သစ်တောစိုက်ခင်း ထူထောင်သူများအကြား မန်ဂျန်ရှားက ရေပန်းစားနေ

သစ်တောပြုန်းတီးမှုကို ပြန်လည် ကုစားနိုင်ရုံသာမက စီးပွားရေးအတွက်ပါ တွက်ခြေကိုက်သည့် မန်ဂျန်ရှားပင်ကို စီးပွားဖြစ် စိုက်ခင်းထူထောင်သူများက ရွေးချယ်စိုက်ပျိုးနေကြသည်။ 

ကျော်ရဲလင်း ရေးသားသည်။ 

စီးပွားဖြစ် သစ်တောစိုက်ခင်းများနှင့် အစိုးရက ဆောင်ရွက်နေသည့် သစ်တောပြုန်းတီးမှု ကာကွယ်ရေး စီမံကိန်းများအတွက် အကြီးမြန်သည့် သြစတြေးလျ အပင်မျိုးစိတ်တစ်ခုက ရွေးချယ်စရာ ဖြစ်လာနေသည်။ အဆိုပါအပင်မှာ သြစတြေးလျမျိုးစိတ် Acacia အပင်တစ်မျိုး ဖြစ်သည်။

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးဖြစ်နေသည့် သစ်တောပြုန်းတီးမှုနှုန်းကို ထိန်းချုပ်ရန်အတွက် သစ်တောဦးစီးဌာနက သစ်တောများ ပြန်လည်စိုက်ပျိုးရန် စီမံကိန်းတစ်ခု ရေးဆွဲထားသည်။ ထိုစီမံကိန်းအရ ပြုန်းတီးသွားသော သစ်တောများအတွက် သစ်တောဧက ၆၄၀,၀၀၀ ကို ၂၀၂၈ ခုနှစ်တွင် အပြီး ပြန်လည် စိုက်ပျိုးမည်ဖြစ်သည်။ ထိုအထဲမှ ၂၈၀,၀၀၀ ဧကကို ပုဂ္ဂလိက စိုက်ခင်းများအဖြစ် ထူထောင်သွားမည်ဟု သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသောင်းဦးက Frontier ကို ပြောသည်။ 

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြုလုပ်ခဲ့သည့် ကမ္ဘာသစ်တောရင်းမြစ် လေ့လာဆန်းစစ်မှုအရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သစ်တောနှင့် သစ်ပင်များ ဖုံးလွှမ်းထားသည့် မြေ ဟက်တာ ၁၅ သန်းခန့် ပြုန်းတီးခဲ့သည်ဟု ဆိုသည်။ 

၂၀၁၅ ခုနှစ်တွင် လေ့လာချက်အရ သစ်တောများ ဖုံးလွှမ်းထားသောနေရာနှင့် သစ်ပင်ပေါက်ရောက်နေသော နေရာများမှာ ၄၃ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်းများအထိ အသီးသီး ကျဆင်းသွားခဲ့သည်။ 

သစ်တောများ ပြန်လည်စိုက်ပျိုးရေး စီမံကိန်းအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနအနေဖြင့် နှစ် ၃၀ အကြာတွင် ခုတ်လှဲနိုင်သော ကျွန်းသစ်နှင့် ပျဉ်းကတိုးများကို အဓိက စိုက်ပျိုးမည်ဟု ဦးသောင်းဦးက ဆိုသည်။ 

ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်သူများအနေဖြင့်မူ အကြီးမြန်သော သစ်ပင်များကို စိုက်ပျိုးနိုင်သည်ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ယူကလစ် (Eucalypts) နှင့် မန်ဂျန်ရှားဟု မြန်မာနိုင်ငံတွင် လူသိများသည့် Acacia Mangium တို့ကို စိုက်ခင်းသမားများနှင့် စိုက်ခင်းကုမ္ပဏီများက နှစ်သက်ကြသည်။ ၎င်းအပင်များသည် သြစတြေးလျ မြောက်ပိုင်း၊ ပါပူအာ နယူးဂီနိနှင့် အင်ဒိုနီးရှား ဇာတိအပင်များ ဖြစ်ကြသည်။ 

ယူကလစ်ပင်များကို မြန်မာနိုင်ငံတွင် ယခင်ကတည်းက စီးပွားဖြစ် စိုက်ပျိုးလာခဲ့သော်လည်း ၎င်းအတွက် ရေများစွာ လိုအပ်သောကြောင့် မန်ဂျန်ရှားကို အစားထိုး စိုက်ပျိုးလာခဲ့ကြသည်။ 

မြန်မာနိုင်ငံအနှံ့ ရှင်သန်ပေါက်ရောက်သော မန်ဂျန်ရှားပင်များမှာ ၂၀၁၄ ခုနှစ်ကတည်းက တရှိန်ထိုး လူကြိုက်များလာခဲ့ခြင်း ဖြစ်သည်ဟု ဦးနေမျိုးအောင်က ဆိုသည်။ သူက ရန်ကုန်မြောက်ပိုင်း၊ မှော်ဘီမြို့နယ်တွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်ကာ မန်ဂျန်ရှား ဧက ၄၀ ခန့် စိုက်ပျိုးခဲ့သူဖြစ်သည်။ သူ၏ စိုက်ခင်းက နှစ်စဉ် ကျယ်ပြန့်လာခဲ့ရာ ယခုအခါ ဧက ၉၀ ခန့်အထိ ရှိနေပြီဖြစ်သည်။

ဦးနေမျိုးအောင်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဦးနေမျိုးအောင်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“၂၀၁၁ ခုနှစ်က လူမှုကွန်ယက်ပေါ်မှာ မန်ဂျန်ရှားမျိုးစိတ်ကို စတင်မိတ်ဆက်ခဲ့ပြီးကတည်းက လူကြိုက်များလာတာပါ။ ၂၀၁၄ ခုနှစ်က စပြီး ဝယ်လိုအားက တစ်နှစ်ကို ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်” ဟု ဦးနေမျိုးအောင်က ပြောသည်။

ကျေးရွာစိုက်ခင်းတွင် မန်ဂျန်ရှားပင်များကို စတင်စိုက်ပျိုးချိန်က အချိန်တိုအတွင်း ထင်းအဖြစ် ပြန်လည် ခုတ်ယူနိုင်ရန် သူနှင့် အခြားသော လယ်သမားများက ရည်ရွယ်ခဲ့ကြသည်ဟု ဦးနေမျိုးအောင်က ပြောသည်။

သို့သော် နောက်ပိုင်းတွင် အဆိုပါအပင်မှ ရရှိသည့်သစ်ဖြင့် ပရိဘောဂများ၊ တံခါးဘောင်များ ပြုလုပ်နိုင်သည်ကို သိရှိခဲ့ကြသည်ဟု သူက ပြောသည်။

မန်ဂျန်ရှားပင်များကို အခြားနိုင်ငံများတွင်လည်း စီးပွားဖြစ် စိုက်ပျိုးနေကြသည်ကို နှေးကွေးသည့် အင်တာနက်မှတစ်ဆင့် လေ့လာသိရှိခဲ့ကြသည်ဟု သူက ပြောသည်။

ထိုအပင်များမှာ ကျွန်းနှင့် ပျဉ်းကတိုးများကဲ့သို့ နှစ်ရှည်စောင့်စားရန် မလိုအပ်ဘဲ ၁၀ နှစ်မှ ၁၂ နှစ်အတွင်း ခုတ်လှဲအသုံးပြုနိုင်သည်။ ထို့ပြင် မြေတစ်ဧကလျှင် မန်ဂျန်ရှား အပင် ၁,၂၀၀ အထိ သိပ်သည်းစွာ စိုက်ပျိုးနိုင်သည်။ 

တစ်ဧက စိုက်ပျိုးရန်အတွက် ကျပ် ၈၀၀,၀၀၀ ခန့် ကုန်ကျနိုင်မည်ဟု ဦးနေမျိုးအောင်က ဆိုသည်။ 

မန်ဂျန်ရှားမျိုးစေ့များကိုလည်း ရောင်းချနေသည့် ဦးနေမျိုးအောင်က ပြီးခဲ့သည့်နှစ်များအတွင်း မန်ဂျန်ရှား ဧက ၂,၀၀၀ ခန့်ကို သူစိုက်ပျိုးပေးခဲ့သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့က မန်ဂျန်ရှားပင်ကို ဘယ်လိုစိုက်ရမယ် မသိတဲ့ လူတွေအတွက် ပျိုးခင်းလေးတွေ စိုက်ပေးတာပါ။ အပင်တွေက အလျှင်အမြန်ပဲ ကြီးထွားလာပြီး ငါးနှစ်အတွင်းမှာ မန်ဂျန်ရှားတောအုပ်ကြီး ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ သစ်တောတွေ ပြန်လည်စိုက်ပျိုးတဲ့အနေနဲ့ လုပ်နိုင်ပါတယ်” ဟု သူက ဆိုသည်။ 

မြန်မာနိုင်ငံအတွက် ပထမဆုံးသော မန်ဂျန်ရှားစိုက်ခင်းကို ပြီးခဲ့သည့် ရှစ်နှစ်ခန့်က ပဲခူးတိုင်းတွင် တရုတ်ကုမ္ပဏီတစ်ခုက စတင်စိုက်ပျိုးခဲ့သည်။ ထိုစိုက်ခင်း၏ အောင်မြင်မှုသည် ဦးအောင်ကိုလွင်အတွက် အတွေးသစ်တစ်ခု ရရှိစေခဲ့သည်။ 

ယခုအခါ မန်ဂျန်ရှားပင် စိုက်ပျိုးလိုသူများအား အကြံဉာဏ်များ ပေးနေသည့် ရွှေဂျိုးဖြူအဖွဲ့ကို ဦးအောင်ကိုလွင်က ဦးဆောင်နေသည်။ “ကျွန်တော် ဇနီးက ပဲခူးတိုင်း၊ သာယာဝတီ ဇာတိလေ။ ပြီးခဲ့တဲ့ လေးနှစ်လောက်က အဲဒီမှာ မန်ဂျန်ရှားစိုက်ခင်းလေးတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ခဲ့ကြတာ” ဟု သူက ဆိုသည်။  

အစပိုင်းတွင် ရာဘာစိုက်ပျိုးရန် စဉ်းစားခဲ့ကြသေးသော်လည်း ရာဘာဈေးများ ကျဆင်းနေသောကြောင့် လက်လျှော့ခဲ့ကြသည်။ ထို့နောက် သူတို့ခြံနှင့် မိုင်အနည်းငယ်သာ ဝေးသော နေရာတွင် မန်ဂျန်ရှားပင်များ စိုက်ပျိုးအောင်မြင်နေသော တရုတ်ကုမ္ပဏီအကြောင်းကို ကြားသိခဲ့ကြသည်။ 

ရန်ကုန်မြို့ပြင်ရှိ ခြံတစ်ခြံအတွင်း မန်ဂျန်ရှားပင်များ စိုက်ပျိုးထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်မြို့ပြင်ရှိ ခြံတစ်ခြံအတွင်း မန်ဂျန်ရှားပင်များ စိုက်ပျိုးထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ထို့နောက် ထိုစိုက်ခင်းသို့ သူက သွားရောက်လည်ပတ် လေ့လာခဲ့သည်။ ပြီးခဲ့သည့် ရှစ်နှစ်ခန့်က အစိုးရ ချထားပေးသော မြေဧက ၃,၀၀၀ တွင် ထိုကုမ္ပဏီက မန်ဂျန်ရှားပင်များကို စိုက်ပျိုးထားကြောင်း သိရှိခဲ့သည်။

“အဲဒီနောက်မှာ အွန်လိုင်းပေါ်တက်ပြီး အဲဒီအပင်တွေအကြောင်း လေ့လာကြည့်တော့တာပဲ” ဟု သူက ဆိုသည်။ 

စိုက်ပျိုးရေးသမားများက မန်ဂျန်ရှားပင်ကို ရွေးချယ်ရသည့် အကြောင်းရင်းများစွာ ရှိနေသည်ဟု ဦးအောင်ကိုလွင်က ပြောသည်။ မန်ဂျန်ရှားက ဈေးကောင်းသည့်အပြင် ရာဘာဈေး ကျဆင်းနေခြင်းနှင့် ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ပိတ်ပင်ရန် အစိုးရက ၂၀၁၇ ခုနှစ်တွင် ဆုံးဖြတ်လိုက်ခြင်းတို့ကြောင့် ဖြစ်သည်။

ထို့ပြင် သူက မန်ဂျန်ရှားစိုက်ခင်း ပိုင်ရှင်များအသင်းကိုလည်း တည်ထောင်ရန် ကြိုးစားနေသည်။ 

“အသင်းအဖွဲ့ မရှိရင် လယ်သမားတွေက ကုန်ကြမ်းထောက်ပံ့သူတွေ အဆင့်လောက်ပဲ ဖြစ်နေလိမ့်မယ်” ဟု သူက ဆိုသည်။ 

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ စိုက်ခင်းတစ်ခု၌ မန်ဂျန်ရှားပင် စိုက်ပျိုးနေသည့် အလုပ်သမားတစ်ဦး။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar