တောင်ကုန်းတစ်ခုပေါ်မှနေ၍ ပတ်ဝန်းကျင်အရပ်ဒေသများသို့ ငေးမောကြည့်ရှုနေသည့် ကေအိုင်အေတပ်သားတစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

နယ်မြေသစ်တွင် ကေအိုင်အိုကိုင်တွယ်ရသည့် အကဲဆတ်မျိုးနွယ်စုအရေး

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က မြန်မာ-တရုတ်နယ်စပ်ရှိ တွင်းထွက်သတ္တုကြွယ်ဝပြီး ကျယ်ပြန့်သော နယ်မြေကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ပြီး ဆင်းရဲမွဲတေမှုနှင့် တစ်ဦးတည်းအာဏာရှင်စနစ်၏ ဆိုးမွေအောက်တွင် သက်ဆိုးရှည်ခဲ့သည့် ဒေသကို ကောင်းမွန်စွာ အုပ်ချုပ်ရေးသည် ကေအိုင်အိုအတွက် မလွယ်ကူလှသည့် တာဝန်တစ်ခုဖြစ်သည်။

Emily Fishbein ၊ Jauman Naw ၊ Jaw Tu Hkawng နှင့် Hpan Ja Brang တို့ ပူးပေါင်းရေးသားသည်။

တရုတ်နယ်စပ်၊ ကချင်ပြည်နယ် အရှေ့ပိုင်းတောင်တန်းဒေသရှိ ပန်ဝါမြို့တွင် ကြီးပြင်းလာသည့် ဇေနော်အတွက် ပျော်ရွှင်ကြည်နူးဖွယ် ငယ်ဘဝအမှတ်တရများစွာရှိသည်။ သို့သော် အတိတ်ဖြစ်ရပ်ဆိုးတစ်ခုကတော့ စိတ်ထဲတွင် မှတ်မှတ်ထင်ထင် ကျန်ရစ်နေသည်။

သူကျောင်းနေစအရွယ် ၁၉၉၂ဝန်းကျင်ကဖြစ်သည်။ မြို့တွင်းရှိ လူများအားလုံး ဘောလုံးကွင်းသို့ လာရောက်စုဝေးကြရန် အသံချဲ့စက်မှတစ်ဆင့် ကြေညာသံထွက်လာသည်။ ကလေးငယ်များက ရှေ့တွင်၊ လူကြီးများက နောက်တွင် တန်းစီပြီး နေရာယူကြစဉ် စစ်သားများက မျက်နှာကိုအဝတ်ဖြင့်အုပ်ထားသူတစ်ဦးကို ခေါ်လာပြီး အများရှေ့မှောက်တွင် သေဒဏ်ချမှတ်ခဲ့သည်။

ထိုသူ၏ မျက်ရည်များကြောင့် မျက်လုံးကိုဖုံးအုပ်ထားသည့် အနီရောင်အဝတ်မှာ စိုစွတ်လာပြီး နုနယ်သော ဇေနောကဲ့သို့ ကလေးသူငယ်များအတွက် သွေးစများအလား ထင်မှတ်မှားစရာဖြစ်ခဲ့သည်။ 

“အဲဒီအကြောင်းကို အိပ်မက်ဆိုးတွေ ခဏခဏမက်ဖူးတယ်”ဟု ဇေနော (အမည်လွှဲ)က ပြောသည်။​ “အသက်နည်းနည်းကြီးလာတဲ့အခါ သူဘာလို့ သေဒဏ်ပေးခံရတာလဲဆိုပြီး မိဘတွေကို မေးကြည့်တော့ မူးယစ်ဆေးရောင်းတာကြောင့်လို့ ပြောကြတယ်”

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) မသိမ်းပိုက်ခင် နိုဝင်ဘာလအထိ နယ်စပ်တွင် အချက်အချာကျသော မြို့တစ်ခုဖြစ်သည့် ပန်ဝါကို ကချင်ဒီမိုကရေစီသစ်တပ်မတော် (အင်န်ဒီအေ-ကေ) က ထိန်းချုပ်ခဲ့သည်။ အင်န်ဒီအေ-ကေ ခေါင်းဆောင်မှာ အသက်၈၀ကျော်ပြီဖြစ်သည့် ဦးဇခုန်တိန့်ယိန်းဖြစ်ပြီး ၎င်းသည် မြန်မာပြည်တွင် နာမည်အပျက်ဆုံး စစ်ဘုရင်များအနက်က တစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း၃၀ခန့်က မြန်မာစစ်တပ်နှင့် အပေးအယူလုပ်သဖြင့် ပန်ဝါမြို့ ပါဝင်သော ထိုဒေသကြီးတစ်ခုလုံးကို ၎င်းက အုပ်ချုပ်ချယ်လှယ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ငေါ့ချန်းတိုင်းရင်းသားမျိုးနွယ်စုဝင်တစ်ဦးဖြစ်သည့် ဇခုန်တိန့်ယိန်းသည် ကေအိုင်အေသို့ ၁၉၆၃တွင် ဝင်ရောက်ခဲ့သည်။ ထိုအချိန်ကား ကချင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတိုက်ပွဲဝင်ရန် ကေအိုင်အေကို ဖွဲ့စည်းပြီး နှစ်နှစ်အကြာတွင် ဖြစ်သည်။

ကေအိုင်အေတွင် တပ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၁၉၆၈တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ တပ်မှူးလယောက်ဇယ်လွန်းနှင့်အတူ တပ်သားအချို့ကို ဦးဆောင်ကာ မိခင်အဖွဲ့အစည်းမှ ခွဲထွက်ခဲ့သည်။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး အမှတ်(၁၀၁)စစ်ဒေသအဖြစ် လူသိများခဲ့သည့် ကချင်ပြည်နယ်နှင့် တရုတ်၊ ယူနန်ပြည် နယ်စပ်တွင် အခြေစိုက်ကာ ဗကပ တပ်ခွဲတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

၁၉၈၉တွင် ဗကပ ပြိုကွဲသည့်အခါ ဇခုန်တိန့်ယိန်းက အင်န်ဒီအေ-ကေကို တည်ထောင်ပြီး ချက်ချင်းပင် မြန်မာစစ်တပ်နှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ အပြန်အလှန်အနေဖြင့် နယ်စပ်တလျှောက်ရှိ ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တီး၊ ပန်ဝါနှင့် ဆဒုံး စသည့်မြို့များပါဝင်သော ကချင်အထူးဒေသ (၁) ကို အုပ်ချုပ်ခွင့်ရခဲ့ပြီး စီးပွားရေးလုပ်ငန်းများကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရခဲ့သည်။ ၂၀၀၉တွင် အင်န်ဒီအေ-ကေသည် မြန်မာစစ်တပ်၏ လက်ဝေခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းသည့် ပထမဆုံးသော အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်လာသည်။

ဇခုန်တိန့်ယိန်းသည် သစ်ထုတ်လုပ်ရန်နှင့် မြေရှားသတ္တုတူးရန် ၎င်း၏နယ်မြေများကို တရုတ်သို့ ရောင်းစားသူအဖြစ် လူသိများသည်။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)က ၂၀၁၄တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် ဇခုန်တိန့်ယိန်း ဦးဆောင်သည့် နယ်ခြားစောင့်တပ်သည် တောင်သူများကို လွတ်လပ်စွာ ဘိန်းစိုက်ပျိုးစေ၍ အခွန်ကောက်ခံခြင်းဖြင့် ဘိန်းစိုက်ပျိုးမှုမှလည်း အကျိုးအမြတ်များ ရရှိခဲ့ကြောင်း ထောက်ပြခဲ့ဖူးသည်။

ဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်နှင့် အခြားမိတ်ဖက်ပြည်သူ့စစ် တစ်ဖွဲ့တို့သည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်သည့် ဖြစ်စဉ်တစ်ခု ၂၀၁၆က ဖြစ်ပွားခဲ့သည်။ ထိုနှစ်တွင် ဘိန်းစိုက်ခင်းများကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသည့် ပတ်ဂျာဆန်လှုပ်ရှားမှုတွင် ပါဝင်သော ထောင်နှင့်ချီသည့် လုပ်အားပေးသူများကို ထိုလက်နက်ကိုင်နှစ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ဘိန်းစိုက်တောင်သူများကို အကာအကွယ်ပေးခဲ့သည်။ ပတ်ဂျာဆန်သည် ကချင်ပြည်နယ်တွင်း မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းများ ဦးဆောင်သည့် အရပ်ဘက်အခြေပြု လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။

“သေနတ်တွေနဲ့ ပစ်ခံရတယ်၊ မြေမြှုပ်မိုင်းတွေနဲ့ တခြား အကြမ်းဖက်မှုတွေလည်း ကြုံခဲ့ရတယ်” ဟု ထိုစဥ်က ပတ်ဂျာဆန်လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။

ဂျီနီဗာအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Centre on Armed Groups က ၂၀၁၈တွင် ထုတ်ပြန်သည့် လေ့လာမှုတစ်ခုတွင်လည်း ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်းသည် တချိန်က ဘိန်းဖြူချက်စက်ရုံများ ပိုင်ဆိုင်ခဲ့ဖူးကြောင်း ဆိုသည်။

ဇေနောက ၎င်းတို့ အသိုင်းအဝိုင်းတွင်လည်း ဇခုန်တိန့်ယိန်းအပေါ် ထိုသို့သံသယရှိကြပြီး ကြောင်သူတော် ဟန်ဆောင်နေခြင်းကို ဘဝင်မကျဖြစ်သည်ဟု ဆိုသည်။

“သူတို့တွေလည်း မူးယစ်ဆေးနဲ့ ကင်းနိုင်တာလည်း မဟုတ်ဘဲနဲ့ကို တခြားသူတွေကိုကျတော့ စီရင်ချက်တွေချနေကြတယ်။ အဲဒါကျ တရားမမျှတော့ဘူးပေါ့” ဟု ၎င်းက ဖရွန်တီးယားသို့ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဇေနောက ကေအိုင်အေသို့ ငွေများ စတင်လှူဒါန်းခဲ့သည်။ စစ်တပ်က အာဏာသိမ်းသည့်အခါ ၎င်းတို့ကို ဖြုတ်ချရန် တစ်နိုင်လုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာသည့် အုံကြွမှုကြီးတွင် ကေအိုင်အေက ပါဝင်ပူးပေါင်းလာသည်။ ထို့ပြင် ကေအိုင်အေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်များကို သင်တန်းပေးသည့်အပြင် လက်နက်ပါ တပ်ဆင်ပေးခဲ့သည်။ ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းသောအခါ တစ်ချိန်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူများသည် လက်နက်စွဲကိုင်ရန် ထိုတပ်ဖွဲ့များကို တည်ထောင်လာကြသည်။

ကေအိုင်အေက ထိုးစစ်များကို အရှိန်မြှင့်သဖြင့် ကချင်ပြည်နယ်တစ်ဝန်း စစ်မီးတောက်သည့် အစောပိုင်းကာလများတွင်ပင် အထူးဒေသ (၁)သည် အေးအေးချမ်းချမ်းရှိနေခဲ့သည်။ ထိုကာလသည် အထူးဒေသ(၁)အတွင်း တရုတ်ပြည်သို့ တင်ပို့ရောင်းချရန် မြေရှားသတ္တုကို ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်ဖြင့် အလွန်အကျွံတူးဖော်နေချိန်လည်းဖြစ်သည်။ မြေရှားသတ္တုတူးဖော်မှုသည် ကြောက်ခမန်းလိလိ အမြတ်အစွန်းများသလောက် သဘာဝပတ်ဝန်းကျင်ကိုလည်း အလွန်အမင်း ထိခိုက်ညစ်ညမ်းစေသည်။

ထို့နောက် ဇွန်လအတွင်း ကေအိုင်အေနှင့် ၎င်း၏မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကချင်)တို့က အထူးဒေသ (၁)ကို စတင်ထိုးစစ်ဆင်၍ အောက်တိုဘာတွင် နယ်ခြားစောင့်တပ်ဌာနချုပ် ပန်ဝါမြို့ကို သိမ်းပိုက်ခဲ့သည်။ နိုဝင်ဘာ၂၀ရက်တွင် နယ်စပ်မြို့ ကန်ပိုက်တီးကို ဆက်လက်သိမ်းပိုက်ပြီး အထူးဒေသ(၁)တစ်ခုလုံးကို ထိန်းချုပ်လိုက်သည်။ တစ်ပတ်အကြာတွင် အထူးဒေသ(၁)ဟူသော အုပ်ချုပ်ရေးဆိုင်ရာ သတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း ကေအိုင်အိုက ကြေညာခဲ့သည်။

နယ်ခြားစောင့်တပ်နှင့် မဟာမိတ်ပြည်သူ့စစ်များ အကြီးအကျယ် အချေမှုန်းခံနေရစဉ်မှာပင် ၎င်းတို့၏ခေါင်းဆောင် ဇခုန်တိန့်ယိန်းသည် မိသားစုနှင့်အတူ တရုတ်ပြည်သို့ ထွက်ပြေးသွားကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

ယခုအခါ အုပ်ချုပ်ရေးကို တာဝန်ယူထားသည့် ကေအိုင်အိုသည် ခေတ်အဆက်ဆက် ဆင်းရဲမွဲတေမှု နက်ရှိုင်းပြီး အုပ်ချုပ်သူများ အစဉ်တစိုက် လျစ်လျူရှုခံလာရသော မျိုးနွယ်စုပေါင်းစုံနေထိုင်သည့် နယ်မြေကို ကောင်းမွန်စွာ အုပ်ချုပ်ရန် စိန်ခေါ်မှုတစ်ရပ် ကြုံလာရပြီဖြစ်သည်။ ထိုဒေသသည် လျှပ်စစ်ကားများနှင့် အခြားနည်းပညာသုံး စက်ကိရိယာများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေရှားသတ္တုများ အဓိကထွက်ရှိရာ ဒေသလည်းဖြစ်သည်။

ဇေနောကမူ ကေအိုင်အိုအနေဖြင့် ၎င်းတို့သိမ်းပိုက်ထားသည့် နယ်မြေသစ်ရှိ သယံဇာတ အရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် ရှေ့က အုပ်ချုပ်ခဲ့သူများ၏ ခြေရာဆိုးကို မနင်းရန် မျှော်လင့်နေသည်။

“ဇခုန်တိန့်ယိန်းမိသားစုနဲ့ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကပဲ သယံဇာတတွေကရတဲ့ ကြွယ်ဝမှုတွေနဲ့ သာယာနေကြတာ။ အဲဒီမှာနေတဲ့ အခြေခံလူတန်းစားနဲ့ ဆင်းရဲနွမ်းပါးတဲ့ဒေသခံတွေကတော့ အတော်လေး ဒုက္ခခံခဲ့ရတယ်” ဟု ဇေနော်က ပြောသည်။

“ဒီကပြည်သူတွေက ဒီထက်ပိုကောင်းတာနဲ့ ထိုက်တန်ပါတယ်”

ကချင်ပြည်နယ်၊ ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက်တစ်ခုကို ၂၀၂၁က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

အာဏာရှင်၏ အုပ်ချုပ်မှု 

နယ်ခြားစောင့်တပ်ဖြစ်မလာခင် ထိုတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူသုံးဦးက အင်န်ဒီအေ-ကေကို ခေါင်းဆောင်တစ်ဦးတည်းက တင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်ဟု ဆိုသည်။ လုံခြုံရေးအခြေအနေကြောင့် ၎င်းတို့ကို အမည်လွှဲများဖြင့် ဖော်ပြအပ်ပါသည်။

ယခင်စစ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်မှုရန်မှ လွတ်အောင် ၁၉၈၈တွင် ပန်ဝါမြို့သို့ တိမ်းရှောင်လာသည့် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးဘမောင်က အမှတ်(၁၀၁)စစ်ဒေသသို့ ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် ဇခုန်တိန့်ယိန်း၏ တပ်သည် အင်န်ဒီအေ-ကေ အဖြစ် အသွင်းကူးပြောင်းစဉ် ကာလဖြစ်သည်။

အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းက ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်မည်ဟု ကတိပြုသဖြင့် ပန်ဝါတွင် နေထိုင်ရသည့် နှစ်ကာလများသည် အေးချမ်းတည်ငြိမ်ခဲ့သည်ဟု ၎င်းကဆိုသည်။ အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၄အရောက်တွင် အင်န်ဒီအေ-ကေခေါင်းဆောင်များက ၎င်းနှင့် ဗမာလူမျိုးအဖွဲ့ဝင်များကို စစ်ထောက်လှမ်းရေးများအဖြစ် စွပ်စွဲလာသည်။ ရက်အတန်ကြာ အစစ်ဆေးခံရပြီးနောက် ပြန်လွတ်လာသောအခါ ၎င်းတို့လည်း ထိုဒေသမှ ထွက်ပြေးလာကြသည်။

၁၉၉၀ပြည့်နှစ်များမှ ၂၀၀၀ပြည့်နှစ် အစောပိုင်းကာလများတွင် အင်န်ဒီအေ-ကေ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဇောင်က တပ်တွင်းအာဏာသိမ်းရန် မအောင်မြင်သည့် ကြိုးပမ်းမှု အများအပြား ဖြစ်လာပြီးနောက် ဇခုန်တိန့်ယိန်းက ယခင်ကထက် အာဏာရှင်ပိုဆန်လာကြောင်း ဆိုသည်။

“အဓိကအားဖြင့်က ဇခုန်တိန့်ယိန်းပဲ။ သူ့ခွင့်ပြုချက်မပါဘဲ ဘာမှလုပ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ထိုစဉ် ၎င်းတို့အဖွဲ့အစည်းသို့ ငွေများ အလုံးအရင်း လှိမ့်ဝင်နေခဲ့သည်ဟု အင်န်ဒီအေ-ကေ၏ စီးပွားရေးဌာန၌ ထိုကာလတွင် အလုပ်လုပ်ခဲ့ဖူးသည့် ထုနမ်က ဆိုသည်။ ထိုနှစ်များသည် သစ်အများဆုံးခုတ်သည့်ကာလဖြစ်ပြီး ၎င်း၏ အထက်လူကြီးသည် တရုတ်စီးပွားရေးသမားများကို မကြာခဏ လက်ခံတွေ့ဆုံခဲ့ရသည့် အချိန်လည်းဖြစ်သည်ဟု သူကဆိုသည်။ ၎င်းရေတွက်ရသည့် တရုတ်ယွမ်ငွေ ပမာဏကို ကြည့်ခြင်းဖြင့် မည်မျှအကျိုးအမြတ်များသည့် အလုပ်ဖြစ်မည်ကို သူက ခန့်မှန်းနိုင်ခဲ့သည်။

“ငွေရေစက်တွေမရှိခဲ့တော့ လက်နဲ့ပဲရေကြရတယ်” ဟု ၎င်းကပြောသည်။ “ကျမတို့ တစ်နေ့လုံး ငွေပဲထိုင်ရေနေရတာ”

၂၀၁၀ပြည့်နှစ်ဝန်းကျင် မြေရှားသတ္တုလုပ်ငန်းများ မတွင်ကျယ်မီ ၎င်းသည် အင်န်ဒီအေ-ကေကို စွန့်ခွာခဲ့သော်လည်း ထိုအဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းများအကြား တူညီသည့်အချက်များကို သတိထားမိခဲ့သည်။

“ဘာငွေ အရင်းအနှီးမှ မလိုဘူး။ မြေတွေကို လိုက်ကြည့်ပြီး လက်ညှိုးလေးထိုး ရောင်းလိုက်ရုံပဲ”

အထူးယိုယွင်းလာတဲ့ မိတ်ဖက်ဆက်ဆံရေး

၂၀၂၃၊ ဇန်နဝါရီလအတွင်း စစ်တပ်လက်ဝေခံ ကိုးကန့်နယ်ခြားစောင့်တပ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့) ဦးဆောင်သည့် စစ်တပ်ဆန့်ကျင်ရေး အင်အားစုများက ချေမှုန်းဖြိုခွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဇခုန်တိန့်ယိန်း၏ လက်နက်ကိုင်တပ်ဖွဲ့သည် စစ်တပ်ဆန့်ကျင်ရေး အင်အားစုများ၏ ချေမှုန်းခြင်း ခံရသော ဒုတိယမြောက် နယ်ခြားစောင့်တပ် ဖြစ်လာသည်။ ကိုးကန့်နယ်ခြားစောင့်တပ်ကို ဦးဆောင်သည့် ကိုးကန့်မိသားစုများသည် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်း၍ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

စစ်တပ်၏မဟာမိတ် စစ်ဘုရင်များ၏ ရွှေထီးဆောင်းချိန်များ နေဝင်ချိန်သို့ရောက်လာနိုင်သည်ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု၏ မြန်မာ့ရေးရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ဆိုသည်။

“မြန်မာစစ်တပ်နဲ့ ပူးပေါင်းခြင်းအားဖြင့် ရလာတဲ့ ဒီလိုမျိုး ဆွေမျိုးစုကြီးတွေပိုင်ဆိုင်တဲ့ အကျိုးစီးပွားတွေနဲ့ လုပ်ငန်းတွေ အများအပြား ရှိကောင်းရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ “အာဏာသိမ်းမှုနောက်ပိုင်း ဒီဟာတွေအားလုံးက အတော်လေးကို ထိခိုက်ယိုယွင်းလာတယ်… ဒီလိုမျိုး စစ်ဘုရင်ဝါဒကို ကျားကန်ပေးထားတဲ့ အထောက်အပံ့တွေ ပြိုလဲလာတယ်”

ယင်းသည် ၎င်းတို့အတွက် သတင်းကောင်းဖြစ်နိုင်သည့်တိုင် ကေအိုင်အိုအနေဖြင့် ထိုနယ်မြေအတွင်း ညီညွတ်သော ကချင်အမျိုးသားရေး လက္ခဏာတစ်ရပ် တည်ဆောက်ပြီး တိုင်းရင်းသားဖြစ်မှုအရ ကွဲပြားခြားနားသည့် ဒေသခံများအကြား စည်းလုံးရေးရယူရန် ကြိုးပမ်းသင့်သည်ဟု လချိတ်တိုင်းရင်းသားတစ်ဦးလည်းဖြစ်၊ နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သည့် မန်ရှန်ယော်ဘောမ်က ဆိုသည်။

“ကချင်မြေ” ဟု ကေအိုင်အေက သတ်မှတ်သည့် နယ်နမိတ်အတွင်း ကချင်ပြည်နယ်တစ်ခုလုံးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့လည်း ပါဝင်သည်။ ထိုဒေသကြီးတွင် ကချင်အမျိုးသားရိုးရာနှင့်ယဥ်ကျေးမှုအဖွဲ့က ကချင်ဟု အသိအမှတ်ပြုထားသည့် ဂျိမ်းဖော၊ လီဆူ၊​ ရဝမ်၊ လချိတ်၊ လော်ဝေါ်နှင့် ဇိုင်းဝါ မျိုးနွယ်စု ခြောက်စုအပြင် အခြားတိုင်းရင်းသားများဖြစ်သော ရှမ်း၊ တအာင်း၊ နာဂနှင့် ဗမာလူမျိုးများသာမက တရုတ်၊ နီပေါနှင့် အိန္ဒိယအနွယ်ဝင် လူမျိုးများလည်း နေထိုင်သည်။

တရားဝင်ကချင်ဘာသာစကားဟူ၍ သတ်မှတ်ထားခြင်း မရှိသည့်တိုင် ကေအိုင်အိုအပါအဝင် အခြားအဖွဲ့အစည်းများက ဂျိမ်းဖောဘာသာစကားကို အများအားဖြင့် အသုံးပြုကြသည်။ အဘယ်ကြောင့်ဆိုသော် ကချင်ဟူသည့် စကားလုံးသည် ကချင်မဟုတ်သူများက ၎င်းတို့အား ရည်ညွှန်းရာတွင် သုံးစွဲသည့် ဖန်တီးထားသော အသုံးအနှုန်းတစ်ခုဖြစ်သည်။ ထို့ပြင် “ဂျိမ်းဖော” ဟူသည့် အသုံးမှာလည်း ဂျိမ်းဖောမျိုးနွယ်စု တစ်ခုတည်းထက် ကချင်တိုင်းရင်းသားအားလုံးကို ညွှန်းဆိုသည့်အနေဖြင့် အခြားလူမျိုးများက တစ်ခါတစ်ရံ သုံးနှုန်းလေ့ရှိတတ်ကြသောကြောင့် ဖြစ်သည်။

ယော်ဘောမ်ကမူ ကချင်လူမှုအသိုက်အဝန်းအတွင်း ဘာသာစကားကွဲပြားမှုက ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဟု ဆိုသည်။ “ဒီနေ့ဒီအချိန်ထိကို စုပေါင်းအမျိုးသားရေးလက္ခဏာကိစ္စကို ဘာမှမဖြေရှင်းကြသေးဘူး” ဟု ပြောသည်။ 

လူမျိုးပေါင်းစုံကို ကိုယ်စားပြုသည်ဟု ကေအိုင်အိုက ကြွေးကြော်သည့်တိုင် သမိုင်းတစ်လျှောက် ထိုအဖွဲ့အစည်းကို ဂျိန်းဖောမျိုးနွယ်စု ဝင်များကသာ ကြီးစိုးထားသည်ဟု စွပ်စွဲမှုများရှိနေသည်။ လီဆူနှင့် ရှမ်းနီအပါအဝင် အခြားမျိုးနွယ်စုများကမူ ကေအိုင်အိုသည် ၎င်းတို့၏မျိုးနွယ်စုဝင်များကို ဖိနှိပ်သတ်ဖြတ်သည့်အပြင် အတင်းအဓမ္မ တပ်သားစုဆောင်းခဲ့ကြောင်း နှစ်ပေါင်းများစွာ စွပ်စွဲလာသည်။

ထိုသို့ မျိုးနွယ်စုများအကြား မညီညွတ်မှုများက စစ်တပ်အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ခဲ့သည်။ သမိုင်းတစ်လျှောက် မိမိအာဏာ တည်မြဲရေးအတွက်သာ ရှေးရှုသည့် စစ်တပ်သည် ဖိနှိပ်ခံ မျိုးနွယ်စုငယ်များကို ၎င်းနှင့်ပူးပေါင်းရန် စည်းရုံးပြီး ပြည်သူ့စစ်များအဖြစ် လက်သပ်မွေးလေ့ရှိသည်။ ကချင်ပြည်နယ်ရှိ ၎င်းတို့၏နယ်မြေများတွင် ကေအိုင်အိုရန်မှ ပြည်သူလူထုကို ကာကွယ်ပါမည်ဟု ကြွေးကြော်သူအချို့ကို စစ်တပ်က မဟာမိတ်ပြုခဲ့သည်။

၎င်းတို့အနက်က တစ်ဦးမှာ ဇခုန်တိန့်ယိန်းဖြစ်သည်။ ၎င်းဆင်းသက်လာသည့် ငေါ့ချန်း ခေါ် အာချန်မျိုးနွယ်စုသည် လချိတ်မျိုးနွယ်စုနှင့် ဘာသာစကား ဆင်တူပြီး မကြာသေးမီက ၎င်းလက်လွှတ်လိုက်ရသည့် ဒေသသည် လချိတ်နှင့် လော်ဝေါ်မျိုးနွယ်စုများ၏ ဇာတိဟု လူများက ယူဆသည်။ ဇခုန်တိန့်ယိန်းသည် ၎င်း၏လက်နက်ကိုင်တပ်များကို တည်ဆောက်ရာတွင် လူမျိုးရေးအကြောင်းပြခြင်း မပြုခဲ့သော်လည်း လချိတ်နှင့် လော်‌ဝေါ်မျိုးနွယ်စုများကိုမူ မျိုးနွယ်စုအရေးကို သွယ်ဝိုက်အကြောင်းပြပြီး စည်းရုံးခဲ့သည်ဟု ယော်ဘောမ်က ဆိုသည်။

“ကေအိုင်အေက သူ့ မျိုးနွယ်စု တစ်ခု၊ နှစ်ခုကို အချင်းချင်း ပြန်တိုက်နေတဲ့ အခြေအနေမျိုးဖြစ်အောင် ဇခုန်တိန့်ယိန်းက ပုံဖော်နေခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ကချင်မျိုးနွယ်စုခြောက်ခုဝင် တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုကို ရေးချယ်ထားသည့် ပန်းချီကားတစ်ချပ်အား မြစ်ကြီးနားမြို့ရှိ ကချင်အမျိုးသားရိုးရာနှင့်ယဉ်ကျေးမှုအဖွဲ့ရုံးခန်းတွင် ချိတ်ဆွဲထားသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – Emily Fishbein ၊ Frontier)

မျက်စိပိတ်နားပိတ် ဘဝများ

အာဏာသိမ်းစဉ်ကစ၍ မြန်မာစစ်တပ်သည် ကချင်ပြည်နယ်တွင် ၎င်း၏ သွေးခွဲအုပ်ချုပ်ရေးဗျူဟာကို ပိုမိုကျယ်ပြန့်စွာ ဖော်ဆောင်လာခဲ့သည်။ ကချင်ပြည်နယ်အတွင်း ၎င်း၏ တပ်များအားကောင်းအောင် စစ်တပ်သည် ဇခုန်တိန့်ယိန်းအပါအဝင် ရဝမ်လော်ဝေါ်လီဆူနှင့် ရှမ်းနီပြည်သူ့စစ်များနှင့် ပူးပေါင်းမှုကို မြှင့်တင်ခဲ့သည်။

သို့သော် ယောဘောမ်ကမူ ထိုပြည်သူ့စစ်များနှင့် ၎င်းတို့၏ ခေါင်းဆောင်များအပေါ် ပြည်သူများ၏ ထောက်ခံမှုသည် ပိုမိုကျဆင်းလာသည်ဟု ဆိုသည်။

“လူအများစုက လက်ရှိနိုင်ငံရေးအခြေအနေမှာ ကေအိုင်အေရဲ့ လုပ်ရပ်တွေကို နားလည်တယ်၊ စာနာကြတယ်” ဟု ၎င်းက ပြောသည်။

ဇခုန်တိန့်ယိန်းအပေါ် အများပြည်သူ၏ မကျေနပ်ချက်များ ကြီးထွားလာသည့်အပြင် အာဏာသိမ်းမှုအလွန် အရှိန်ရလာသည့် စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ကေအိုင်အေ၏ အထူးဒေသ(၁)ကို သိမ်းပိုက်သည့်ထိုးစစ်များက “အချိန်ကိုက်ပင်” ဖြစ်သည်ဟု လော်ဝေါ်မျိုးနွယ်စုဝင် တိုင်းရင်းသူတစ်ဦးဖြစ်သည့် ဇေနောက ပြောသည်။

“လူထုမှာ မြိုသိပ်ထားရတဲ့ ဒေါသတွေရှိတယ်။ အသံကျယ်ကျယ်နဲ့ ထုတ်သာ မပြောရဲတာ စိတ်ထဲမှာတော့ ခံစားချက်တွေရှိတယ်” ဟု ၎င်းက ပြောသည်။

သို့သော် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအချို့ကမူ သံသယမျက်လုံးများ စောင့်ကြည့်နေဆဲဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် ပြည်တွင်းနှင့်ပြည်ပရှိ လွတ်လပ်သောအဖွဲ့များနှင့် စုပေါင်းဖွဲ့စည်းထားသော လချိတ်အမျိုးသားအတိုင်ပင်ခံကောင်စီကမူ ကေအိုင်အေနှင့် နယ်ခြားစောင့်တပ်တို့ကို စစ်ရေးနည်းလမ်းထက် ငြိမ်းချမ်းစွာအဖြေရှာကြရန် စက်တင်ဘာ၂၈ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

“ညီညွတ်ကြရမယ့် အချိန်မှာ ကချင်တွေက အချင်းချင်း ပစ်ခတ်သတ်ဖြတ်နေကြတာ ရှက်ဖို့ကောင်းပါတယ်” ဟု အဆိုပါကောင်စီ၏ ရေးဆိုခွင့်ရှိသူ ခေါ်ယိန်းက ဖရွန်တီးယားသို့ အီးမေးလ်ကတစ်ဆင့် မှတ်ချက်ပြုသည်။

ယခင်အထူးဒေသဟောင်းမြို့တော် ပန်ဝါမှ အရှေ့မြောက်ဘက်တွင်တည်ရှိသည့် နယ်စပ်မြို့တစ်ခုဖြစ်သော ဖီမော်ဒေသခံ အသေးစားစီးပွားရေးလုပ်ငန်းရှင် လချိတ်တိုင်းရင်းသူတစ်ဦးကလည်း အလားတူ စိုးရိမ်ပူပန်သည်။

“နယ်ခြားစောင့်တပ်ထဲမှာရော ကေအိုင်အေထဲမှာရော အမျိုးတွေရှိတယ်။​ ဘယ်ဘက်က ပိုကောင်းလဲဆိုတာ ကျမမသိဘူး” ဟု  သူက အောက်တိုဘာလနှောင်းပိုင်းတွင် ပြောသည်။ ကေအိုင်အိုက မည်ကဲ့သို့ အုပ်ချုပ်မည်ဆိုသည်ကိုလည်း စောင့်ကြည့်နေကြောင်း ၎င်းက ဖြည့်စွက်သည်။

ယခင် အထူးဒေသ (၁)တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများသည် လူမျိုးအချင်းချင်းတိုက်ကြသည့် တိုက်ပွဲမဟုတ်ဘဲ စစ်တပ်၏ ထောက်တိုင်များဖြစ်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များကို “ရှင်းလင်း”သည့် တိုက်ပွဲများသာဖြစ်ကြောင်း ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်အခြေစိုက် သတင်းဌာန Kachin News Group သို့ ပြောသည်။ ထို့ပြင် မျိုးနွယ်စုများ စည်းစည်းလုံးလုံးဖြင့် စစ်တပ်အုပ်ချုပ်မှုကို တော်လှန်ကြရန်နှင့် နိုင်ငံသစ်တစ်ရပ် တည်ဆောက်ရေး ကြိုးပမ်းကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

၎င်းတို့၏ ခေါင်းဆောင်များ ထွက်ပြေးသွားပြီးနောက် နေရာအတော်များများတွင် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များက ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချခဲ့သဖြင့် ကေအိုင်အေက အောင်ပွဲများ မြန်မြန်ဆန်ဆန် ဆွတ်ခူးနိုင်ခဲ့သည်။ ဇခုန်တိန့်ယိန်း၏ နောက်လိုက်တပ်များအပေါ် လူထုထောက်ခံမှုက ကျဆင်းလာသည့်အပြင် ကေအိုင်အိုအုပ်ချုပ်မှုအောက်တွင် ပိုမိုကောင်းမွန်သည့် ဘဝများပိုင်ဆိုင်နိုင်သည်ဟု လူထုကယူဆသဖြင့် ထိုသို့အောင်ပွဲများ ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က ကချင်ပြည်နယ်တွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အားတီယောဟန်က နိုဝင်ဘာ၁၃ရက်တွင် ဗွီအိုအေသတင်းဌာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဆိုသည်။

“သူတို့တွေက ကျနော်တို့ကို စပြီးယုံလာပြီ။ ဒါကြောင့်လည်း ဒီနယ်မြေတွေကို အလျင်အမြန် သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အားတီယောဟန်သည် ယခုအခါ အထူးဒေသဟောင်းတွင် ကေအိုင်အိုနှင့်အတူ လက်တွဲပူးပေါင်းနေသည်။

ထိုဒေသရှိ ပြည်သူအများသည် ဇခုန်တိန့်ယိန်း၏ လက်အောက်တွင် နှစ်ပေါင်းများစွာ အထီးကျန်ပြီး ဝါဒဖြန့်သည့်ဒဏ်များ ခံခဲ့ရသည်ဖြစ်ရာ ဤအခြေအနေများကို ကုစားရန် များစွာလိုအပ်နေသေးကြောင်း ၎င်းကဆိုသည်။

“အရင်က တစ်သွေး၊ တစ်သံ၊ တစ်မိန့်ပဲရှိခဲ့တော့ လူတွေက နိုင်ငံရေးဆိုတာ ဘာမှန်းတောင်မသိကြဘူး။ သူတို့က မျက်စိပိတ်နားပိတ်ဖြစ်နေခဲ့ရတာ” ဟု ၎င်းက ပြောသည်။

“ကေအိုင်အို၊ ကေအိုင်အေနဲ့ ကချင်-ပီဒီအက်ဖ်တွေက မကောင်းဘူးဆိုတာမျိုး ခေါင်းထဲ ရိုက်ထည့်ခံထားကြရတယ်။ သူတို့က ကျနော်တို့ကို ယုံဖို့ မဝံ့မရဲဖြစ်နေကြသေးတယ်။ သူတို့ဆီက ခိုင်မာတဲ့ လက်ခံမှုကိုရဖို့ ကျနော်တို့ လုပ်ဆောင်ရဦးမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နယ်ကျဉ်းတဲ့ အသိုက်အဝန်း

ဖရွန်တီးယားက ဆက်သွယ်မေးမြန်းသူများကမူ ကေအိုင်အိုသည် ၎င်းတို့၏ နယ်မြေသစ်ကို အုပ်ချုပ်ရာတွင် ခြေလှမ်းအမှားများကို ရှောင်ကြဉ်ရန် လိုအပ်နေသည်ဟု ဆိုသည်။

“အသိုက်အဝန်းလေးက သေးတော့ ဒေသခံတွေက အရမ်းနီးစပ်ကြတယ်” ဟု ဇေနောက ပြောသည်။ ထို့ပြင် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များသည် ယခင်က အတင်းအကျပ် တပ်သားစုဆောင်းသည်ဟု သတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရေးသားခဲ့သည်ဖြစ်ရာ ကေအိုင်အိုအနေဖြင့် ထိပ်ပိုင်းအရာရှိများနှင့် သာမန်စစ်သားများအပေါ် ဆက်ဆံပုံကို အသေအချာ ခွဲခြားထားရန်လိုသည်ဟု သူကဆိုသည်။ 

ကေအိုင်အေ၏ နယ်မြေသိမ်းအောင်ပွဲများနှင့်ပတ်သက်၍ ကနဦးတွင် အကောင်းမြင်စိတ်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပန်ဝါမြို့က ဆွေမျိုးများနှင့် အဆက်အသွယ်ရပြီးနောက် ထိုအဖွဲ့အစည်း၏ လုပ်ဆောင်ချက်များအပေါ် သံသယရှိလာသည်ဟု ဇေနောက ဆိုသည်။ ကေအိုင်အေကွပ်ကဲမှုအောက်ရှိ စစ်သားများ၏ အသေးစားပြစ်မှုကျူးလွန်ခြင်းနှင့် နှုတ်ဖြင့်စော်ကားခြင်း စသည့် ဒဏ်များကို ခံစားခဲ့ရကြောင်း ဆွေမျိုးများက ဇေနောကို ပြန်ပြောပြသည်။ ဇေနော၏ ဆွေမျိုးများက ဖရွန်တီးယားသို့ တိုက်ရိုက်ဖြေဆိုရန်ငြင်းဆန်ခဲ့သော်လည်း အမည်မဖော်လိုသူ ပန်ဝါမြို့ခံ နောက်တစ်ဦးက အောင်ပွဲများရရှိပြီးနောက် ကေအိုင်အေနှင့် မဟာမိတ်စစ်သားများ၏ အပြုအမူများအပေါ် စိုးရိမ်လာကြောင်း ဆိုသည်။

“ပန်ဝါကို ထိန်းချုပ်ပြီးကတည်းက ကေအိုင်အေက အုပ်ချုပ်ရေးစနစ်တစ်ခု ဘယ်လိုစတင်ရမလဲ တွေးနေကြပေမဲ့ အခုအခြေအနေက အရမ်းကို ပရမ်းပတာဖြစ်နေတယ်” ဟု ၎င်းက နိုဝင်ဘာလဆန်းပိုင်းတွင် ဖရွန်တီးယားကို ပြောသည်။

ကေအိုင်အေကွပ်ကဲမှုအောက်ရှိ စစ်သားများက ၎င်း၏လုပ်ငန်းခွင်သို့ သုံကြိမ်တိုင်တိုင် ရောက်ရှိလာပြီး ငွေကြေးတောင်းခံကြောင်း၊ အလုပ်ရှင်ကိုဆင့်ခေါ်ပြီး စောင့်ဆိုင်းနေစဉ်အတွင်း ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများကို မွှေနှောက်ရှာဖွေခဲ့ကြောင်း အဆိုပါ ပန်ဝါမြို့ခံက ဆိုသည်။ ထိုစစ်သားများအနက် အချို့သည် ပန်ဝါမြို့အတွင်း အများပြည်သူ စိတ်အနှောက်အယှက်လောက်အောင် ပြုမူပြောဆိုပြီး အလွန်အကျူး သောက်စားထားပုံပေါက်သည်ဟု ၎င်းက ဆိုသည်။

“လူတွေက အပြင်ထွက်ဖို့ကိုတောင် လုံခြုံတယ်လို့ မခံစားရတော့ဘူး။ အထူးသဖြင့် ညဘက်တွေပေါ့” ဟု ၎င်းက ပြောသည်။

ကေအိုင်အိုက စစ်ဆေးရေးဂိတ်များအတွက်လည်း အမျိုးသားနှင့် အမျိုးသမီးများကို တပ်သားသစ်အဖြစ် စုဆောင်းနေသည်ဟု ၎င်းက ဖြည့်စွက်သည်။ “ပန်ဝါ‌ဒေသကို ထိထိရောက်ရောက် အုပ်ချုပ်ဖို့ဆိုရင် လူအများကြီးလိုတယ်လို့ သူတို့က ပြောတယ်”

ဂျိမ်းဖောမျိုးနွယ်စုဝင် သတင်းရင်းမြစ်တစ်ဦးကလည်း ၎င်းသည် ပန်ဝါမြို့အနီး မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေစဉ် စက်တင်ဘာလအတွင်း ထိုဒေသတွင် အခြေစိုက်ပြီးဖြစ်သည့် ကေအိုင်အေက စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။ ကေအိုင်အေက လစဉ်ပေးသည့် ထောက်ပံ့ကြေး တရုတ်ငွေ ယွမ်၁၀၀ ဖြင့် သုံးလတိုင် “လုပ်အားပေး”အဖြစ် ထမင်းဟင်းချက်ခြင်း၊ စစ်သုံ့ပန်းများကို စောင့်ကြပ်ခြင်းနှင့် တိုက်ပွဲကာလအတွင်း ရှေ့တန်းသို့ ခဲယမ်း၊ မီးကျောက်များ သယ်ယူပို့ဆောင်ခြင်း စသည်တို့ကို လုပ်ခဲ့ရသည်ဟု သူကဆိုသည်။

ထိုကဲ့သို့သော ဖြစ်စဉ်များကို ထောက်ရှုသော် ဒေသခံများကြုံတွေ့ရမည့် စိန်ခေါ်မှုအချို့သည် လူမျိုးရေးနှင့်မသက်ဆိုင်လှဟု ထင်စရာ အကြောင်းရှိသည်။ သို့တိုင် ဒေသခံများကမူ ၎င်းတို့ခံစားရသည့် မကျေနပ်ချက်နှင့် နစ်နာမှုများသည် လူမျိုးရေးအသွင်ဆောင် လျက်ရှိသည်ကို စိုးရိမ်ကြသည်။

ကေအိုင်အေတွင် လော်ဝေါ်နှင့် အခြားမျိုးနွယ်စုဝင် တပ်သားများရှိသည်။ သို့သော် ဂျိမ်းဖောလူမျိုးတပ်သားများက ၎င်းတို့ဘာသာ ဂျိမ်းဖောလို ပြောဆိုသည့်အခါ အခြားမျိုးနွယ်စုဝင် တပ်သားများက “ဒီဂျိမ်းဖောတွေက ငါတို့ကို အနိုင်ကျင့်တော့မှာပဲ၊ ဒါသူတို့ လုပ်နေကျအကွက်တွေပဲ” ဟု တွေးကြကြောင်း ဇေနောက ဆိုသည်။

ယခုနောက်ပိုင်းတွင် ၎င်းနှင့် အရင်းနှီးဆုံး ဂျိမ်းဖောသူငယ်ချင်းများအကြားက ဆက်ဆံရေးပင် ပြောင်းလဲလာသည်ဟု အမည်မဖော်လိုသူ လချိတ်ကျောင်းသားတစ်ဦးက ဆိုသည်။

“ဘာမဆိုအကုန် သဘောတူနေဖို့မလိုပေမဲ့ ကျနော်တစ်ခုခုပြောလိုက်တာနဲ့ သူတို့က ဝေဖန်ကြတယ်။ လချိတ်ဖြစ်နေလို့ ဒါမျိုးပြောတာဆိုပြီးတော့ပေါ့” ဟု သူက ပြောသည်။

လချိတ်အမျိုးသားအတိုင်ပင်ခံကောင်စီ ပြောရေးဆိုခွင့်ရှိသူ ခေါ်ယိန်းကမူ လက်ရှိအခြေအနေကို တိုက်ရိုက်ကြားဝင်၍ စေ့စပ်ညှိနှိုင်း အဖြေမရှာနိုင်ပါက “တိုင်းရင်းသားမျိုးနွယ်စုများအကြား ပဋိပက္ခ” တစ်ခုအဖြစ် ဆုတ်ယုတ်သွားနိုင်ကြောင်း သတိပေးသည်။ ထို့ပြင် ကချင်ဘာသာ‌ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအတိုင်ပင်ခံကောင်စီများကို ကချင်အသိုင်းအဝိုင်းများအကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးရန် သူက တောင်းဆိုလိုက်သည်။

“တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး အမြန်ဆုံး အဖြေရှာဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။

လော်ဝေါ်မျိုးနွယ်စုဝင်ဖြစ်သော အထက်တွင်ဖော်ပြခဲ့သည့် ခရစ်ယာန်ဘာသာရေး‌ ခေါင်းဆောင်ကလည်း ကချင်အချင်းချင်း စစ်ခင်းခဲ့သဖြင့် စစ်တပ်၏ ထောင်ချောက်အတွင်းသို့ ကျရောက်ခဲ့ရသည်ကို ကချင်ပြည်သူလူထုက အမှတ်ရရန် လိုသည်ဟုဆိုသည်။ 

“စစ်တပ်က သွေးထိုးလို့ ကချင်မျိုးနွယ်စုတွေကြားမှာ တင်းမာမှုတွေမြင့်တက်ခဲ့ရတယ်။ ကချင်ပြည်နယ်ကို အတူတကွ ပြန်လည် တည်ဆောက်ကြဖို့ လိုအပ်တယ်။ မျိုးနွယ်စုတွေ အချင်းချင်းကြား နားလည်မှုပိုရှိပြီး ပိုပြီးပေါင်းစည်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခင်အထူးဒေသတွင် အုပ်ချုပ်ရေးစနစ်သစ်ကို စတင်အသက်သွင်းမည်ဖြစ်ကြောင်း နိုဝင်ဘာ၇ရက်တွင် ကေအိုင်အိုက ကြေညာခဲ့သော်လည်း အုပ်ချုပ်မှုယန္တရား မည်သို့မည်ပုံ လည်ပတ်မည်ကို အသေးစိတ် မထုတ်ပြန်သေးပေ။

ဖရွန်တီးယားက ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံများကမူ ကေအိုင်အိုအနေဖြင့် ၎င်း၏ စစ်သားများက ပြစ်မှုကျူးလွန်ပါက တာဝန်ခံမှုရှိစွာဖြင့် အပြစ်ပေးရမည့် နည်းလမ်းများ စတင်ကျင့်သုံးသည်ဟု ဆိုသည်။ ထို့ပြင် အခြားမျိုးနွယ်စုဝင်များ နေထိုင်ရာ အရပ်ဒေသများတွင် ဂျိန်းဖောဘာသာစကားကို တရားဝင်ရုံးသုံးစကားသဖွယ် အသုံးပြုနေမှုကို ရပ်တန့်ရန် ကေအိုင်အိုအား တိုက်တွန်းသည်။ ဂျိန်းဖောမဟုတ်သည့် အခြားမျိုးနွယ်စုမှ အဖွဲ့ဝင်များကို ဒေသန္တရအုပ်ချုပ်ရေးတွင် ကြီးလေးသော ရာထူးတာဝန်များ ခန့်အပ်ရန်၊ ဒေသခံများကို ထိတွေ့ဆက်ဆံရန်နှင့် ၎င်းတို့ကို အလုပ်အကိုင်ပေးရန် သူတို့က တိုက်တွန်းသည်။

ထို့ပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဖော်ဆောင်ပေးပြီး ကိုယ်ပိုင်တော်လှန်ရေးစံနှုန်းများကို တိတိကျကျ လိုက်နာခြင်းဖြင့် ၎င်းတို့သည် ယခင်အုပ်ချုပ်သူ ဇခုန်တိန့်ယိန်းနှင့် လုံးဝမတူသည်ကို ကေအိုင်အိုက သက်သေပြသင့်သည်ဟု ဒေသခံများက ဆိုသည်။

“သူတို့က သဘာဝသယံဇာတတွေကိုချည်း ထုတ်မနေဘဲ လူထုအတွက် မရှိမဖြစ်လိုအပ်တဲ့ စောင့်ရှောက်မှုတွေကိုပါ ဆောင်ကြဉ်းပေးမယ်လို့လည်း တကယ်ကို မျှော်လင့်မိပါတယ်” ဟု ဇေနောက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar