သတင်းမီဒီယာ ကောင်စီဝင်လောင်းများ ရွေးချယ်၊ တစ်ပတ်အတွင်း ကန့်ကွက်နိုင်

ရဲမွန်

မြန်မာသတင်းမီဒီယာကောင်စီ၏ ရွေးကောက်ပွဲကို သြဂုတ် ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး ကောင်စီဝင်လောင်းများကို ရွေးချယ်ခဲ့သည်။ ထရွေးကောက်ခံခဲ့ရသည့် ကောင်စီဝင်လောင်းများကို ကန့်ကွက်လိုပါက ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်သည်ဟု ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟစောက ပြောသည်။

ရွေးချယ်တင်မြှောက်ရေးအဖွဲ့ထံသို့ ရွေးကောက်ပွဲမတိုင်ခင်ရက်များကတည်းက ကန့်ကွက်စာအချို့ ရောက်ရှိနေသော်လည်း ဥပဒေနှင့်မညီသည့်အတွက် ရွေးချယ်တင်မြှောက်ရေးအဖွဲ့အနေဖြင့် ထည့်သွင်းစဉ်းစားမည်မဟုတ်ဟု ၎င်းက ဆိုသည်။

“ခုနစ်ရက်အတွင်း ကန့်ကွက်တဲ့စာတွေ ရောက်ရင်တော့ နောက်ထပ် ခုနစ်ရက်အတွင်းမှာ အပြီး စိစစ်ဆုံးဖြတ်သွားရမှာပေါ့။ မရှိရင်တော့ ပထမ ခုနစ်ရက်အတွင်း ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အတည်ပြုပေးပြီး သမ္မတရုံးကို ပို့သွားရမယ်”ဟု ဦးသီဟစောက ပြောသည်။

ကန့်ကွက်လိုသူများအနေဖြင့် ကန့်ကွက်လိုသည့် အကြောင်းအရာ ခိုင်လုံစွာဖြင့် စာရေးသားကာ ရွေးချယ် တင်မြှောက်ရေးအဖွဲ့ထံ သြဂုတ်၂၄ ရက်နေ့ ညနေလေးနာရီအထိ ပေးပို့နိုင်သည်ဟုလည်း ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ကြေညာထားသည်။

သြဂုတ် ၁၈ ရက်က ပြုလုပ်ခဲ့သည့် ရွေးချယ်တင်မြှောက်ပွဲတွင် အလိုအလျောက် ရွေးချယ်ခံရသည့် ကောင်စီဝင်လောင်းများ အပါအဝင် ကောင်စီဝင် ၂၉ ဦး ရွေးချယ်နိုင်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှစ်ဦးနှင့် အတွင်းရေးမှူးတို့ကိုမူ ရွေးချယ်ခံရသည့် ကောင်စီဝင်လောင်းများ အစည်းအဝေးတွင် ဆက်လက် ရွေးချယ်သွားကြမည်ဖြစ်သည်။

ထို့နောက် သမ္မတရှေ့တွင် ကျမ်းသစ္စာဆိုကြရမည်ဖြစ်ပြီး ငါးနှစ်သက်တမ်းရှိသည့် တတိယမြောက် သတင်းမီဒီယာကောင်စီသစ် ပေါ်ပေါက်လာမည်ဖြစ်သည်။

သတင်းမီဒီယာကောင်စီအသစ်အတွက် သမ္မတ ဦးဝင်းမြင့်က စာရေးဆရာ ဦးကျော်နိုင် (ထက်မြက်)၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးမြင့်လွင်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နှင့်နီးစပ်သူ ယခင် ပြည်သူ့အရေးဂျာနယ်၏ အယ်ဒီတာချုပ် ဦးမော်လင်းတို့အား ကိုယ်စားလှယ်များအဖြစ် အဆိုပြုခဲ့သည်။

“သမ္မတက အဆိုပြုတယ်ဆိုပြီး အစိုးရက ခန့်တယ်လို့ တချို့က ပြောကြတယ်။ အဆိုပြုတဲ့ အဆင့်ပါပဲ။ ဆွဲခန့်တာ မဟုတ်ပါဘူး။ ပြီးတော့ ဒီနေ့ ၂၉ ဦးစလုံးက ကောင်စီဝင်လောင်း အဆင့်ပဲ ရှိပါသေးတယ်။ ခုနစ်ရက်အတွင်း ကန့်ကွက်တာတွေ မရှိတော့မှသာ၊ သမ္မတရှေ့ ကျမ်းကျိန်ပြီးမှသာ ကောင်စီဝင်ဖြစ်မှာပါ”ဟု ဦးသီဟစောက ပြောသည်။

ကောင်စီအသစ်တွင် လူငယ် သတင်းသမား ကိုယ်စားလှယ်များလည်း ရွေးချယ်ခံခဲ့ရသည်။ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ)၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် ဒေါ်သူဇာက သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေးနှင့် ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ပြောသည်။

“အရင်ကောင်စီက လုပ်ခဲ့တဲ့ အရာတော်တော်များများမှာ အားနည်းချက်တွေက အများကြီးပဲ။ ဒါပေမယ့် ဥပဒေပြင်ဆင်ဖို့ ကိစ္စတို့၊ ရိုက်တာကိစ္စတို့ကတော့ အရေးတကြီး လုပ်ရမယ့် ကိစ္စတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

သတင်းမီဒီယာကောင်စီကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ယာယီအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ရွေးကောက်ပွဲပြုလုပ်ကာ လက်ရှိကောင်စီဝင်များကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကောင်စီဝင်သစတ်များသည့် သမ္မထံတွင် ကျမ်းသစ္စာဆိုပြီးပါက လက်ရှိကောင်စီဝင်များထံမှ တာဝန် လွှဲပြောင်းလက်ခံမည်ဖြစ်သည်။

လက်ရှိသတင်းမီဒီယာဥပဒေအရ မီဒီယာကောင်စီကို သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အဆိုပြုသူတစ်ဦးစီဖြင့် သုံးဦး၊ သတင်းအေဂျင်စီ၊ ပုံနှိပ်ထုတ်ဝေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းရုပ်ပြဆရာ၊ လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ ဥပဒေရေးရာ၊ သိပ္ပံနှင့် နည်းပညာစသည့် အစုအဖွဲ့များက ရွေးချယ်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

ရွေးချယ်ခံထားရသည့် ကောင်စီဝင်လောင်းများ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ရွေးချယ်ခံထားရသည့် ကောင်စီဝင်လောင်းများ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ရွေးချယ်တင်မြှောက်ခံရသော ကောင်စီဝင်လောင်းများ

၁။ ဦးကိုကို
၂။ ဦးခင်မောင်ဌေး
၃။ ဦးခိုင်မြတ်ကျော်
၄။ ဒေါ်ဝေမာသိမ့်
၅။ ဒေါ်သူဇာ
၆။ ဒေါ်သင်းသင်းသာ
၇။ ဦးအုန်းကြိုင် (ဟံသာဝတီ – ဦးအုန်းကြိုင်)
၈။ ဦးကျော်စွာမင်း
၉။ ဦးချစ်ဝင်းမောင်
၁၀။ ဦးဇင်လင်း (ဦးဌေးအောင်)
၁၁။ ဦးမြင့်ကျော်
၁၂။ ဒေါ်အိအိတင်
၁၃။ ဦးကျော်မင်းဆွေ
၁၄။ ဦးဇေယျာလှိုင်
၁၅။ ဦးလှိုင်းသစ်ဇင်ဝေ (သာလွန်ဇောင်းထက်)
၁၆။ ဦးပိုင်စိုးဦး (ဂျေပိုင်)
၁၇။ ဦးမင်းဟန်
၁၈။ ဦးသိမ်းစိုး (သိမ်းစိုး – သီဟရတနာ)
၁၉။ ဦးဇေယျ (သားကြီးမောင်ဇေယျ)
၂၀။ ဦးညွန့်တင် (မောင်ငြိမ်းသူ – ကြို့ပင်ကောက်)
၂၁။ ဦးစောသာထူး (မောင်မောင်ဖောင်တိန်)
၂၂။ ဦးကျော်ဇေယျ
၂၃။ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)
၂၄။ ဒေါက်တာမျိုးသန့်တင်
၂၅။ ပါမောက္ခဒေါက်တာမြင့်မောင်မောင်
၂၆။ ဦးသွင်လင်းအောင်
၂၇။ ဦးကျော်နိုင် (ထက်မြက်)
၂၈။ ဦးမြင့်လွင်
၂၉။ ဦးမော်လင်း

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar