သင်္ဃန်းကျွန်းမြို့နယ် အင်န်အယ်လ်ဒီပါတီရုံးရှေ့တွင် ယနေ့မနက် ၈ နာရီ ခန့်က လက်ပစ်ဗုံးတစ်လုံး တွေ့ရှိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုသည်။
“စနက်တံမဖြုတ်ရသေးတဲ့ လက်ပစ်ဗုံးပါ။ ဗုံးအစစ်ဟုတ်မဟုတ်ကိုတော့ ကျွန်တော်တို့လည်း ကျွမ်းကျင်သူ မဟုတ်တော့ အတည်မပြုနိုင်သေးဘူး။ ဗုံးရှင်းလင်းရေးတပ်တွေ ခေါ်ထားပါတယ်။ သူတို့လာရင်တော့ သေချာသိအောင် ထုတ်ပြန်ပေးမှာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်ကပြောသည်။
လက်ရှိတွင် လက်ပစ်ဗုံးကိုသိမ်းဆည်းထားပြီး ပေါက်ကွဲထိခိုက်နိုင်ခြေမရှိတော့ကြောင်း ၎င်းကပြောသည်။
လက်ပစ်ဗုံးကို ယနေ့မနက် ၈ နာရီခန့်တွင် ရုံးရှေ့တည့်တည့် ပါတီရုံးဆိုင်းဘုတ်အောက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“မနက်က တွေ့တွေ့ချင်းပဲ ရဲကိုလှမ်းပြောလိုက်တာ။ ရဲက ကျနော်တို့ကိုပြောတော့ တကယ့်ဗုံးလို့ပြောတယ်” ဟု ပါတီရုံးတွင်ရှိနေသူ ကိုကျော်ဇင်ဝင်းကပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် အင်န်အယ်လ်ဒီပါတီရုံးသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ရုံးထိုင်သောနေရာဖြစ်သည်။
“ဒီလိုစစ်လက်နက်ပစ္စည်းတွေဆိုတာ စစ်မြေပြင်မှာပဲရှိသင့်တာ။ မြို့ပေါ်ရောက်လာတာ ဘယ်လိုမှမဖြစ်သင့်ဘူး။ ဒီကိစ္စက ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခြိမ်းခြောက်တယ်လို့ ကျနော်မြင်ပါတယ်” ဟု ဦးနေဘုန်းလတ်ကပြောသည်။
ပြီးခဲ့သည့်နေ့က လွှတ်တော်ကိုယ်စားလှယ် အများစုနေထိုင်သော နေပြည်တော်စည်ပင် ဧည့်ရိပ်သာတွင် ဗုံးတပ်ဆင်ထားသည်ဆိုသော ကောလာဟလ တစ်ခုပျံ့နှံ့ခဲ့သေးသည်။