လည်း ပါဝင်ခဲ့ပါတယ်။ ရန်ကုန်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေကို စစ်တပ်က ကျည်အစစ်တွေနဲ့ ဖြိုခွင်းပြီး ဆန္ဒပြသူတွေကို သတ်ဖြတ်တဲ့အချိန်ကာလတွေအထိ မနိုဘယ်လ်က ပြည်သူတွေနဲ့အတူ ရှိနေခဲ့ပါတယ်။

နောက်ပိုင်းမှာ မနိုဘယ်လ်ဟာ နွေဦးတော်လှန်ရေးမြေအောက်လှုပ်ရှားမှုအတွင်းကို ခြေစုံပစ်ဝင်လိုက်ပြီး လူမြင်ကွင်းကနေ ကာလအတန်ကြာ ပျောက်ကွယ်သွားခဲ့ပါတယ်။ သူ့ရဲ့သတင်းအစအနလည်း သိပ်မသိရတော့ပါဘူး။ သူနဲ့ရင်းနှီးသူ တချို့ကတော့ မနိုဘယ်လ်ဟာ ပဲခူးတိုင်းကို သွားရောက်ခဲ့တယ်လို့ ဆိုပြီး တစ်ချို့ကတော့ သူဟာ ၂၀၂၂လောက်က စစ်ကိုင်းတိုင်းဘက်ကို ရောက်လာသေးတယ်လို့ ပြောကြပါတယ်။ နောက်တော့ တစ်ချို့ကလည်း မနိုဘယ်လ်ဟာ ရခိုင်ပြည်နယ်အထိ ‌ရောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၉ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပဲခူးတိုင်း၊ ညောင်ခါးရှည်ရွာအနီးက စစ်ဆေးရေးဂိတ်မှာ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကားတစ်စီးကို စစ်ဆေးရာမှာ အမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့ပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်အရ မနိုဘယ်လ်နဲ့ ကိုလေးခွင်းဆိုသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ကနဦးဖမ်းမိတဲ့အမျိုးသားနှစ်ဦးက မနိုဘယ်လ်တို့ဟာ သူတို့ကို လက်နက်သယ်ဆောင်ဖို့ စေခိုင်းသူတွေဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ သတင်းဌာနတွေက ရေးသားကြပါတယ်။

ဖေဖော်ဝါရီ၈ရက်မှာတော့ ဝေါမြို့နယ်တရားရုံးက ရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးဖိုးကြိုးစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနိုဘယ်လ်အေးနဲ့ ကိုလေးခွင်းတို့နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒီသတင်းကို နိုင်ငံရေးအသိုင်းအဝိုင်းကရော မနိုဘယ်လ်ရဲ့ မိသားစုကပါ အတည်ပြုဖို့ ကြိုးစားခဲ့ကြပါတယ်။ ကိုထက်မြက်က ပဲခူးတိုင်းရဲတပ်ဖွဲ့နဲ့ ဝေါမြို့နယ်တရားရုံးတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အစ်မဖြစ်သူအကြောင်း မေးမြန်းခဲ့ပေမဲ့ သူတို့ဆီက ဘာအဖြေမှမရခဲ့ပါဘူး။ နောက်ဆုံးတော့ ကိုထက်မြက်က အခင်းဖြစ်ပွားတဲ့ နေရာမှာရှိနေခဲ့တဲ့ ဒေသခံမျက်မြင်သက်သေတစ်ချို့နဲ့ အဆက်အသွယ်ရပြီး အစ်မဖြစ်သူရဲ့ ရင်နင့်ဖွယ်အဖြစ်အပျက်ကို ရင်နာနာနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

“ကျနော့်အစ်မက တစ်ကိုယ်လုံးမှာ သွေးတွေပေကျံပြီး လမ်းတောင်မလျှောက်နိုင်တော့ဘူး။ စစ်သားတွေက ရွာလမ်းတစ်လျှောက်လုံး ဆံပင်က ကိုင်ပြီးဆွဲခေါ်လာတယ်။ ပြီးတော့ သစ်ပင်အောက်မှာ သေနတ်နဲ့ ဝိုင်းပစ်လိုက်ကြတယ်”လို့ ကိုထက်မြက်က သူအတည်ပြုထားတဲ့ သတင်းကို ပြန်ပြောပြပါတယ်။

မနိုဘယ်လ်ရဲ့ ရုပ်အလောင်းကို မိသားစုက မမြင်ရသေးအတွက် ဆုံးသွားပြီလို့ ယုံကြည်ဖို့လည်း သူတို့အတွက် ခက်နေပါတယ်။ စစ်ကောင်စီက မနိုဘယ်လ်နဲ့ ပတ်သက်လို့ ဘာမှသတင်းထုတ်ပြန်ထားတာ မရှိသေးသလို မိသားစုကိုလည်း အကြောင်းကြားတာမျိုး မရှိသေးပါဘူး။ ဝေါမြို့နယ်တရားရုံးနဲ့ ဝေါမြို့နယ်ရဲတပ်ဖွဲ့ကို ဖရွန်းတီးယားက ဖေဖော်ဝါရီလအတွင်းက တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးကတော့ ထွက်ပြေးဖိုးကြိုးစားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ် သတ်ဖြတ်မှုကာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

“ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူသတ်ရတာ အရမ်းလွယ်လွန်းနေတယ်”လို့ ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုပါတယ်။

ဒါအပြင် ထောင်ပြောင်းနေစဉ်အတွင်းမှာ အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ပျောက်ဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား အများအပြားလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသားတချို့ရဲ့ မိသားစုဝင်တွေကို သူတို့ရဲ့ သေဆုံးမှုအကြောင်း အသိပေးခဲ့ပြီး အကြောင်းပြချက် ခိုင်ခိုင်လုံလုံမပေးခဲ့ပါဘူး။

ထောင်ပြောင်းနေစဉ်ပဲဖြစ်ဖြစ်၊ ရုံးထုတ်စဉ်ပဲဖြစ်ဖြစ် အကျဉ်းသားတွေကို လက်ထိပ်နဲ့ ခြေကျင်းဝတ်တွေ ခတ်ထားတဲ့အပြင် အစောင့်အကြပ် ထူထူထပ်ထပ်ချထားတာကြောင့် ထွက်ပြေးဖို့ဆိုတာ အတော်လေးကို မဖြစ်နိုင်တဲ့ကိစ္စလို့ ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကို ၂၀၂၁အာဏာသိမ်းမှုနောက်ပိုင်း စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝန်း အဖွဲ့ဝင် ၃၀၀ကျော်နဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ အကျဉ်းထောင်အတွင်းက ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်ပကမ္ဘာက သိလာအောင် အစဉ်တစိုက် ဖော်ထုတ်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

တစ်ချိန်က ငြိမ်းချမ်းတဲ့လမ်းစဉ်စွဲကိုင်ခဲ့ပေမဲ့ ၂၀၂၁အလွန်မှာ လက်နက်ကိုင်တော်လှန်ရေးကို ခြေစုံပစ်ဝင်ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနည်းတူ မနိုဘယ်လ် တစ်ယောက်လည်း ဖြစ်လာနိုင်တဲ့ အန္တရာယ်အားလုံးကို ရင်ဆိုင်ဖို့ အသင့်ရှိခဲ့ပုံပါပဲ။

ရန်ကုန်မြို့အတွင်းက လက်နက်ကိုင်တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး ၂၀၂၂ဇူလိုင်မှာ စစ်ကောင်စီက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ ဒီသတင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ ကိုမင်းသွေးသစ်ကို မနိုဘယ်လ် ဖုန်းဆက်လာပါတယ်။ ပြတ်သားတဲ့ သန္နိဋ္ဌာန်စကားတစ်ခုကို အခုထက်ထိ ကြားယောင်နေဆဲပဲလို့ သူကဆိုပါတယ်။

“အစ်မက သူ့အနေနဲ့ ရေကုန်၊ ရေခမ်း ပါဝင်တော့မယ်။ သူ့အသက်ကိုပဲ ပေးရ၊ ပေးရ သူလုပ်တော့မယ်လို့ ပြောတယ်”

မနိုဘယ်လ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်တဲ့ မဇင်မာအောင်ကတော့ မနိုဘယ်လ်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကို ကြိမ်းသေဖော်ထုတ်ပြီး တာဝန်ရှိသူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ကတိပေးပါတယ်။ သူငယ်ချင်းတစ်ဦးအနေနဲ့ စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင် စိတ်ထိခိုက်ရတယ်လို့ သူက ဖရွန်းတီးယားကို ပြောပါတယ်။

“လူတစ်ယောက်ကို သူမရှိတော့မှ သူ့အကြောင်းပြောရတဲ့ အဖြစ်ကို ကျမ မကြုံချင်ဘူး။ တကယ်တော့ ကိုယ်ချစ်ခင် လေးစားရတဲ့လူတွေနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိနေသင့်တာ။ အခုတော့မရှိနိုင်တော့ဘူး။ ပြန်မဆုံနိုင်တော့ဘူး”လို့ မဇင်မာအောင်က ပြောပါတယ်။

“ဒီလိုပြန်မဆုံနိုင်တဲ့ ရဲဘော်ရဲဘက်တွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေလည်း အများကြီးရှိကြမှာပါ။ သူတို့တွေအတွက် တာဝန်ကျေအောင် ကျမတို့ တာဝန်ဆက်လက် ထမ်းဆောင်သွားပါမယ်”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar