မြန်မာ့သနပ်ခါးအတွက် အရေးတကြီးပူပန်စရာမှာ ယူနက်စကိုဝင်ရေးမဝင်ရေးမဟုတ်ပါ။ သနပ်ခါးစိုက်တောင်သူများ သနပ်ခါးမစိုက်တော့ မှာကိုသာ ဖြစ်ပါတယ်။
ဟိန်းသာ ရေးသည်။
ဓာတ်ပုံ-ခွန်လတ်
တောင်သူဦးဝင်းမောင် က ဧက ၃၀ လောက်ကျယ်တဲ့ သူ့ခြံထဲက သနပ်ခါးပင်တွေ အကုန်လုံးကို ခုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အပင် ၉၀၀ လောက်ရှိမယ့် ဒီသနပ်ခါးပင်တွေကို သူ ငါးနှစ်လောက်စိုက်ပျိုးလာတာမို့ အပင်တွေမှာ အကိုင်းတွေ အရွက်တွေဝေဝေဆာဆာ ရှိနေပါပြီ။
ဒါပေမယ့် ဒီသနပ်ခါးပင်တွေဟာ ပါးပေါ်မှာလိမ်းရလောက် အောင် အရည်အသွေးကောင်းတဲ့ သနပ်ခါးတွေဖြစ်မလာသလို ဈေးကောင်းလည်းမရတော့ပါဘူး။။ ဒါကြောင့် ၅ နှစ်လောက်သူပြုစုပျိုးထောင်လာတဲ့ သနပ်ခါးပင် တချို့ကို အောက်ဈေးနဲ့ ရောင်းပစ်ပြီး တချို့ကို ဆောင်းရာသီမှာထင်းစိုက်ဖို့ သိမ်းထားလိုက်ပါတော့တယ်။
” အကုန်လုံးကို အမြစ်ကနေ လှန်တူးလိုက်တာ။နောက်ထပ် ထပ်မပေါက်တော့အောင်လေ” ဦးဝင်းမောင်က ခုတ်လှဲထားတဲ့ သနပ်ခါးပုံတွေကို ညွှန်ပြရင်းစိတ်ညစ်နေပါတယ်။
ဟင်းလင်းပြင်ဖြစ်သွားတဲ့ သူ့ခြံကျယ်ကြီးထဲမှာတော့ Speculia gum trees လျှော်ဖြူတွေစိုက်ပြီး ဒီတစ်သက် လျှော်ဖြူ Speculia gum ပဲရောင်း စားတော့မယ်လို့ သူဆုံးဖြတ်ပါတယ်။
ဖေဖော်ဝါရီလအတွင်း မှာ Frontier က သနပ်ခါးပင်တွေအများဆုံးစိုက်ပျိုးရာဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းက သနပ်ခါးမြို့တော် အရာတော် ကို ခရီးထွက်ခဲ့ပါတယ်။ အများဆုံးတွေ့ခဲ့ရတာကတော့ သူတို့စိုက်ခင်းထဲက သနပ်ခါးပင်တွေကို ခုတ်ပစ်ဖို့ မျက်စောင်းထိုးနေတဲ့ သနပ်ခါးစိုက်တောင်သူတွေပါပဲ။ အများစုက ဈေးကောင်းမရတော့တဲ့ ရှည်မျောမျော သနပ်ခါးပင်တွေအစား ပိုပြီး အာမခံချက်ရှိတဲ့လျှော်ဖြူတွေပဲ စိုက်ချင်နေကြပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ အစိုးရက သနပ်ခါး ကို ယူနက်စကို မှတ်တမ်းတင်ဖို့ အရှိန်မြှင့် ကြိုးစားနေတဲ့ အချိန်မှာပဲ သနပ်ခါးမြေကတောင်သူတွေဟာ သနပ်ခါးပင်ကို တရစပ် ခုတ်တာ မရပ်သေးပါဘူး။
သနပ်ခါး အခက်
သနပ်ခါးပင်စည်ရဲ့ အခေါက်ကို ကျောက်ပျဉ်ပေါ်မှာ သွေးလိမ်းရတဲ့ သနပ်ခါးယဉ်ကျေးမှုကို မြန်မာ့သမိုင်းမှာ လွန်ခဲ့တဲ့ ပုဂံခေတ်ထဲက အခိုင်အမာရှိခဲ့တယ်လို့ မြန်မာတွေက ယုံကြည်ကြပါတယ်။ သနပ်ခါးလိမ်း တာဟာ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်အဖြစ် ယောကျာ်းရော၊မိန်းမ ပါ နှစ်ပေါင်းများစွာ သနပ်ခါး လိမ်းခဲ့ကြပါတယ်။
သနပ်ခါးဟာ အပူကြိုက်တဲ့အပင်ဖြစ်ပြီး မြေသြဇာသိပ်မလိုတဲ့ အလေ့ကျပေါက်ပင်ဖြစ်ပါတယ်။ သနပ်ခါးဟာ အညာဒေသရဲ့နှလုံးသဲပွတ်တစ်ခုလို့ ဆိုနိုင်ပြီး မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့လို့ ပူပြင်းခြောက်သွေ့ဇုန်တွေမှာ ပေါက်ရောက်ကြပါတယ်။ ပူပြင်းတဲ့ဒေသမှာ လယ်ခင်းတွေထဲ နာရီပေါင်းများစွာ အလုပ်လုပ်ရတဲ့ တောင်သူတွေဟာ တစ်ကိုယ်လုံးကို သနပ်ခါးလူးပါတယ်။ ပြီးတော့ လက်ရှည်ဝတ်ထားလိုက်ရင် သူတို့အသားအရည်တွေ မထိခိုက်တော့ပါဘူး။
“ဘယ်လို အသားမဲမဲ ဝါဝါညက်ညက်ဖြူ” ဆိုတဲ့ သီချင်းစာသားတောင်ရှိပါသေးတယ်။
ဒါပေမယ့် ဒေသအလိုက်သနပ်ခါး အမျိုးအစားတွေကွဲပြားပါသေးတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့က သနပ်ခါးပင်တွေနဲ့ မကွေးတိုင်း ပခုက္ကူ မြို့ “ရှင်မတောင်” ပေါ်မှာ ပေါက်တဲ့ ရှင်မတောင် သနပ်ခါးတွေဟာ ရနံ့ပိုမွှေးလို့နာမည်ကျော်ပါတယ်။ ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံး သနပ်ခါးဈေးကွက်ကို ဦးဆောင်ပြီး သနပ်ခါးပင်အများဆုံးစိုက်ထားတဲ့ မြို့ကတော့ သနပ်ခါးမြို့တော်လို့ အမည်တပ်ထားတဲ့ စစ်ကိုင်းတိုင်း အရာတော်မြို့ပါပဲ။
မြန်မာနိုင်ငံသနပ်ခါးအသင်းက၂၀၁၉ခုနှစ်မှာ ကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာဧက ၃သိန်းကျော် သနပ်ခါးစိုက်ကြပါတယ်။ ဒီထဲမှာမှ အရာတော် တစ်မြို့ထဲတင် ဧက တစ်သိန်းခွဲနီးပါးလောက် စိုက်တယ်လို့ဆိုပါတယ်။ အရာတော်မြို့ဟာ ၁၉၈၀ နောက်ပိုင်းကစလို့ သနပ်ခါးကိုတွင်တွင်ကျယ်ကျယ် စီးပွားဖြစ်စိုက်ပျိုးလာပြီး လယ်ထဲမှာ တင်မက လူနေအိမ်ဝိုင်းထဲ ခြံဝိုင်းထဲမှာတောင်သနပ်ခါးစိုက်ပျိုးကြပါတယ်။ ၂၀၁၉ နှစ်အစမှာပဲ အစိုးရက အရာတော်မြို့ကို Thanakha City အဖြစ် အသိအမှတ်ပြုပြီး မြို့အဝင်မှာကို သနပ်ခါးမြို့တော်လို့ အမည်တပ်ခဲ့ပါတယ်။လက်ရှိမှာတော့ အရာတော်က သနပ်ခါးတွေကို စီးပွားဖြစ်စိုက်ပျိုးပြီး ပွဲစားတွေက တဆင့် တစ်နိုင်ငံလုံးကို တင်ပို့ပြီရောင်းချနေတယ် လို့ မြန်မာနိုင်ငံသနပ်ခါးအသင်းဥက္ကဌ ဦးကျော်မိုးက ပြောပါတယ်။
ဒါပေမယ့် မြန်မာပြည်အလယ်ပိုင်း အညာဒေသမှာ နှစ်ပေါင်းများစွာ ဂုဏ်ယူပြီးစိုက်ပျိုးလာတဲ့ ဒီအပင်တွေကို တောင်သူတွေက ငြိုငြင်စပြုလာပါပြီ။ လွန်ခဲ့တဲ့ လေးနှစ်လောက်က စလို့ သနပ်ခါးဈေးကွက် ပျက်လာပြီး သနပ်ခါးတွေက ဈေးကျလာခဲ့ပါတယ် ။ အကြမ်းဖျင်းပြောရရင်တော့ လူဦးရေထူထပ်ပြီး စီးပွားရေး ကောင်းတဲ့ မြို့ကြီးပြကြီးတွေမှာ သနပ်ခါးလိမ်းတဲ့ အလေ့အထပျောက်သွားလို့ သနပ်ခါးတွေ မရောင်းရတော့ တာက သိသာတဲ့အချက်ဖြစ်တယ်လို့ ဦးကျော်မိုးက ပြောပါတယ်။
ဒါ့အပြင် ဈေးကွက်ပျက်လာရတဲ့ နောက်အဓိကအချက်က ပြည်တွင်းနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတို့က တင်သွင်းနေတဲ့ သနပ်ခါးအလှကုန်တွေကြောင့် လို့ ဦးကျော်မျိုးကပြောပါတယ်။ သနပ်ခါးကို အလှကုန်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဟာ သနပ်ခါးကုန်ကြမ်းတွေတကယ်မဝယ်ယူဘဲနဲ့ ဓါတုဗေဒ နည်းနဲ့ သနပ်ခါးရနံ့ထည့်ပြီး အလှကုန်တွေထုတ်ကြပါတယ်။ ဒီဈေးကွက်ဟာ သနပ်ခါးကိုအတုံးလိုက်ရောင်းတာ ထက် ပိုပြီး အကျိုးအမြတ်ရနေတယ်လို့ ဦးကျော်မိုးကဆိုပါတယ်။
မြေပြင်ကတောင်သူတွေအတွက်ကတော့ ခုနှစ် နှစ်လောက်ပြုစုပျိုးထောင်ပြီး ဂရုတစိုက် စိုက်ပျိုးထားတဲ့ အကောင်းဆုံး သနပ်ခါး တစ်ပင်ကို အများဆုံး မြန်မာငွေ ကျပ် ၃သောင်း ကနေ ၄ သောင်းကြား သာ ဈေးကွက်ထဲမှာ ရောင်းလို့ ရပါတယ်။ ၁ ပေလောက်ရှည်တဲ့ သနပ်ခါးဟာ ငွေ ၄၀၀၀ လောက်နဲ့ဈေးပေါပေါပဲ အရာတော်ဈေးမှာ ဝယ်လို့ရပါတယ်။ မြန်မာပြည်အနှံ့ဖြန့်ချိတဲ့အခါ ပွဲစားတွေကြောင့် သနပ်ခါးဟာ ဈေးကြီးကောင်းကြီးသွား ပါလိမ့်မယ်။ ဒါပေမယ့် သနပ်ခါးစိုက်တောင်သူတစ်ယောက်ဟာ ခုနှစ်နှစ်သား သနပ်ခါးတစ်ပင်ကိုခုတ်ရောင်း ရင် ငွေ ၄ သောင်းလောက်သာ ရပြီး ငွေထပ်ရချင်တယ်ဆိုရင်တော့ နောက်ထပ် ခုနှစ်နှစ် ထပ်စောင့်မှသာရမှာပါ။
ဒါတောင်မှ ပြုစုပျိုးထောင်တာ လိုအပ်ချက်ရှိလို့ သနပ်ခါးပင်တွေ အရည်အသွေးမမှန်တော့ရင် ဝယ်မယ့်သူရှိမှာ မဟုတ်တော့ပါဘူး။
ပြီးတော့သုံးလေးနှစ်သက်တမ်းသာရှိတဲ့ သနပ်ခါးပင်တွေကလည်း ဈေးကွက်ထဲမှာ တစ်ပင်ကို ၂ သောင်းထပ်တောင်ပိုမရတော့ပါဘူး။ တောင်သူတွေဟာ ဒီလို အရည်အသွေးသိပ်မကောင်းလှတဲ့ သနပ်ခါးကို အတုံးလိုက်ရောင်းဖို့ အပြင် အရည်ဖျော်ပြီး အခဲလိုက်ရောင်းတဲ့ လုပ်ငန်း၊အမှုန့်ထုတ်တဲ့လုပ်ငန်း စသည်ဖြင့် လုပ်ကိုင်ကြပေမယ့် ဒါတွေကလည်း ဈေးကောင်းမရပြန်ပါဘူး။
သနပ်ခါးကို အဓိကဝယ်တဲ့နေရာတွေက ရန်ကုန်၊မွန်၊ပြည်၊ပဲခူးနဲ့ဧရာဝတီ တိုင်းတို့က ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ကိုတော့ အနည်းငယ်ရောင်းချပါတယ်။ နှစ်စဉ်ရောင်းအားကို စာရင်းဇယားအတိအကျမရှိပေမယ့် သနပ်ခါးဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကစတင်ပြီး တဖြည်းဖြည်းနဲ့ ဒီဒေသတွေမှာ ဈေးမရတော့တဲ့အပင်တွေဖြစ်လာပါတော့တယ်။
” မျိုးရိုးစဉ်ဆက် သနပ်ခါးစိုက်လာလို့သာ သနပ်ခါးကို တန်ဖိုးထားလို့ စိုက်တာပါ။ဒီဟာနဲ့ ထမင်းစားလို့ မရတော့ဘူး” လို့ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ တောင်သူဦးဝင်းတင့်ကပြောပါတယ်။ ဦးဝင်းတင့် ဟာ ဘိုးစဉ်ဘောင်ဆက် သနပ်ခါးစိုက်လာတဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့် သူလည်းမကြာခင် သနပ်ခါးတော်တော်များများကို ခုတ်ပစ်တော့မှာပါ။
စီးပွားရေးအတွက်သနပ်ခါးကို မှီခိုစရာမလိုတဲ့ အခွင့်အရေးကိုလည်း အညာမြေ က တောင်သူတွေ မြင်နေပါတယ်။ ဒါကတော့ သနပ်ခါးပင်တွေနေရာမှာ အညာဒေသ ရဲ့ တော်လှန်ရေးသီးနှံလို့ သူတို့ခေါ်တဲ့ လျှော်ဖြူပင်တွေစိုက်ပျိုးဖို့ပါပဲ။
အညာရဲ့တော်လှန်ရေးသီးနှံ
လျှော်ဖြူပင်တွေဟာ ရာဘာပင်တွေနဲ့ ပုံစံတူပါတယ်။ ၃ နှစ်သား လျှော်ဖြူပင်တစ်ပင် ကို ပင်စည်ကို လှီးပြီးထားတာနဲ့ အစေးတွေထွက်လာပါတယ်။ ရာဘာနဲ့မတူတာကတော့ဒီအပင်တွေဟာ အပူပိုင်းဒေသကိုကြိုက်ပြီး အစေးတွေဟာ ဒီအတိုင်းစားလို့ရပါတယ်။
လျှော်ဖြူကို အအေးထဲထည့်သောက်လို့ရသလို ထမင်းထဲလည်းထည့်ချက်လို့ရပါတယ်။ ဆေးဝါးနဲ့ အလှကုန်လည်း ထုတ်လုပ်နိုင်ပါတယ်။ စက်မှုလုပ်ငန်းတွေမှာဆိုရင် ကားမှန်၊လေကာမှန်နဲ့ ဖုန်းစကရင်မှန် တွေမှာ လျှော်ဖြူကို အသုံးပြုကြပါတယ်။ဒီလျှော်ဖြူတွေကို မြန်မာဆီက အဓိကဝယ်ယူ နေတာကတော့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။
” တစ်နိုင်ငံလုံးမှာ တစ်နှစ်လောက်စိုက်ထားတဲ့ လျှော်ဖြူကို တရုတ်က တစ်လထဲနဲ့ဝယ်ရင်ကုန်တယ်။ ဒါတောင်မလုံလောက်သေးဘူး ” လို့ စစ်ကိုင်းတိုင်းလျှော်ဖြူအသင်းဥက္ကဌ ဦးဇော်မင်းက ပြောပါတယ်။ သူကိုယ်တိုင်က တရုတ်လူမျိုးဖြစ်တာကြောင့် တရုတ်ရဲ့လျှော်ဖြူလိုအပ်ချက်ကြီးမားပုံကို သိပါတယ်။
တရုတ်က မြန်မာပြည်ကလျှော်ဖြူကို ရသလောက်ဝယ်တဲ့ အပြင်ဈေးကောင်းလည်းပေးတယ်လို့ ဦးဇော်မင်းက ဆိုပါတယ်။ ဒါကြောင့်လည်း အညာဒေသမှာတောင်သူတွေက သနပ်ခါးစိုက်ခင်းတွေအစား လျှော်ဖြူစိုက်ခင်းတွေကို အစားထိုးလာကြတာပါ။
လျှော်ဖြူတစ်ပင်ဟာ ပျှမ်းမျှအားဖြင့် ၃ နှစ်သားဆို အပင်ကိုခုတ်လှဲ စရာမလိုဘဲ အစေးထုတ်လို့ရပါတယ်။ နည်းစနစ်ပိုကောင်းတဲ့ စိုက်ပျိုးနည်းနဲ့ဆိုရင် ၁ နှစ်သားလောက်နဲ့ အစေးထုတ်လို့ရပါပြီ။ အစေးထုတ်တာကလည်း မခက်ခဲပါဘူး။ အပင်ကို ခုတ်ရာပေးထားတာနဲ့ နေ့တိုင်း လျှော်ဖြူစေးတွေက အလိုလိုထွက်တာမျိုးပါပဲ။ ဒီလို နေ့တိုင်းထွက်နေတဲ့ အစေးထဲမှာမှ ကြာဆံပုံ လျှော်ဖြူဟာ ဈေးအကောင်းဆုံးဖြစ်ပြီး ၁ ဒသမ ၆၃ ကီလိုဂရမ် ကို မြန်မာငွေ တစ်သိန်းခွဲလောက် ဈေးရပါတယ်။ အလယ်လတ်တန်းစားကြည်လင်နေတဲ့ လျှော်ဖြူအခဲဟာ ၁ ဒသမ ၆၃ Kg ကို လေးသောင်းလောက်ထိ ဈေးအသာလေးရပါတယ်။ လျော်ဖြူခင်းတစ်ခင်းဟာ သနပ်ခါးခင်းတစ်ခင်းထက် အများကြီးတန်ကြေးရှိလာပါတယ်။ဒါကြောင့် ပဲ တောင်သူတွေဟာ လျှော်ဖြူစိုက်ပျိုးဖို့ အားသန်လာတာပါ။
နိုင်ငံပိုင်သတင်းစာတွေကအစ လျှော်ဖြူဟာ ဈေးကောင်းရနေကြောင်းအမွှန်းတင်ပြီးရေးလာကြပါတယ်။ အညာဒေသ မှာ စိုက်ပျိုးတဲ့ ပဲ၊နှမ်း၊စတဲ့ သီးနှံတွေထက် လျှော်ဖြူဟာ ပိုက်ဆံအများကြီး ပိုရတာကြောင့် အညာဒေသရဲ့ တော်လှန်ရေးးသီးနှံလို့တောင် တောင်သူတွေက ခေါ်ကြတာပါ။
၂၀၁၈ ခုနှစ်မှာ စိုက်ပျိုးရေးဦးစီးဌာနက ကောက်ယူတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ လျော်ဖြူတွေစိုက်ဧက ၆ သောင်းလောက်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ် ဇန်နဝါရီလမှာ ကောက်ယူတဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ လျှော်ဖြူစိုက်ဧက ၉ သောင်း ၁ ထောင်ကျော်ရှိလာခဲ့ပါတယ်။ နောက်ဆုံးစာရင်းအရ သနပ်ခါးစိုက်ဧကဟာ ၈ သောင်း ၃ ထောင်ကျော်ပဲရှိလာပါတော့တယ်။
သနပ်ခါးဈေးတွေကျလာတဲ့ ဒီ လေးနှစ်အတွင်းမှာပဲ စစ်ကိုင်းတိုင်းအပါအဝင် မကွေးတိုင်း၊မန္တလေးတိုင်း စတဲ့ မြန်မာပြည်အလယ်ပိုင်း အညာဒေသမှာ လျှော်ဖြူစိုက်ခင်းတွေကိုစနစ်တကျနဲ့ဧကအများကြီးစိုက်ပျိုးသူများလာတဲ့ အပြင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုတွေလည်း သိသိသာသာနေရာယူလာတယ်လို့ စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာနက အရာရှိတစ်ဦးကပြောပါတယ်။
” တောင်သူကတော့သူထမင်းစားဖို့ ပိုက်ဆံရတဲ့ဟာပဲစိုက်တော့မှာပေါ့။သူ့ကို သနပ်ခါးပင်တွေ ခုတ်ပြီးလျှော်ဖြူ မစိုက်ပါနဲ့လို့ ကျွန်တော်တို့ သွားတားလို့မှမရဘဲ ” လို့အရာတော်မှာ နေတဲ့ တောင်သူဦးချစ်ကွန်း က ပြောပါတယ်။ သူက မြန်မာနိုင်ငံသနပ်ခါးအသင်းရဲ့ အတွင်းရေးမှုး ဖြစ်ပေမယ့် သူကိုယ်တိုင်လည်း လျှော်ဖြူတွေ အများအပြား စိုက်နေရပါတယ်။
အပင်တွေကနေထွက်ရှိတာတဲ့ အစေးတွေကို အရာတော်၊မုံရွာ၊မန္တလေးမြို့တွေမှာ ဒိုင်တွေကအကြီးအကျယ် ဝယ်ယူပြီး တရုတ်ပြည်ကို မူဆယ်ကတဆင့် တင်ပို့ကြပါတယ်။ ဒါပေမယ့် လျှော်ဖြူက တရားဝင်ပို့ကုန် မဟုတ်တဲ့ အတွက်တရားမဝင်ရောင်းဝယ်ကြရတာဖြစ်ပြီး စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာမျိုးတွေလည်း ရှိတယ်လို့အရာတော်နဲ့မန္တလေးမှာ ” ပလက်တီနမ်လျှော်ဖြူရောင်းဝယ်ရေး” လုပ်ငန်းလုပ်ကိုင်တဲ့ ကိုစိုးဝင်းက ပြောပါတယ်။ ကိုစိုးဝင်းရဲ့လုပ်ငန်းဟာ တစ်နှစ်ကို လျှော်ဖြူ ကီလိုဂရမ် လေးသောင်း လောက်အနည်းဆုံးတရုတ်ကို ရောင်းချတယ်လို့ သူကပြောပါတယ်။
” တရုတ်က လျှော်ဖြူအကြောင်းကျွမ်းကျင်တယ်။တရုတ်နဲ့ယှဉ်ရင် မြန်မာကချာတိတ်ပဲ။ တရုတ်ပွဲစားတွေက လျှော်ဖြူကို ကြည့်လိုက်တာနဲ့ မြန်မာပြည်ဘယ်နေရာက ထွက်တာလဲ တန်းသိတယ်” လို့ ကိုစိုးဝင်းကပြောပါတယ်။
တရုတ်ပြည်မကြီးအပြင် ဟောင်ကောင်၊ထိုင်ဝမ်စတဲ့နိုင်ငံတွေကလည်း မြန်မာပြည်ကလျှော်ဖြူဝယ်ကြပြီး တစ်ကမ္ဘာလုံးကို လျှော်ဖြူပါဝင်တဲ့ အစားအသောက်တွေ ကုန်ချောတွေရောင်းတယ် လို့ စစ်ကိုင်းတိုင်းလျှော်ဖြူအသင်းဥက္ကဌ ဦးဇော်မင်းကပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် တရုတ်ပွဲစားတွေကိုယ်တိုင် စိုက်ခင်းထဲဆင်းဝယ်တာတွေရှိတယ်လို့ သူကပြောပါတယ်။
သနပ်ခါးမြေဖြစ်တဲ့ အညာဒေသမှာ လျှော်ဖြူပင်တွေက နှစ်စဉ်အောင်ပွဲခံလာသလို တောင်သူတွေရဲ့ အကြိုက်ဆုံးအပင် ဖြစ်လာပါပြီ။ ဒီလိုနည်းနဲ့ ဈေးကောင်းမရတော့တဲ့ သနပ်ခါးပင်တွေ နေရာ မှာ လျှော်ဖြူတွေက နေရာယူလာပါတော့တယ်။
မြန်မာ့သနပ်ခါးကို ယူနက်စကိုတင်ခြင်း
ပြီးခဲ့တဲ့ လ ပိုင်းက မြန်မာပြည်က လူမှုကွန်ရက်အသိုင်းအဝိုင်းမှာ သတင်းတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ မြန်မာပြည်ရဲ့အမှတ်အသားဖြစ်တဲ့ သနပ်ခါးကို ထိုင်းနိုင်ငံက သူတို့ရဲ့မူပိုင်အဖြစ် လုပ်ဆောင်လာပြီဆိုတဲ့ သတင်းဖြစ်ပြီး လူအတော်များများကလည်း ဝေဖန်ရေးသားလာကြပါတယ်။ ဒီသတင်းနဲ့အတူ အစိုးရက လျှင်လျှင်မြန်မြန်လှုပ်ရှားလာတာကတော့ မြန်မာ့သနပ်ခါးကို UNESCO မှာ အမွေအနှစ်စာရင်းတင်သွင်းဖို့ပဲ ဖြစ်ပါတယ်။ စာရင်းတင်သွင်းဖို့ကို ၂၀၁၉ နှစ်လယ်ထဲက ကြိုးပမ်းခဲ့ကြပေမယ့် ၂၀၂၀ ရောက်မှ အကောင်အထည်ပေါ်လာခဲ့ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌ?