ထိုင်းနိုင်ငံမှ ရရှိခဲ့သော သင်ခန်းစာများအရ ဆိုးရွားလှသော ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့် အများပြည်သူ ကျန်းမာရေး ပြဿ နာရပ်များကို အရှည်သဖြင့် ရှောင်ရှားရန် မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်ကြီး သုံးဇုန်ကို တင်းကြပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းချုပ်မှုများ ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။
စာသားနှင့် ဓာတ်ပုံ – ဘရင်နန် အိုကော်နာ
ဧပြီလတွင် အာဏာလွှဲပြောင်းရယူခဲ့သော အစိုးရသစ်က ဆက်ခံခဲ့သည့် မြောက်မြားလှစွာသော စီမံချက်များစာရင်းတွင် အရင်းအနှီးအကြီးဆုံးနှင့် ရည်မှန်းချက်အကြီးဆုံး စီမံချက်များမှာ ရန်ကုန်နှင့် အိန္ဒိယ သမုဒ္ဒရာပေါ်ရှိ မြန်မာနိုင်ငံအစွန်းတစ်ဖက်စီရှိ အထူးစီးပွားရေးဇုန်များပင်ဖြစ်သည်။
စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် ထွန်းကားစဉ် သန္ဓေတည်ခဲ့သည့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူဆိပ်ကမ်းတို့မှ ဒေါ်လာသန်းချီတန်သော အထူးစီးပွားရေးဇုန် သုံးခုမှာ မြေယာသိမ်းဆည်းသည်ဟူသော စွပ်စွဲပြောကြားချက်များနှင့် ပွင့်လင်းမြင်သာမှုကို လျစ်လျူရှုသည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။
အစိုးရသစ်ကအထူးစီးပွားရေးဇုန် အစီအစဉ်များကို ပြန်လည်သုံးသပ်လျက်ရှိသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးဟန်သာမြင့်က Frontier ကို ပြောကြားသည်။
“ကျွန်တော်တို့ရဲ့မူဝါဒက ဒီကိစ္စတွေကိုဒေသခံတွေထံ သင့်တင့်လျောက်ပတ်တဲ့ လျော်ကြေးငွေပေးချေခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု ဆန်းစစ်ချက် EIA ကို လိုက်နာခြင်းတို့လို အပြေလည်ဆုံးနည်းနဲ့ ဖြေရှင်းဖို့ပါ” ဟု ၎င်းကဆိုသည်။
ဤစီမံချက်သုံးခုအနက် ရန်ကုန်အရှေ့တောင်ဘက် ၂၅ ကီလိုမီတာခန့်အကွာမှ သီလဝါ တစ်ခုတည်းသာလျှင် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ စတင်ရသေးသည်။ ယင်း၏ ဟက်တာ ၄၀၀ အကျယ် ပထမအဆင့် တည်ဆောက်ခြင်းကို ယမန်နှစ် စက်တင်ဘာလတွင် ပြီးဆုံးပြီးနောက်စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ-ဂျပန် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် သီလဝါစီးပွားရေးဇုန် စီမံချက်မှာ ပြီးဆုံးချိန်၌ ဟက်တာ ၂,၄၀၀ မျှ ကျယ်ဝန်းပေလိမ့်မည်။
အခြေခံ လူမှုအသိုင်းအဝိုင်း မဟာမိတ်အဖွဲ့ ဖြစ်ပြီး တိုင်းဒေသကြီး မြို့တော် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းများကိုဆန့်ကျင်သည့် ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအရုံးကိုယ်စား ဦးစောဘိုဘိုက ရင်းနှီးမြုပ်နှံသူများမှာ စီမံချက်သုံးခုစလုံးကို ဆိုင်းငံ့ထားပြီးဖြစ်သည်ဟု ပြောသည်။
“သူတို့က ရင်းနှီးမြုပ်နှံမှု မလုပ်ခင်မှာ ဥပဒေနဲ့ နည်းဥပဒေတွေအရ အကာအကွယ်ပေးတာတွေကို စောင့်ဆိုင်းကြည့်ရှုနေကြတာပါ။ လောလောဆယ်အထိ သူတို့က ငွေကြေးတချို့တဝက်လောက်ပဲစိုက်ထုတ် အသုံးပြုထားပြီး အခွင့်အလမ်းတွေကို ဆုပ်ကိုင်ထားပါတယ်” ဟု ဦးဘိုဘိုက ဆိုသည်။
သီလဝါတွင်မူ ဂျပန်ကုမ္ပဏီများက ပထမအဆင့်အတွက် အလွန်များပြားစွာ ရင်းနှီးထားခဲ့ပြီးဖြစ်ကာ ရှယ်ယာစုစုပေါင်း၏ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော်လည်း ဒုတိယအဆင့်အတွက် ၂၆၂ ဟက်တာ၊ သို့မဟုတ် ရရှိနိုင်သော ဟက်တာ ၇၀၀ ၏ ၃၇ ရာခိုင်နှုန်းမျှအတွက်သာ သူတို့ကို ကတိပြုထားသေးသည်။
“ဒါက တော်တော်နည်းတဲ့ပမာဏပါ။ မြေယာပြဿ နာတွေကြောင့် ဒါဟာ အရမ်းများတဲ့ အန္တရာယ်တစ်ရပ်အဖြစ် သူတို့ တွေးနေလို့ပါ။ ဟက်တာ ၄၀၀ အတွက် လျော်ကြေးကိစ္စကိုလည်း မဖြေရှင်းရသေးဘူးလေ” ဟု သီလဝါကို ရည်ညွှန်းကာ ၎င်းက ပြောကြားသည်။
ဦးဘိုဘိုက သီလဝါ ပထမအဆင့်ကို ပြင်ဆင်ရန် နေရာ ပြန်လည်ချထားပေးရန် လိုအပ်သည့် အိမ်ထောင်စု ၈၁ စုကို လုံလုံလောက်လောက် ပြင်ဆင်ပေးမထားသော နေရာ တစ်နေရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။
ပြန်လည်နေရာချထားပြီးနောက် နှစ်နှစ်အကြာတွင် ၎င်းတို့၏ သောက်သုံးရေမှာ ညစ်ညမ်းနေသေးပြီး ရေဆိုးထုတ်စနစ်မှာလည်း ပြဿ နာ ရှိသကဲ့သို့ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ဆုံးရှုံးခဲ့ရသည့်အပြင် လျော်ကြေး ရထားငွေ နည်းနည်းသာ ကျန်ရှိတော့သည်ဟုလည်း ၎င်းက ဆိုသည်။
အကျိုးဆက်အဖြစ် အချို့မှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ကြရပြီး ပုံမှန်အလုပ်အကိုင် ရနိုင်သော နေရာများသို့ ပြောင်းရွှေ့ခဲ့ရသည်ဟုလည်း လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင်အရေးကိစ္စများအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အမေရိကန်အခြေစိုက် အင်န်ဂျီအိုတစ်ခုဖြစ်သော Earth Rights International မှ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းဒါရိုက်တာ ဦးဘိုဘိုက ပြောသည်။
“ဥပဒေ၊ နည်းဥပဒေတွေ အားနည်းတဲ့ မြန်မာနိုင်ငံက သဘာဝ ပတ်ဝန်းကျင်မျိုးမှာ အခုလို အထူးစီးပွားရေးဇုန်တွေက ဒေသခံ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးအမြတ် ဖြစ်စေတယ်ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်ထံ Frontier မှ အီးမေးလ်ပေးပို့၍ သဘောထားမှတ်ချက် ပေးပါရန် တောင်းခံရာတွင် မအောင်မြင်ခဲ့ချေ။
ယင်းကော်မတီ၏ ဝက်ဘ်ဆိုက်တွင် ပြန်လည်နေရာချထားခြင်းများနှင့် လျော်ကြေးငွေများ အပါအဝင် ဤစီမံချက်၏ သက်ရောက်မှုကြောင့် ကျေးရွာသားများ ခံစားနေရသည့် ဒုက္ခအချို့ကို ဖော်ပြထားသည်။
“စီမံချက်ကြောင့် ထိခိုက်ခံရသူများ project affected persons” အား ပြောင်းရွှေ့ နေရာချထားပေးခြင်းများမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ တာဝန် ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို “နိုင်ငံတကာ လုပ်ဆောင်မှုများနှင့် အကိုက်ညီနိုင်ဆုံးသော” လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် အသေအချာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟုလည်း ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုဝက်ဘ်ဆိုက် ဖော်ပြချက်အရ ဤစီမံချက်မှာ “အချို့သော နယ်ပယ်များတွင် နားလည်မှု လွဲမှားခြင်းများ ဖြစ်နေသော်လည်း တစုံတရာသော အတိုင်းအတာအားဖြင့် မြင့်မြင့်မားမား အောင်မြင်ခဲ့ပြီးပြီ” ဟူ၍ ဖြစ်သည်။ ယင်းမှာ လျော်ကြေးငွေ လက်ခံရရှိပြီးဖြစ်သော ကျေးရွာသားများကို ကိုးကားပြောဆိုထားခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့ပိုင်ဆိုင်မှုများအတွက် လျော်ကြေး ပိုမိုရလိုခဲ့ကြသည်။
အစိုးရက မြေပိုင်ဆိုင်သူများအား လုံလောက်သော လျော်ကြေးငွေများ ပေးအပ်ရန် ပျက်ကွက်ခဲ့သည်ဟု အခြေခံ လူတန်းစားများဘက်မှ ရပ်တည်ဆောင်ရွက်သည့် အဖွဲ့အစည်း ဖြစ်သော သီလဝါ လူမှုဖွံ့ဖြိုးရေးအဖွဲ့ Thilawa Social Development Group ၏ သတင်းထုတ်ပြန်ချက်တစ်စောင်၌ ဤဝက်ဘ်ဆိုက်ကို ဝေဖန်ခဲ့သည်။
“အချို့သူများမှာ ခိုင်မာသော ထောက်ပြရှင်းလင်းချက် တစုံတရာ မရှိဘဲ ရသင့်ရထိုက်သည့် ပမာဏထက် များစွာ ပိုမိုသည့် လျော်ကြေးငွေပမာဏကို အမြဲတမ်း လိုချင်နေကြသည်” ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် “ TSDG မှာ အရာရာတိုင်းကို လုံလောက်သော အထောက်အထားများနှင့် ထုချေရှင်းလင်းချက်များ မရှိဘဲ စောဒကတက်လျက်ရှိသည် ” ဟုလည်း စွပ်စွဲပြောကြားခဲ့သည်။
အလုပ်အကိုင်များကို တတ်နိုင်သည့် ပမာဏထက် ပိုမိုမြင့်မားသော နှုန်းထားဖြင့် ကမ်းလှမ်းပေးခဲ့သော်လည်း “အချို့သော စီမံချက်ကြောင့် ထိခိုက်ခံရသူများကသာ အလုပ်အကိုင် ကမ်းလှမ်းမှုများကို လက်ခံခဲ့ကြပြီး အခြားသူများမှာမူ လက်မခံဘဲ မူးယစ်သောက်စားခြင်းနှင့် လောင်းကစားခြင်းများကိုသာ ဆက်လက် လုပ်ကိုင်လျက်ရှိပါသည်” ဟု အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့အပြင် စီမံခန့်ခွဲရေးကော်မတီမှ ဤစီမံချက်နေရာရှိ အလုပ်အကိုင်များထဲမှ စိတ်ဝင်စားသော အလုပ်များကို ဖော်ပြကြရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ခေါ်ဆိုခဲ့ရာ ရွာသား ခုနှစ်ဦးကသာ တုံ့ပြန်ဖြေကြားခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။
ပြောင်းရွှေ့ချပေးထားသော နေရာများရှိ ရွှံ့နှစ်များသော သောက်သုံးရေမှာ ရေတွင်းများကို အဆောတလျင် တူးခဲ့ခြင်း၏ ရလဒ်ဖြစ်ဖွယ်ရှိပြီး ထိုပြဿ နာရပ်ကို ဖြေရှင်းရန် ဒေသန္တရအစိုးရနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟု ဂျပန်အစိုးရ၏ ပြည်ပအကူအညီ ပေးအပ်ရေးအေဂျင်စီ JICA က အမေရိကန် ရုပ်သံလိုင်း ဖောက်ခ်သတင်းဌာနကို ၂၀၁၄ ခုနှစ်တွင် ပြောကြားခဲ့သည်။
စီမံခန့်ခွဲရေး ကော်မတီဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ စီမံချက်ကြောင့် ထိခိုက်ခံရသူများအား ပြန်လည်နေရာချထားပေးခဲ့သည့် အိမ်ရာအများစုမှာ ၎င်းတို့၏ မူလအိမ်ရာများထက် အရည်အသွေးပိုင်း သာလွန်ခဲ့ပြီး တွင်းရေနှင့် ရေစုပ်စက် ပြဿ နာများကို ၂၀၁၄ ခုနှစ် ဧပြီလ မတိုင်မီကတည်းက ဖြေရှင်းခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကမူ ထိခိုက်ခံရသည့် လူမှုအသိုင်းအဝိုင်းများအတွက် ဆိုးရွားသော အခြေအနေ ရောက်စရာအကြောင်း မရှိစေရန် အခွင့်အလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးခဲ့သည်ဟု ဦးဘိုဘိုက ဆိုသည်။
“ကျွန်တော်တို့မှာ ဒီစီမံချက်ရဲ့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းတွေ၊ နည်းဥပဒေတွေနဲ့ ဆောင်ရွက်ဖို့၊ ဒီလူမှုအသိုင်းအဝိုင်းကို ပိုမိုနားလည်လာဖို့အတွက် အချိန်ရှိပါသေးတယ်” ဟု ၎င်းက ဆိုသည်။ မုတ္တမပင်လယ် ကမ်းရိုးတန်းပေါ်ရှိ ဤအထူးစီးပွားရေးဇုန်မှာ ယင်း၏ ကနဦးဖွံ့ဖြိုးမှုအဆင့်တွင်သာ ရှိနေသေးပြီး ပြီးဆုံးသွားချိန်တွင် အရှေ့တောင်အာရ၌ အကြီးဆုံး စက်မှုဇုန်တစ်ခု ဖြစ်လာပေမည်။
နားလည်မှု စာချွန်လွှာ တစ်ရပ်ကို ထိုင်းနှင့် မြန်မာအစိုးရတို့အကြား ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ဤစီမံချက်မှာ ဘဏ္ဍာငွေ အခက်အခဲများကြောင့် အကြိမ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာခဲ့ရပြီး ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဤစီမံချက်တွင် ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံက သဘောတူညီခဲ့ပြီး သီအိုရီအရ ဤအထူးစီးပွားရေးဇုန်ကို အပြီးသတ် ဆောက်လုပ်ရန် အလွန်အမင်း လိုအပ်နေသော အရင်းအနှီးကို ရရှိရန် အရွေ့ တစ်ရပ်ပင် ဖြစ်သည်။
ထိုင်းနိုင်ငံနှင့် ဤစီမံချက်ကို ချိတ်ဆက်ပေးသည့် ၁၆၀ ကီလိုမီတာရှည် လမ်း တစ်လမ်း ရှိနေသော်လည်း မဖောက်လုပ်ရသေးပေ။ စင်္ကာပူကို ပြိုင်ဆိုင်ရန် မျှော်မှန်းထားသည့် ရေနက်ဆိပ်ကမ်းဟူသော ဤစီမံချက်၏ ပင်မအင်္ဂါရပ်များအတွက် လုပ်ငန်းများလည်း မစတင်ရသေးချေ။
ဤစီမံကိန်းကို လက်ရှိအစီအစဉ်အတိုင်း ဆောက်လုပ်ပြီးစီးလိမ့်မည်ဟု ဦးဘိုဘိုက ယုံကြည်မထားပေ။
“အစိုးရသစ်အတွက်ကတော့ အရင်ပြဿ နာတွေ မဖြေရှင်းနိုင်သေးမီမှာ ရင်းနှီးမြုပ်နှံသူအသစ်တွေကို ထပ်မံခွင့်ပြုသွားမှာ မဟုတ်ပါဘူး။ အဆင့်ဆင့် အကျင့်ပျက် ခြစားနေတဲ့ ကျေးရွာအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ သိမ်းဆည်းမှုတွေ၊ လျော်ကြေးတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းရယ်လို့ မရှိသေးပါဘူး။ အဓိကအားဖြင့်တော့ အစိုးရရဲ့ ပျက်ကွက်မှု တစ်ရပ်ပါ” ဟု ၎င်းက ဆိုသည်။
သမ္မတဦးထင်ကျော်က “ထိုင်းဘဏ္ဍာရေးဝန်ကြီးအား ဤစီမံချက်ကို ဆက်လက် ဆောင်ရွက်သွားမည့်အကြောင်း ကတိပေးခဲ့သည်” ဟု ဦးဟန်သာမြင့်က ပြောကြားသည်။ တနင်္သာရီ တိုင်းဒေသကြီးအစိုးရကလည်း ဆက်စပ်ပြဿ နာရပ်များ ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
တတိယမြောက် အထူးစီးပွားရေးဇုန်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရမ်းဗြဲနှင့် မဒေးကျွန်းစုများအတွက် စီစဉ်ခဲ့ခြင်းဖြစ်သည်။ အငြင်းအခုံ ဖြစ်ဖွယ်ရာ ဆုံးဖြတ်ချက် တစ်ခုမှာ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက အဓိကတင်ဒါကို တရုတ်နိုင်ငံပိုင် နိုင်ငံတကာ ယုံကြည်မှုနှင့် ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းသို့ ရာထူးမှဆင်းမပေးမီတွင် ချပေးခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်သူများက ပြောကြားသည်။ အခြားစီမံချက်နှစ်ရပ်နှင့် တူညီသောအချက်မှာ ကျောက်ဖြူတွင်လည်း ပင်လယ်ရေနက် ဆိပ်ကမ်းတစ်ခုနှင့် ကြီးမားသောစက်မှုဇုန် တစ်ခု ပါဝင်နေခြင်းပင် ဖြစ်သည်။
ဤစီမံချက်၏ အောင်မြင်မှုမှာ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များအကြားရှိ ဘာသာရေး တင်းမာမှုများ၊ သဘာဝပတ်ဝန်းကျင် စိုးရိမ်ချက်များနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ် ဆန့်ကျင်မှုများ၏ အန္တရာယ်နှင့် ရင်ဆိုင်ရလျက်ရှိသည်ဟု လန်ဒန်အခြေစိုက် အကျိုးဆောင် အကြံပေးအဖွဲ့ဖြစ်သော BMI Research က ယခုနှစ်၌ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ဗြိတိန်ရှိ ဘာမင်ဂမ် တက္ကသိုလ်မှ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ထားဝယ် အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ပါရဂူဘွဲ့ ရယူထားသည့် ဂျာမန် အမျိုးသား မစ္စတာ အန်ဆန် ဖဲလ်မန်း အဆိုအရ တနင်္သာရီစီမံချက်နှင့် ၁၉၉၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၏ အရှေ့ဘက်ကမ်းခြေပိုင်းပေါ်ရှိ ရာရွန်းခရိုင်အတွင်းမှ မက်တာဖွတ် စက်မှုဇုန်တို့တွင် တူညီမှုများ ရှိနေခဲ့သည်။
ဖဲလ်မန်းမှာ ထားဝယ်ကို ဇောင်းပေး မလေ့လာမီ ချင်းမိုင်တက္ကသိုလ်ရှိ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် “ဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးချက် – မက်တာဖွတ်ရှိ အရပ်ဖက် အဖွဲ့အစည်းများ၏ နေရာလွတ် ကြိုးပမ်းမှုများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု” ဟူသော ခေါင်းစဉ်ဖြင့် မဟာဘွဲ့ ယူခဲ့သူဖြစ်သည်။
“မက်တာဖွတ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေက ထိတ်လန့်ဖွယ် ကောင်းခဲ့ပါတယ်” ဟု ဖဲလ်မန်းက ဆိုသည်။ “ပတ်ဝန်းကျင်ညစ်ညမ်းမှု အကြီးအကျယ် ဖြစ်နေတာတွေ ရှိခဲ့တယ်။ ခင်ဗျားအတွက် ရေ၊ မြေ၊ လေထုထဲမှာ မာကျူရီလို အဆိပ်များစွာ ရှိနေပါတယ်။ ကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးနေရာ တချို့ထဲက တစ်ခုအဖြစ် ပါဝင်နေပါတယ်” ဟုလည်း ထပ်လောင်းပြောပြသည်။
ထိုင်းအမျိုးသား ကင်ဆာဌာန၏ ၂၀၀၃ ခုနှစ် လေ့လာတွေ့ရှိချက်များအရ ရာရွန်းခရိုင်မှာ သားအိမ်ခေါင်း၊ လည်ပင်း၊ ဆီးအိမ်၊ ရင်သား၊ အသည်း၊ နှာခေါင်း၊ အစာအိမ်၊ လည်ချောင်းနဲ့ သွေးကင်ဆာဖြစ်ပွားမှုနှုန်းတွင် ထိုင်းနိုင်ငံ၌ အမြင့်ဆုံး ဖြစ်ခဲ့သည်။
ဤဒေသမှာ စိုးရိမ်ဖွယ်ရာ မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာနှင့်အတူ ထိုင်းနိုင်ငံရှိ ဆယ်ကျော်သက်များ အဆုံးစီရင်မှုနှုန်းနှင့် အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်ရောဂါ HIV/AIDS ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်သည်ဟု ထိုင်းနိုင်ငံရှိ ဖွံ့ဖြိုးရေးကိစ္စရပ်များအကြောင်း ရေးသားတင်ပြထားသည့် ၂၀၀၈ ခုနှစ်ထုတ် စာအုပ်တစ်အုပ်၏ အခန်းကဏ္ဍတွင် မစ္စတာ ဆူဖာခေတ် နန့်တဗာရာခန်က ရေးသားဖော်ပြသည်။
“ဒါတွေက စက်မှုဇုန်တွေနဲ့ပတ်သက်ပြီး ခင်ဗျား စဉ်းစားလေ့မရှိတဲ့ အကျိုးဆက်တွေပါ” ဟု ဖဲလ်မန်းက ဆိုသည်။ ၂၀၀၇ ခုနှစ်တွင် မက်တာဖွတ်၌ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန် အစီအစဉ် ရှိခဲ့သော်လည်း ဥပဒေပြောင်းလဲမှု တစ်ရပ်အရ လုပ်ငန်းမစတင်မီ သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု စစ်တမ်းများ မဖြစ်မနေ ပြလုပ်ပေးရခြင်းပင်ဖြစ်သည်။
“သူတို့ (သဘာဝ ပတ်ဝန်းကျင်အဖွဲ့များနှင့် လူမှုအသိုင်းအဝိုင်း အဖွဲ့ဝင်များ) က အုပ်ချုပ်ရေးတရားရုံးကို တင်ပြခဲ့ကြပြီး နောက်ဆုံးမှာ ဒီအမှုကို အနိုင်ရရှိခဲ့ပါတယ်။ ဒီစီမံချက်တွေအားလုံးကို သင့်တင့်လျော်ကန်တဲ့ ကြားနာစစ်ဆေးမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှု အကဲဖြတ်ချက်တွေ ပြုလုပ်မပြီးမချင်း ဆိုင်းငံ့ထားစေခဲ့ပါတယ်” ဟု ဖဲလ်မန်းက ဆိုသည်။
အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် အဟန့်အတား ဖြစ်နေခြင်းမှာ ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီများကို ဘတ်သန်းနှင့်ချီ၍ ကုန်ကျစေခဲ့သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ စက်မှုလက်မှုလုပ်ငန်း ကိုယ်စားလှယ်များ၊ ပညာရေး အသိုင်းအဝိုင်း ကိုယ်စားလှယ်များနှင့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များ ပါဝင်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ အာနန် ပန်ယာရာချွန် ဦးဆောင်သည့် လေးဦးကော်မတီအဖွဲ့က မတူညီသော လှုပ်ရှားဆောင်ရွက်မှု ၁၈ ခုကို ပြန်လည်သုံးသပ်သွားမည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
ထိုစာရင်းကို အနီးကပ် စောင့်ကြည့်လေ့လာခြင်းလည်း ပါဝင်သည့် လှုပ်ရှားမှု ၁၁ ခုပါ စာရင်းအဖြစ်သို့လျှော့ချရန် ထိုင်းအစိုးရက အုပ်ချုပ်ရေးမဏ္ဍိုင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုစာရင်းကို လျှော့ချလိုက်ခြင်းအပေါ် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းက “အလွန်အမင်း စိတ်ဆိုး” ခဲ့ပြီး ဂျပန ဇ် ပြည်ပကုန်သွယ်ရေးအဖွဲ့ကလည်း အနာဂတ်ကာလ၌ စေ့စပ်သေချာစွာ စစ်ဆေးခံရခြင်း မရှိစေရန် အကြောင်းအရာ အားလုံးကို ပြန်လည်သုံးသပ်ရန် ဆန္ဒရှိခဲ့သည်။
“ညစ်ညမ်းသော စက်ရုံများကို” ထားဝယ်သို့ ရွှေ့ပြောင်းမည့် အစီအစဉ်တစ်ရပ်ကိုလည်း ရေးဆွဲခဲ့သည်ဟု ဖဲလ်မန်းက ဆိုသည်။ ၂၀၁၀ ပြည့်ုနှစ်နှောင်းပိုင်းတွင် ဟောပြောခဲ့သည့် အပတ်စဉ် မိန့်ခွန်းတစ်ရပ်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ အာဘီဆစ် ဗီဂျာဂျီဗာက “ထိုင်းနိုင်ငံက မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ရွေးချယ်စရာ များစွာရှိအောင် ဆောင်ရွက်ဖို့ လိုအပ်သလို အကြီးစား စက်မှုလုပ်ငန်းအပေါ်မှာ မှီခိုနေတာကိုလည်း ရပ်တန့်ဖို့ လိုအပ်နေပါပြီ။
“လူတွေက သူတို့ရဲ့အိမ်နောက်ဖေးမှာ ဒါမျိုးတွေကို လိုချင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ တချို့စက်ရုံတွေက ထိုင်းနိုင်ငံမှာ ရှိနေဖို့ မသင့်တော်ပါဘူး။ ဒါကြောင့်လည်း သူတို့က အဲဒီမှာ တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ထားဝယ်စီမံချက်ကို ရည်ညွှန်းပြောဆိုခဲ့သည်။
ဖဲလ်မန်းအဆိုအရ ထားဝယ်စီမံကိန်းများမှာ မက်တာဖွတ်ထက် ရှစ်ဆမျှ ပိုမိုကြီးမားလျက်ရှိသည်။ “မြန်မာနိုင်ငံရဲ့ အထွေထွေ စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ငြင်းခုံဆွေးနွေးနိုင်တဲ့ အချက် နည်းနည်းပါးပါး ရှိပါတယ်။ တစ်ခုကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားထုနဲ့ ပြန်လည်ပေါင်းစည်းလိုခြင်းပါ။ သူတို့ကို မြန်မာနိုင်ငံထဲက အလုပ်တွေထဲကို ထည့်ပေးပြီး မြန်မာစီးပွားရေးကဏ္ဍအတွင်းမှာ (သူတို့ကို) ပြန်လည်ပေါင်းစည်းပေးခြင်းပါ။ ဒါကြောင့် တချို့၊ တချို့သော အလုပ်အကိုင်တွေရှိဖို့ လိုအပ်နေပါတယ်။ ဒါပေမဲ့ အရာရာတိုင်းက ရေနံစက်ရုံတွေ ဖြစ်လာဖို့တော့ မလိုအပ်ပါဘူး” ဟု ၎င်းက ရှင်းပြသည်။
ထားဝယ်ဒေသခံ အများစုမှာ လုပ်ငန်းကျွမ်းကျင်သူများ မဟုတ်ကြသည့်အလျောက် “ဒီလိုလူတွေကို လုပ်သားအင်အားထုထဲ အမှန်တကယ် သွတ်သွင်းပြီး အလုပ်အကိုင်တွေ ဖော်ဆောင်ပေးဖို့အတွက် အလုပ်သမားများစွာ လိုအပ်တဲ့ အလုပ်မျိုးတွေကို စတင်တာက ပိုမိုသင့်တော်ပါတယ်” ဟု ဖဲလ်မန်းက အကြံပြုခဲ့သည်။
ထိုင်းနိုင်ငံမှာ ထားဝယ်စီမံကိန်းမှ အကျိုးအမြတ် အများဆုံး ရရှိမည့်သူပင် ဖြစ်သည်။ မူလအစီအစဉ်အရ အရှေ့အလယ်ပိုင်းမှ လောင်စာဆီကို ဘန်ကောက်သို့ ရထား၊ သို့မဟုတ် ပိုက်လိုင်းမှတစ်ဆင့် မပေးပို့မီ ထားဝယ်စီးပွားရေးဇုန်၌ ချက်လုပ်သွားမည် ဖြစ်သည်။
ယင်းမှာ မလက်ကာ ရေလက်ကြားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ လောင်စာဆီများ တင်ပို့ခြင်းနှင့် နှိုင်းယှဉ်ပါက အချိန်နှင့် ငွေကြေးများစွာ သက်သာစေခြင်းပင် ဖြစ်သည်ဟု ဖဲလ်မန်းက ဆိုသည်။
ထားဝယ်စီမံကိန်းကို ဆန့်ကျင်နေသော အဖွဲ့အများစုမှာ မြေယာပိုင်ဆိုင်ခွင့် ကိစ္စရပ်များတွင် ဇောင်းပေးထားကြသော်လည်း ဖဲလ်မန်း အဆိုအရ ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ခံယူချက်မှာ ၎င်းတို့နှင့် များစွာ စိမ်းနေသေးသော ကိစ္စရပ်ဖြစ်ကြောင်း သိရသည် ။
“ဒီလို (သဘာဝ ပတ်ဝန်းကျင်ပြဿ နာ) တွေကို ခုချိန်မှာ ဥပဒေနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ (စီမံချက်တွေကို) တည်ဆောက်ပြီးတဲ့အခါမှ ဖြေရှင်းတာမျိုး မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဤလူအုပ်စုများသည် မြေယာဆက်စပ် ပြဿ နာရပ်များ ဖြေရှင်းရန် လုပ်ငန်းဖော်ဆောင်သူများထံမှ လျော်ကြေးငွေများ ပိုမိုကောင်းမွန်စွာ ရရှိနိုင်ဖွယ် ရှိသော်လည်း ယင်းစက်ရုံများက အနာဂတ် မျိုးဆက်သစ်များအပေါ် သက်ရောက်ဖွယ်ရှိသည့် ရေရှည်သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများကို ဖြေရှင်းရန်လည်း အရေးကြီးသေးသည်။
“ဒါဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က မက်တာဖွတ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ လုံးဝထပ်တူပါပဲ”
အောင်မင်း ဘာသာပြန်သည်။
ခေါင်းစီးဓာတ်ပုံ – ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနေရာအနီး ဆိပ်ကမ်းတနေရာ၌ မိန်းကလေးတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – ဘရင်နန် အိုကော်နာ