နေပြည်တော်၊ မတ် ၁၀
ဦးထင်ကျော်နှင့် ဦးဟန်နရီဗန်ထီးယူ။ ဓာတ်ပုံ- တေဇလှိုင်နှင့် အန်းဝမ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းခဲ့သည့် ဒုသမ္မတလောင်းများအား ရွေးချယ်ရာတွင် သစ္စာရှိပြီး စည်းကမ်းများကို လေးစားလိုက်နာကာ အများပြည်သူနှင့် နိုင်ငံတကာက လေးစားနိုင်လောက်သူများကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်တွင် ဦးဟန်နရီဗန်ထီးယူနှင့် ပြည်သူ့လွှတ်တော်တွင် ဦးထင်ကျော်တို့အား ဒုသမ္မတလောင်းများအဖြစ် အဖွဲ့ချုပ်က မတ် ၁၀ ရက်နေ့တွင် တင်သွင်းခဲ့ပြီးနောက် ညနေပိုင်းတွင် ဒုသမ္မတလောင်များအား မည်သို့ ရွေးချယ်ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် စည်ပင်ဧည့်ရိပ်သားတွင် ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျမတို့ရွေးတဲ့ သမ္မတ၊ ဒုသမ္မတတွေဟာ နံပါတ် (၁) အဖွဲ့အပေါ်မှာ သစ္စာရှိရမယ်။ သစ္စာရှိတဲ့နေရာမှာ အဖွဲ့ထဲမှာ ဘယ်လောက်ကြာကြာ လုပ်တယ်ဆိုတာ ဘာမှမဆိုင်ဘူး။ ပြီးတော့ ဗီဇပေါ့။ တချို့လူတွေက ဗီဇအရကို အင်မတန်မှ သစ္စာတရားကို အလေးထားတယ်။ တချို့က ခပ်ပေါ့ပေါ့ ထားတယ်။ ကျမတို့က သစ္စာတရားကို အလေးထားတဲ့ပုဂ္ဂိုလ်များကို နံပါတ် (၁) အနေနဲ့ ဦးစားပေးတယ်။ နံပါတ် (၂) ကတော့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမှု။ ကျမတို့ အဖွဲ့ချုပ်ရဲ့ စည်းကမ်းများကို လေးစားပြီးတော့ တိတိကျကျလိုက်နာတဲ့လူ ဖြစ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် နံပါတ် (၃) အနေနှင့် အများပြည်သူတင်မက နိုင်ငံတကာအနေနှင့်ပါ အရည်အချင်းများ စိစစ်မည်ဆိုပါက လေးစားနိုင်လောက်သည့်သူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်းပြောကြားခဲ့သည်။
“ဝါ ကိုကြည့်ပြီး ရွေးချယ်တာ မဟုတ်သလို၊ ဂုဏ်ပကာသနကိုကြည့်ပြီး ရွေးတာလည်း မဟုတ်ပါဘူး။ ကျမတို့ရွေးချယ်တဲ့ သမ္မတလောင်းတွေကို ပြည်သူလူထုက သဘောကျလိမ့်မယ် ထင်ပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်ထိ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့ကသာ ဒုသမ္မတလောင်း အမည်စာရင်းများကို တင်ထားကြပြီး တပ်မတော်သား လွှတ်တော်အမတ်များ အစုအဖွဲ့ကမူ အမည်စာရင်းတင်သွင်းခြင်း မရှိသေးပဲ လာမည့် တနင်္လာနေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင်မှ သိရဖွယ်ရှိသည်။
အဆိုပါ ဒုသမ္မလောင်းသုံးဦးမှ တစ်ဦးအား သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ဆန္ဒမဲဖြင့် ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်ကာ ကျန်နှစ်ဦးမှာ ဒုတိယသမ္မတများ ဖြစ်လာမည်ဖြစ်သည်။
သတင်း- မြတ်ကျော်သူ