သစ်လုပ်ငန်းစီမံကိန်းထောက်ပံ့မှုကို ဗြိတိန် ယာယီရပ်ဆိုင်း

ဗြိတိသျှဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဖြစ်သည့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဌာနသည် ရခိုင်ပြည်နယ်မှပြဿနာကြောင့် သစ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး စီမံကိန်း ငွေကြေးထောက်ပံ့မှုကို ယာယီရပ်ဆိုင်းခဲ့သည်။

ကျော်ရဲလင်း ရေးသားသည်။

တရားမဝင် သစ်ခိုးထုတ်မှုတိုက်ဖျက်ရေးနှင့် သစ်တောစီမံအုပ်ချုပ်မှုကို ပိုမိုထိရောက်အောင် ဆောင်ရွက်ရန် ရည်ရွယ်သော ဥရောပ၏အစီအစဉ် တစ်ရပ်တွင်ပါဝင်ရန် မြန်မာနိုင်ငံက ကြိုးပမ်းဆောင်ရွက်မှုအတွက် ငွေကြေးထောက်ပံံ့နေမှုများကို ဗြိတိန်နိုင်ငံက ရခိုင်ပြည်နယ်မှ အငြင်းပွားဖွယ် ပြဿနာကို အကြောင်းပြ၍ ယာယီရပ်ဆိုင်းခဲ့သည်။

သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု မူဘောင်အတွင်း ဥရောပသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ဆန္ဒအလျောက်သဘောတူညီချက် Forest Law Enforcement, Governance and Trade – Voluntary Partnership Agreement – FLEGT ကို လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်မှစ၍ ပြင်ဆင်ခဲ့သည်။

အီးယူက FLEGT Action Plan ရှေ့လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ်တွင် ချမှတ်ခဲ့ပြီး နှစ်နှစ်အကြာ၌ သစ်တင်ပို့သော နိုင်ငံများနှင့် အီးယူက နှစ်နိုင်ငံအပြန်အလှန် စေ့စပ်ညှိနှိုင်းနိုင်သည့် အခွင့်အာဏာရှိသော ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို ချမှတ်ခဲ့သည်။

FLEGT-VPA သဘောတူစာချုပ်ရေးထိုးရန် မြန်မာနိုင်ငံ၏ ပြင်ဆင်မှုများကို  ဗြိတိန်အစိုးရက အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန DFID မှနေ၍ ထောက်ပံ့မှုများပေးခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း MTE မှ ထုတ်လုပ်ရေး ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည်ကပြောသည်။

ရည်ရွယ်ချက်မှာ VPA ကိုညှိနှိုင်းရန် မြန်မာနှင့်အီးယူတို့ စေ့စပ်ညှိနှိုင်းရာတွင် ခိုင်မာသောအခြေခံကို ထူထောင်ရန်ဖြစ်ကြောင်း သူကပြောသည်။ အီးယူသို့ သစ်တင်ပို့မှုများ လွယ်ကူချေမွေ့စေရေး၊ သစ်တော စီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်စေရေးနှင့် တရားမဝင် သစ်ထုတ်လုပ်မှု တိုက်ဖျက်ရေးတို့အတွက် VPA ကို မြန်မာနိုင်ငံ လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေကြောင်း သူကပြောသည်။

သို့ရာတွင် ရခိုင်ပြဿနာကြောင့် ယခုအခါ လုပ်ငန်းစဉ်များ ကြန့်ကြာလျက်ရှိသည်။

“နိုဝင်ဘာလကုန်မှာ DFID က ထောက်ပံ့မှုတွေ ရပ်ဆိုင်းတော့မယ်ဆိုတဲ့အကြောင်းကို သြဂုတ်လထဲမှာ ကျွန်တော်တို့ကို အကြောင်းကြားပါတယ်။ ရခိုင်အခြေအနေက အဓိက အကြောင်းရင်းဖြစ်တယ်လို့ (စာထဲမှာ) အတိအလင်းဖော်ပြထားပါတယ်” ဟု အောက်တိုဘာလဆန်းပိုင်းတွင် သူက Frontier ကိုပြောသည်။

“ဝမ်းနည်းစရာကောင်းတာက ဒါဟာ သုံးပွင့်ဆိုင်အကျိုးရှိတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက နိုင်ငံရေးကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်း မဟုတ်ပါဘူး” ဟု သူကပြောသည်။

ယာယီရပ်ဆိုင်းသည့်သတင်းကို DFID သတင်းပြန်ကြားရေးရုံးက Frontier ကို အတည်ပြုပေးသည်။ ရခိုင်ပြည်နယ်အကျပ်အတည်းက “စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုတွင် အစဉ်တစိုက် နောက်ကျကျန်ခဲ့သူများကို”  ပစ်မှတ်ထားနေသည်ဟု ယူဆသည့်အတွက် မြန်မာနိုင်ငံ၏ ဦးစားပေးအခြေအနေကို ပြောင်းလဲမှု ရှိစေခဲ့ကြောင်း ရုံး၏ကြေညာချက်တွင် ဖော်ပြထားသည်။

VPA နှင့်ပတ်သက်ပြီး   DFID အထောက်အပံ့ဖြင့် ဆောင်ရွက်သောကိစ္စရပ်များကို “နောက်ထပ်တစုံတရာ အသိပေးချက် မထုတ်ပြန်မချင်း” ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်။ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို ရှင်းလင်းပြတ်သားစွာ မကြေညာမချင်း နောက်ထပ်ငွေထုတ်မပေးရန် DFID ရုံးက FLEGT အတွင်းရေးမှူးရုံးထံ အကြောင်းကြားထားသည်။

သတ်မှတ်ထားသော စံနှုန်းများကို မြန်မာအစိုးရက ဖြည့်ဆည်းပေးမည်ဆိုပါက ငွေကြေးထောက်ပံ့မှုကို ရပ်ဆိုင်းရန် ယူကေ၏ ဆုံးဖြတ်ချက်သည် သစ်တင်သွင်းမှု အစီအစဉ်အရ အီးယူကဆောင်ရွက်နေသော “ကမ်းလှမ်းချက်များကို ထိခိုက်မည်မဟုတ်ကြောင်း”  မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် မစ္စတာ ခရစ်တီယံ ရှမစ်က ပြောသည်။

“ဒီကိစ္စကို သူတို့က အလေးအနက်ထားရင် ကျွန်တော်တို့ကလည်း ထားရမှာပါ” ဟု သူူကပြောသည်။ ငွေကြေးထောက်ပံ့မှုကို အခြားနိုင်ငံရှိ အရင်းအမြစ်ကလည်း ရရှိနိုင်ကြောင်း သူကပြောသည်။ သို့သော်လည်း ဤအစီအစဉ်က မြန်မာနိုင်ငံရှိ “ဖြန့်ဖြူးရေးလုပ်ငန်း ကွင်းဆက်ကြီးတစ်ခုလုံး ထိန်းချုပ်ထားသည့်အတွက် ” ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ခက်ခဲကြောင်းနှင့် “အစိုးရက မသွားရောက်နိုင်သော နယ်မြေများ၌ သစ်အမြောက်အမြားကို ထုတ်ယူထားပြီးဖြစ်ကြောင်း” သူကပြောသည်။

မြန်မာ့ကျွန်းကို ရောင်းချရန်ခက်ခဲ

လုံခြုံရေးတပ်ဖွဲ့များက “လူသားများအပေါ် ရာဇဝတ်မှုများ” ကျူးလွန်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂလီမွတ်စလင် ၇၀၀,၀၀၀ ကျော် ထွက်ပြေးမှုအပါအဝင် ရခိုင်ပြည်နယ်ပြဿနာမှ ထွက်ပေါ်လာသောဆိုးကျိုးက အမျိုးသားစီးပွားရေး၊ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုနှင့် နိုင်ငံခြားခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့သည်။

သစ်လုပ်ငန်းအပေါ် တိုက်ရိုက်ဂယက်ရိုက်ခတ်မှုမှာ လွန်စွာသေးငယ်သော်လည်း VPA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်းမရှိပါက ရေရှည်တွင် ဆုံးရှုံးမှုများဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ သစ်တောထောက်ခံချက်ပြုရေး ကော်မတီ Myanmar Forest Certification Committee အတွင်းရေးမှူး၊ သစ်ကုန်သည် ဦးဘာဘာချိုကပြောသည်။

၂၀၁၃ ၌ အီးယူက သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရက ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးများကို တုံ့ပြန်သောအားဖြင့် မြန်မာနိုင်ငံမှသစ်များ တင်သွင်းမှုပိတ်ပင်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

၂၀၁၃ ခုနှစ်မှာ သွင်းကုန်ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ခြင်းက ဥရောပဈေးကွက်များတွင် တရားမဝင် သစ်၊ သို့မဟုတ် အန္တရာယ်များလွန်းသော သစ်များရောင်းချမှုကို ပိတ်ပင်သည့် ဥရောသမဂ္ဂ သစ်ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းမူဘောင် EUTR ကို စတင်ကျင့်သုံးချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။

EUTR အရ သစ်တင်သွင်းသူများသည် တရားမဝင်သစ်ထုတ်လုပ်မှုကို တင်သွင်းမှုမရှိကြောင်း အာမခံချက်ရရှိအောင် ထိုက်သင့်သော အားထုတ်မှုရှိရန် လိုအပ်သည်။

“ဥရောပသစ်တင်သွင်းသူတွေက အထောက်အထား စာရွက်စာတမ်းများ ပိုမိုတောင်းခံလာတာတွေနဲ့ သူတို့တောင်းဆိုချက်တွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေတာတွေကြောင့် အခုဆိုရင် ကုန်သည်တွေက အီးယူဈေးကွက်ကို သစ်တင်ပို့ရမှာ စိုးရိမ်နေကြပါတယ်” ဟု ဦးဘာဘာချိုကပြောသည်။

ကုန်သည်များ စိုးရိမ်ရန်အကြောင်းကလည်း ကောင်းစွာရှိသည်။

EUTR ကို ဖောက်ဖျက်၍ မြန်မာနိုင်ငံမှ ကျွန်းသစ်ကို တင်သွင်းခဲ့သည့် ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုကို ချမှတ်သောပြစ်ဒဏ်ကို ဆွီဒင်အုပ်ချုပ်ရေး တရားရုံးတစ်ခုက၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် အတည်ပြုပေးခဲ့သည်။

မြန်မာ့သစ်လုပ်ငန်း MTE မှ သစ်ကိုမဝယ်ယူမီ ဤသစ်ကို မည်သူခုတ်လှဲသည်၊ သို့မဟုတ် မည်သည့်နေရာမှာ ခုတ်လှဲခဲ့သည်ကို ကုမ္ပဏီက အထောက်အထားမပြနိုင်သည်ကို ဆွီဒင် သစ်လုပ်ငန်းအေဂျင်စီက စစ်ဆေးတွေ့ရှိခဲ့သည်။

သစ်တင်သွင်းသည့် လုပ်ငန်းတစ်ခုက EUTR ကိုချိုးဖောက်ကြောင်း ယမန်နှစ် အောက်တိုဘာက ဒတ်ချ် အစားအစာနှင့် ထုတ်ကုန်ဘေးကင်းလုံခြုံရေးအဖွဲ့ Dutch Food and Product Safety Authority – NVWA က စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း နယ်သာလန်နိုင်ငံသည် မြန်မာသစ် တရားမဝင် ရောင်းချမှုကို အရေးယူဆောင်ရွက်သော ဆဋ္ဌမမြောက် အီးယူနိုင်ငံဖြစ်လာသည်။

လန်ဒန်အခြေစိုက်စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေး အေဂျင်စီသည် မြန်မာ့သစ်တောဌာန Myanmar Forest Department နှင့် မြန်မာ့သစ်လုပ်ငန်း Myanmar Timber Enterprise တို့ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကြိုဆိုခဲ့သော်လည်း EUTR ပြဋ္ဌာန်းချက်နှင့်ကိုက်ညီသော သစ်ထုတ်လုပ်မှုမျိုး ဖြစ်ပေါ်စေရန် မြန်မာနိုင်ငံက အများကြီးဆောင်ရွက်ရန် လိုသေးကြောင်း ပြောကြားခဲ့သည်။

သစ်တောမှ ပြည်ပသို့တင်ပို့သည်အထိ သစ်ထုတ်လုပ်မှုကို ခြေရာခံရန် လက်ရှိဆောင်ရွက်နေသော စနစ်များသည် သစ်ထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက်အဆင့်ဆင့်ကို စောင့်ကြည့်ကွပ်ကဲနိုင်သည့် အခြေအနေရှိကြောင်း MTE မှ ဦးခင်မောင်ကြည်ကပြောသည်။

“MTE က ဆောင်ရွက်ပေးထားတဲ့ တရားဝင်အရောင်း အထောက်အထားတွေက လွတ်လပ်တဲ့လေလံစနစ်နဲ့ ရောင်းချတဲ့သစ်ကို အလွယ်တကူ ခြေရာခံနိုင်ပါတယ်။  MTE က ခုတ်လှဲရောင်းချတဲ့ကျွန်း၊ သို့မဟုတ် သစ်က တရားဝင်တယ်လို့ ကျွန်တော်တို့ အာမခံနိုင်ပါတယ်။ သယ်ယူပို့ဆောင်တဲ့အခါမှာ ပို့ရမယ့်သစ်နဲ့ တခြားသစ်တွေ ရောထည့်လာရင်တော့ ကျွန်တော်တို့ အာမမခံနိုင်ပါဘူး” ဟု သူကပြောသည်။

၂၀၁၆ ခုနှစ်က ဆွီဒင်အုပ်ချုပ်ရေးရုံးမှ ပြစ်ဒဏ်ချမှတ်ချမှတ်စဉ်ကနှင့် ယခင်နှစ်က ဒိန်းမတ်တွင် အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားစဉ်က သစ်များ တရားဝင်ဖြစ်မှုကို အာမခံနိုင်သည့် အထောက်အထားများ ထုတ်ပေးရန် MTE က အသင့်ရှိနေကြောင်း ဦးခင်မောင်ကြည်ကပြောသည်။ “ဒါပေမဲ့ ဒီအတွက်ဘယ်သူကမှ မတောင်းဆိုခဲ့ပါဘူး”  ၎င်းကဆိုသည်။

၂၀၁၆ နှစ်လယ်ခန့်က ကယားပြည်နယ်၊ လွိုင်ကောမြို့အနီး၌ သစ်လုံးကြီးများ သယ်ယူနေစဉ်။ ဓာတ်ပုံ - မာရီယို ဗာလီ

၂၀၁၆ နှစ်လယ်ခန့်က ကယားပြည်နယ်၊ လွိုင်ကောမြို့အနီး၌ သစ်လုံးကြီးများ သယ်ယူနေစဉ်။ ဓာတ်ပုံ – မာရီယို ဗာလီ

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုတွင် အပြည်ပြည်ဆိုင်ရာစံနှုန်းနှင့်ကိုက်ညီခြင်းမရှိဟု စွပ်စွဲခံနေရသည့် MTE နေရာတွင် အခြားအဖွဲ့အစည်း တစ်ခုဖွဲ့စည်းပြီး အစားထိုးရန် သစ်လုပ်ငန်းကဏ္ဍက တောင်းဆိုလျက်ရှိသည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီကြောင်း နိုင်ငံခြားဝယ်လက်များကို အာမခံချက်ပေးနိုင်ရေးအတွက် လွတ်လပ်သော တတိယအဖွဲ့အစည်းတစ်ရပ်လိုကြောင်း ဦးဘာဘာချိုကပြောသည်။ တတိယအဖွဲ့အစည်း လေးဖွဲ့ဖြစ်သည့်  မြန်မာ့သစ်တောအဖွဲ့အစည်း Myanmar Forest Association ၊ သဘာဝစောင့်ကြည့်ရေးအဖွဲ့ Nature Watch၊ ယူနိုက်တက် သစ်တောလုပ်ငန်း United Forestry Services နှင့် Double Helix Tracking Technologies တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သူကပြောသည်။

MFCC သည် တတိယအဖွဲ့အစည်း၏ သစ်တောအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးစနစ်ကို သြဂုတ်လစောစောပိုင်းက စတင်ကျင့်သုံးခဲ့ကြောင်းနှင့် ရည်မှန်းချက်မှာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ပိုမိုလက်ခံနိုင်စေရေးအတွက် အထပ်ထပ် စစ်ဆေးနိုင်ရန်ဖြစ်သည်။

“ဒီလိုဆောင်ရွက်တဲ့အတွက် အီးယူက သတ်မှတ်ထားတဲ့ ထိုက်သင့်တဲ့ အားထုတ်မှုပြုရေး တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်” ဟု ဦးဘာဘာချိုကပြောသည်။

တရားမဝင် သစ်ထုတ်လုပ်မှုကို နှိမ်နင်းခြင်း

အလယ်ပိုင်းဒေသ မကွေးတိုင်းသည် မြန်မာနိုင်ငံတွင် သစ်အများအပြားထုတ်လုပ်သော ဒေသတစ်ခုဖြစ်ပြီး သစ်အလွန်အကျွံ ထုတ်လုပ်မှုနှင့် တရားမဝင် ထုတ်လုပ်မှုတို့ကြောင့် သစ်တောပြုန်းတီးမှုများသော ဒေသဖြစ်သည်။

အင်န်အယ်လ်ဒီ တာဝန်ယူသည့်အချိန်က ဒေသတွင်း၌ တရားမဝင် သစ်ထုတ်လုပ်မှု အများအပြား ဖြစ်ပေါ်နေကြောင်းနှင့် သစ်ထုတ်လုပ်သူများက အစိုးရသက်တမ်း ခြောက်လအတွင်း အခြေအနေကို အကဲခတ် စောင့်ကြည့်နေသည့်သဘောရှိကြောင်း မကွေးတိုင်းဒေသကြီး သဘာဝအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကပြောသည်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် တရားမဝင် သစ်ထုတ်လုပ်မှုများက အရှိန်မြင့်တက်လာသည့်အတွက် အစိုးရက အရေးယူဆောင်ရွက်ခဲ့ရသည်။

“သူတို့(တရားမဝင်သစ်ခုတ်သူတွေ)က ကျွန်တော်တို့ကို အရင်အစိုးရတွေနဲ့အတူူတူူပဲလို့ ထင်နေကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို အကြောင်းပြလိုက်တယ်။ ကျွန်တော်တို့က တရားမဝင် သစ်ထုတ်တာကို လုံးဝသည်းမခံဘူးဆိုတာ ပြလိုက်တယ်။ ကျွန်တော်တို့သစ်တောတွေက အရေးတကြီး ကာကွယ်မှုတွေ လိုအပ်နေပါတယ်” ဟု သူက စက်တင်ဘာလအတွင်းက Frontier ကိုပြောသည်။

၂၀၁၇ ခုနှစ်တွင် ဦးမြင့်ဇော်သည် ရဲတပ်ဖွဲ့ဝင် ၁၀၀ အပါအဝင် တာဝန်ရှိသူ ၁၅၀ ပါဝင်သော လုပ်ငန်းအဖွဲ့ တစ်ဖွဲ့ကိုဦးဆောင်ပြီး တရားမဝင် သစ်ခုတ်သည့်ဂိုဏ်းကိုနှိမ်နင်းကာ မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းမှ လူ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။

သစ်ခိုးဂိုဏ်းသည် အစိုးရဝန်ထမ်းများနှင့်ပေါင်း၍လုပ်ကိုင်နေသဖြင့် သစ်ခိုးထုတ်သူများကို ကြိုတင်မသိရှိနိုင်စေရန် ဦးမြင့်ဇော်သည် နှိမ်နင်းမည့်အကြောင်းကို သစ်တောအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား ကြိုတင်အသိမပေးဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်ဖမ်းဆီးချိန်က ဂိုဏ်းခေါင်းဆောင် လွတ်မြောက်သွားသော်လည်း ဒီဇင်ဘာအတွင်းက သူ့ကိုဖမ်းမိသဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

ဒေသကြီးအာဏာပိုင်များသည် သစ်ခိုးထုတ်လုပ်မှုပြီးဆုံးသော ၂၀၁၇ ခုနှစ် ဧပြီနောက်ပိုင်းအထိ မကွေးတိုင်းဒေသကြီးတွင် အနည်းဆုံး သစ်တန်ချိန် ၂၆,၀၀၀ ကိုဖမ်းမိခဲ့ပြီး တရားမဝင် သစ်ခိုးထုတ်မှု ၁,၄၂၂ မှု ရှိခဲ့သည်။

သူ့ကြိုးပမ်းဆောင်ရွက်မှုများကြောင့် တရားမဝင် သစ်ခိုးထုတ်မှု နှိမ်နင်းရာတွင် အစိုးရအဖွဲ့ဝင်များအကြား ဦးမြင့်ဇော်သည် အတက်ကြွဆုံးအဖွဲ့ဝင်အဖြစ် နာမည်ကောင်း ရရှိခဲ့သည်။ ဤအခြေအနေက သူ့ကို ပစ်မှတ်တစ်ခုအဖြစ် ရောက်ရှိစေခဲ့ကြောင်း သူကပြောသည်။

“မင်း ဒီရာထူးနေရာမှာ အမြဲတမ်း ရှိနေမှာ မဟုတ်ပါဘူး။ မင်း သာမန်အရပ်သားဖြစ်တဲ့အချိန် ဘာဖြစ်မလဲဆိုတာ တွေ့ကြသေးတာပေါ့လို့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ဆီ သတင်းစကား ပါးပါတယ်။ ရိုးရိုးသားသားပြောရရင် ဒီမှာ အဂတိလိုက်စားတဲ့အရာရှိတွေ ရှိနေသေးတော့ သစ်ခိုးထုတ်တာ ပပျောက်ဖို့ ကျွန်တော်တို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်” ဟု သူကပြောသည်။

မြန်မာ့သစ်လုပ်ငန်းကို ပြုပြင်ပြောင်းလဲခြင်း

သစ်ကုန်သည်များနှင့် ပြည်ပတင်ပို့သူများအား မြန်မာ့သစ်လုပ်ငန်း MTE က သစ်ထုတ်လုပ်ရောင်းချမှု၌ လက်ဝါးကြီးအုပ်ထားပြီး နှစ်ပေါင်းများစွာအတွင်း ဝင်ငွေအမေရိကန်ဒေါ်လာ ဘီလျံများစွာရရှိပြီး အကျိုးစီးပွားဖြစ်ထွန်းသော လုပ်ငန်းဖြစ်ခဲ့သည်။

သို့သော်လည်း လုပ်ငန်းအဖွဲ့၏ မဟာဗျူဟာများက အငြင်းပွားဖွယ်ဖြစ်နေသည်။ သစ်တောပြုန်းတီးမှုသည် ပုဂ္ဂလိက သစ်ထုတ်သူများကြောင့်မဟုတ်ဘဲ MTE က အတည်ပြုထားသော ကုမ္ပဏီများကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူအချို့ကပြောသည်။ စစ်အစိုးရလက်ထက်တွင် နိုင်ငံအတွင်းရှိ ရှေ့ဆောင်စီးပွားရေး လုပ်ငန်းရှင်တို့အား အကျိုးအမြတ်များစွာ ရရှိရန်သေချာသော သစ်ထုတ်လုပ်ခွင့်များ ပေးခဲ့သည်။

တရားမဝင် သစ်ထုတ်လုပ်မှုကို တိုက်ဖျက်သည့် ပြုပြင်ပြောင်းလဲမှုအဖြစ် MTE သည် ယခင်နှစ်က ပုဂ္ဂလိက ကုမ္ပဏီများကို တဆင့်ခံကန်ထရိုက်အဖြစ် အသုံးပြုခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း ဦးခင်မောင်ကြည်ကပြောသည်။

သစ်ထုတ်လုပ်မှုသည် ရေရှည်တည်တံ့စွာ ထုတ်လုပ်နိုင်သည့် ပမာဏဖြစ်သော နှစ်စဉ်ခွင့်ပြုနိုင်သည့် ခုတ်လှဲမှုထက် အမြဲကျော်လွန်နေသည်။

“အရင် MTE လုပ်ခဲ့တာက အရင်အစိုးရမူဝါဒအတိုင်း လုပ်ရတာပါ။ တရားဥပဒေနဲ့မညီတဲ့အလုပ် ဘာတခုမှ မလုပ်ခဲ့ဘူး။ ကျွန်တော်တို့က အမိန့်အတိုင်း လုပ်ရတာပါ။ စစ်အစိုးရလက်ထက် အစိုးရအဖွဲ့ ချမှတ်ထားတဲ့ ဝင်ငွေရည်မှန်းချက် ပြည့်မီအောင် MTE က လုပ်ပေးရတာပါ ” ဟု စက်တင်ဘာလအတွင်းက ရန်ကုန်ရှိ MTE ရုံးချုပ်၌ ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတွင် သူကပြောသည်။

၂၀၁၄-၁၅ နောက်ပိုင်းတွင် သစ်ထုတ်လုပ်မှုက နှစ်စဉ်ခွင့်ပြုနိုင်သည့် ပင်ထောင်ရိုက် ခုတ်လှဲမှုအောက်သို့ များစွာကျဆင်းလာကြောင်းနှင့် ယခုဘဏ္ဍာနှစ်တွင် အများဆုံးခွင့်ပြုချက်၏ ၃၅ ရာခိုင်နှုန်းသာခုတ်ဖို့ မျှော်မှန်းထားကြောင်း  ဦးခင်မောင်ကြည်ကပြောသည်။

ရေရှည်အတွက် MTE သည် သစ်စိုက်ပျိုးရေးခြံများ တည်ထောင်ရေးစီမံချက်ရေးဆွဲပြီး အင်န်အယ်လ်ဒီအစိုးရ သက်တမ်းမကုန်ဆုံးမီ ကော်ပိုရိတ်စနစ် တည်ထောင်သွားရန် ရည်မှန်းထားသည်။

“အဖွဲ့သစ်နာမည်က Myanmar Forestry Enterprise ဖြစ်ပါမယ်။ ၁၀ နှစ်နဲ့ ၁၅ နှစ်အတွင်းမှာ သစ်တွေကို သဘာဝသစ်တောတွေကနေ ထုတ်ယူတော့မှာ မဟုတ်ပါဘူး” ဟု ဦးခင်မောင်ကြည်ကပြောသည်။

ဘင်ဒူးနန့် အားဖြည့်ရေးသားသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မာရီယို ဗာလီ

ကျော်ရဲလင်း

ကျော်ရဲလင်း

ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သည့် ကျော်ရဲလင်းသည် ၂၀၁၁ ခုနှစ်တွင် ပေါ်ပြူလာသတင်းဂျာနယ်တွင် လုပ်ကိုင်ခြင်းဖြင့် ဂျာနယ်လစ်ဘဝကို စတင်ခဲ့သည်။ Frontier နှင့် လက်မတွဲမီက အလွတ်တန်းသတင်းထောက်နှင့် Fixer အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar