ရန်ကုန်မြို့လယ်ကောင်ရှိ ဝန်ကြီးများရုံးမှာ မြန်မာ့သမိုင်း၏ အရေးပါဆုံး အဆောက်အအုံများအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ဆောက်လုပ်ပြီးစီးခဲ့သည့် ၁၉၀၅ ခုနှစ်မှစ၍ တိုင်းပြည်အုပ်ချုပ်ရေး ကဏ္ဍ၏ အရေးပါဆုံးကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ၎င်း၏ဝန်ကြီးအဖွဲ့ဝင် ခုနစ်ဦးနှင့် သက်တော်စောင့်တစ်ဦးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် နေရာဟူသော ဂုဏ်ပုဒ်မှာ အထင်ရှားဆုံးပင်ဖြစ်သည်။ ၎င်းတို့၏ ကျဆုံးမှုကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်အမှတ်တရ ကျင်းပလျက်ရှိသည်။
မြန်မာနိုင်ငံ၏ မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့သတ်မှတ်ခဲ့သည့် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှစ၍ ယင်းအဆောက်အအုံ၏ အနာဂတ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများနှင့် မှန်းဆပြောဆိုချက်များ ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ယင်းအဆောက်အအုံကို စီမံခန့်ခွဲနိုင်မည့် အစိုးရတင်ဒါ တစ်ရပ်ကို အနော်မာ အနုပညာအဖွဲ့က ရရှိခဲ့သည်။
အဆိုပါ အဆောက်အအုံတည်ရာ ဝင်းကြီးအတွက် အဆုံးသတ် အစီအစဉ်များကို မဖော်ပြသေးသော်လည်း ပြန်လည်မွမ်းမံမှုတွင် ယဉ်ကျေးမှု အင်္ဂါရပ်များ ပါဝင်ပေလိမ့်မည်။ ယခုနှစ် အစောပိုင်းက ပြတိုက်ဗေဒ အတွေ့အကြုံ ၂၅ နှစ်ကျော်ရှိသည့် မစ္စတာ ဗီနော့ ဒယ်နီယယ် Mr Vinod Daniel အား ယခုစီမံချက်၏ ယဉ်ကျေးမှုကဏ္ဍ အကြံပေးအဖြစ် တင်ဒါအောင်သော ကုမ္ပဏီက ခန့်အပ်ခဲ့သည်။ ၎င်းသည် အတွင်းဝန်များရုံး ဝင်းအတွင်း Frontier မှ အိုလီဗာ ဆလိုးနှင့်တွေ့ဆုံကာ ယခုနေရာအတွက် ၎င်းတို့ကုမ္ပဏီ၏ အစီအစဉ်များနှင့် တိုင်းပြည်၏ပြတိုက်များ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ရမည့် ခြေလှမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဒီအတွင်းဝန်များရုံးမှာ ဆောင်ရွက်ဖို့စီစဉ်ထားတဲ့ ယဉ်ကျေးမှုအပိုင်းနဲ့ပတ်သက်ပြီး အကြံပေးတစ်ဦးအနေနဲ့ ခင်ဗျားဆောင်ရွက်မယ့် လုပ်ငန်းအကြောင်း ပြောပြပေးပါခင်ဗျ။
ဒီတစ်ကြိမ်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ပဉ္စမအကြိမ် ဖြစ်ပါလိမ့်မယ်။ ကနဦး ခရီးစဉ်သုံးခုတုန်းက ကျွန်တော်ရဲ့ အခန်းကဏ္ဍက မြန်မာ့ပြတိုက်တွေမှာ နည်းလမ်းပေါင်းစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ အဓိကထား ပူးပေါင်းလုပ်ဆောင်ဖို့ပါ။
လွန်ခဲ့တဲ့ လေးလလောက်က အနော်မာ အနုပညာအဖွဲ့က ကျွန်တော့်ဆီ ချဉ်းကပ်လာပါတယ်။ သူတို့က ဒီအတွင်းဝန်ရုံးဝင်းကြီး တစ်ခုလုံးကို ကမ္ဘာ့အဆင့်ရှိ နေရာတစ်ခုအနေနဲ့ ပြောင်းလဲဖို့ စိတ်လှုပ်ရှားစရာ အခုပရောဂျက်ကို ဆောင်ရွက်နေကြသူတွေပါ။ ခုလိုအပြောင်းအလဲမှာ အလွန်ခိုင်မာအားကောင်းတဲ့ ယဉ်ကျေးမှု အစိတ်အပိုင်းတစ်ရပ် ပါဝင်နေပါတယ်။ လက်ရှိအဆင့်မှာ ကျွန်တော်နားလည်ထားတာက ဒီပရဝဏ်တစ်ခုလုံးရဲ့ ၄၀ ရာခိုင်နှုန်းက ယဉ်ကျေးမှု ဖော်ဆောင်ရာနေရာ ဖြစ်လာမယ်ဆိုတာပါပဲ။
အဲဒီအထဲမှာ အာဇာနည်များခန်းမ(လုပ်ကြံမှု ဖြစ်ပွားခဲ့တဲ့နေရာ) အပါအဝင် သမိုင်းကြောင်းဆိုင်ရာတချို့ ပါဝင်လာမှာ ဖြစ်သလို ဒီမှာဆောင်ရွက်ခဲ့တဲ့ ပထမဆုံး ပါလီမန်လည်း ပါဝင်လာမှာပါ။ သမိုင်းဆိုင်ရာ အခြေခံ အချက်အလက်ပေါင်းများစွာ ဒီမှာရှိနေတာမို့ (အနော်မာ)က ဒါတွေကို ဘယ်လို ဖော်ယူမလဲ၊ ဘယ်လို အကောင်အထည်ဖော်ရမလဲဆိုတဲ့ အကြံဉာဏ်နဲ့ ဦးစီးလုပ်ဆောင်မှုကို လိုချင်ခဲ့တာဖြစ်ပြီး ဒါက ကျွန်တော့်ရဲ့ အခန်းကဏ္ဍ အတိအကျပါပဲ။
ခုလိုအခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံကိုလာတာ ခုအကြိမ်က နှစ်ကြိမ်မြောက်ပါ။ ကျွန်တော်တို့က ဒါကို ဘယ်ပုံဘယ်နည်း ပြုပြင်ပြောင်းလဲမလဲဆိုတာနဲ့ ဖြစ်နိုင်ခြေအရှိဆုံး နည်းလမ်းတစ်ရပ်ကိုသုံးပြီး အများပြည်သူထံ ဘယ်လိုဆောင်ကြဉ်းလာမလဲဆိုတွေကို သတ်မှတ်နေကြတာပါ။ ဒီဖြစ်စဉ်မှာဆိုရင် ကျွန်တော်တို့က တေ်ာတော်လေးကျယ်ပြန့်တဲ့ စီမံကိန်းရေးဆွဲရေး ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားဖို့ မျှော်လင့်နေပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဇူလိုင်လအတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် ကမ္ဘာ့အကောင်းဆုံး ကျွမ်းကျင်ပညာရှင်တွေ ပါဝင်မှာ ဖြစ်သလို ဒီအခြေအနေက ကျွန်တော်တို့ လုပ်ချင်တာတွေကို ပိုမိုကျယ်ပြန့်တဲ့ အတိုင်းအတာတစ်ခုထိ ကောင်းကောင်းမွန်မွန် ချပြပေးနိုင်ပါလိမ့်မယ်။
ပြီးတော့ ဒီနေရာကို အာဇာနည်နေ့ ကျရောက်ချိန်တိုင်း နှစ်စဉ်ဖွင့်လှစ်သွားဖို့ မျှော်လင့်ထားပါတယ်။ အဲဒီလိုအချိန်မျိုးမှာ အများပြည်သူကို ပြသမယ့် နေရာတချို့လည်း ရှိလာမှာပါ။
ဒါဆို ဒီနေရာကို အများပြည်သူအတွက် ဖြည်းဖြည်းချင်း ဖွင့်ပေးသွားမယ့် သဘောမျိုး ဖြစ်လာမှာပေါ့နော်။
အမှန်ပါပဲ။ ကမ္ဘာတလွှားက အဓိကကျတဲ့ ပြတိုက်တွေကို ခင်ဗျားလေ့လာကြည့်မယ်ဆိုရင် ခုလို ပြတိုက်စီမံချက်မျိုးက ပုံမှန်အနေနဲ့ နှစ်နှစ်ကနေ သုံးနှစ်အထိ ကြာတတ်ပါတယ်။ အစပိုင်းမှာ ပေးချင်တဲ့ သတင်းအချက်အလက် မှန်မှန်ကန်ကန်နဲ့ အသေအချာ ပေးနိုင်စေဖို့၊ ပြီးတော့ ဖန်တီးစီစဉ်ထားတဲ့ အရာတိုင်းက မှန်ကန်တဲ့ ပစ်မှတ်ပရိသတ်တွေနဲ့ ကိုက်ညီမှုရှိဖို့အတွက် ခင်ဗျားလုပ်လို့ရတာတွေကို အကောင်းတကာ့ အကောင်းဆုံး လုပ်ဆောင်လိုမှာပါ။ ဒီလုပ်ငန်းစဉ်က အချိန်တော့ နည်းနည်းကြာပါတယ်။ ဒါကြောင့် အပြည့်အဝ ဆောင်ရွက်ပြီးစီးဖို့ဆိုတာ နှစ်နှစ်၊ ဒါမှမဟုတ် သုံးနှစ်လောက်ကြာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။
ဒါက စီမံကိန်းရေးဆွဲမှုရဲ့ အစောပိုင်းကာလပါလို့ ခင်ဗျားပြောခဲ့တာကို ကျွန်တော်သိပေမဲ့ အတွင်းဝန်များရုံးရဲ့ ယဉ်ကျေးမှု အစိတ်အပိုင်းတွေက ဘယ်လိုပုံစံမျိုး ဖြစ်နိုင်မလဲဆိုတဲ့အကြောင်း နည်းနည်းလောက် ပြောပြပေးနိုင်မလားခင်ဗျ။
ခုချိန်က စောသေးတယ်ဆိုပေမဲ့ အရေးကြီးတယ်လို့ ကျွန်တော် ယူဆထားတဲ့ အရာတစ်ခုက ဒီနေရာရဲ့ သမိုင်းရှုထောင့်ကို အမိအရ ပုံဖော်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီခြံဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းတွေ အများကြီး ရှိနေတာကြောင့် ဒါတွေကိုသာ အမိအရ ပုံဖော်နိုင်တဲ့ ပြတိုက်တစ်ခုအဖြစ် ကျွန်တော်တို့ ဆောင်ကြဉ်းနိုင်ခဲ့မယ်ဆိုရင် ဒါက အရမ်းကောင်းမှာပဲလို့ ကျွန်တော် တွေးထင်မိပါတယ်။
ပြတိုက်တစ်ခု ဖန်တီးဖို့ဆိုတဲ့ စိတ်သက်သက်နဲ့ ပြတိုက်တစ်ခု ဖန်တီးစရာ အကြောင်းမရှိပါဘူး။ ဒီနေရာလောက် အထင်ကရ ဖြစ်တဲ့နေရာရယ်လို့လည်း အများကြီး မရှိပါဘူး။ ဒီနေရာနဲ့ ဆင်တူတယ်လို့ ကျွန်တော်တို့ ယူဆနိုင်တဲ့ တစ်ခုတည်းသော နေရာက မစ္စဂန္ဒီ လုပ်ကြံခံခဲ့ရတဲ့ (၁၉၄၈ ခုနှစ်) အင်ဒီယာ ဂန္ဒီ အမှတ်တရပြတိုက် (နယူးဒေလီ) ပဲ ရှိပါတယ်။ အဲဒီအမှတ်တရ ပြတိုက်နဲ့ ဒီနေရာအကြားက ဆက်နွယ်မှုတွေ အများကြီးကို ကျွန်တော်မြင်တွေ့နေရပါတယ်။
အနုပညာလက်ရာပြခန်းတွေပါမှာကတော့ အသေအချာပါပဲ။ ပြတိုက်အများစုက ပြခန်းတွေ၊ ကဖေးတွေနဲ့ တခြားအရာအမျိုးမျိုးအတွက် နေရာလွတ်တွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကိုတော့ ဇူလိုင်လအတွင်းမှာ ကျင်းပမယ့် အစီအစဉ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲအပြီးမှာ ယခုထက်ပိုပြီး သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီပရဝုဏ်ရဲ့ ၄၀ ရာခိုင်နှုန်းခန့်က ယဉ်ကျေးမှုကဏ္ဍအတွက် လျာထားပါလိမ့်မယ်။
နိုင်ငံတကာ ပြတိုက်များကောင်စီမှာ ပါဝင်တဲ့ ခင်ဗျားရဲ့ အခန်းကဏ္ဍကို အစောပိုင်းက ခင်ဗျား ပြောခဲ့သေးတယ်နော်။ အဲဒါက မြန်မာနိုင်ငံမှာရှိတဲ့ ခင်ဗျားရဲ့ အလုပ်နဲ့ ဘယ်လိုပတ်သက်သလဲ။
ကျွန်တော်က နိုင်ငံပေါင်း ၁၇၀ နီးပါးက အဖွဲ့ဝင်ပေါင်း ၃၇,၀၀၀ ကျော်ပါဝင်တဲ့ ICOM ရဲ့ အရွေးချယ်ခံ ဘုတ်အဖွဲ့ဝင်တစ်ဦးပါ။ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာ့ကြီးရဲ့ဖြစ်ပျက်ခြင်းရာတွေကို ကြည့်ရှုလေ့လာဖို့ပါ။
မြန်မာနိုင်ငံကို အခေါက်ခေါက် အခါခါ ရောက်လာပြီးတဲ့နောက် လတ်တလော မြင်မိတဲ့ ပထမဦးဆုံး အရာက ပြတိုက်နယ်ပယ်ရပ်မှာ ကြီးထွားလာနေတာပါ။ ပြတိုက်ကဏ္ဍအတွက် အစိုးရက အကူအညီတွေ ကြီးကြီးမားမား ကူပံ့ပေးနေတာကို မြင်တွေ့ရတာက အတော်လေး အားရစရာ ကောင်းပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်က (နေပြည်တော်) သွားခွင့်ရခဲ့ပြီး အဲဒီမှာရှိတဲ့ အမျိုးသားပြတိုက်နဲ့ အကျယ်အဝန်းကို မြင်ရတော့ တအံ့တသြ ဖြစ်ရပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းအတွက်သာ မှန်နေတာမျိုး မဟုတ်တဲ့ ကျွန်တော့်ရဲ့ တစ်ခုတည်းသော မှတ်ချက်စကားက ခုလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် တက်တက်ကြွကြွ ဖြစ်နေတဲ့ အင်စတီကျူးရှင်းတွေ ရှိနေခြင်းက အရမ်းကောင်းတယ်လို့ ကျွန်တော်ယူဆပေမဲ့ ဒါတွေကို အမြဲတမ်း တက်ကြွလှုပ်ရှား နေစေဖို့အတွက် လူ့စွမ်းအား အရင်းအမြစ်တွေ ခင်ဗျားလိုမှာပါ။
ပြတိုက်ဖော်ဆောင်မှုတွေ အားကောင်းလာစေဖို့အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချဉ်းကပ်မှုတစ်ရပ် ရှိဖို့လိုအပ်ကြောင်း အစိုးရကို အလေးအနက် အကြံပြုချင်ပါတယ်။
ပြတိုက်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေကို ဝန်းရံဖို့ အခုထက်ပိုများတဲ့ တက္ကသိုလ်အဆင့် သင်ကြားရေး အစီအစဉ်တွေ ခင်ဗျားလိုအပ်ပါလိမ့်မယ်။ (မြန်မာအင်စတီကျူးရှင်းတွေနဲ့အတူ) အတတ်ပညာ စွမ်းဆောင်ရည် တိုးမြှင့်ဖော်ထုတ်မှု လုပ်ငန်းအနည်းငယ်ကို ကျွန်တော် ဆောင်ရွက်ခဲ့ရာမှာ အလားအလာများစွာ ရှိနေပါတယ်။
သူတို့က ထက်မြက်ကြသူတွေပါ။ ဒါပေမဲ့ သူတို့အတွက် ကျွမ်းကျင်မှု အရည်အသွေး အပြည့်အစုံကို ဘယ်လိုဖော်ဆောင်ပေးမလဲဆိုတာက မေးစရာမေးခွန်း တစ်ခုပါ။ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်လာပြီး တစ်ခုခု ဖန်တီးနိုင်ပေမဲ့ အရှည်သဖြင့် တည်တံ့မယ့် အရာတစ်ခုခုကို ဆောင်ရွက်ဖို့ဆိုရင်တော့ ပြည်တွင်းက ပါရမီရှင်တွေကို အမှန်တကယ် လိုအပ်ပါတယ်။ ခင်ဗျားမှာသာ ဒီလိုပါရမီရှင်တွေ ရှိလာပြီဆိုရင် ပြတိုက်နယ်ပယ်ရပ် တစ်ခုလုံး အပြိုင်းအရိုင်း ဖွံ့ဖြိုးလာတာကို ခင်ဗျားမြင်တွေ့ရမှာပါ။
မြန်မာနိုင်ငံက ဒီဇင်ဘာလအတွင်းမှာ ICOM အဖွဲ့ဝင် ဖြစ်လာခဲ့တယ်နော်။ ဒါက မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးပါပါသလဲ။
ICOM ဆိုတာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့တစ်ဖွဲ့ပါ။ မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်လျှောက်လွှာက နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဘုတ်အဖွဲ့အစည်းအဝေး ကျင်းပခါနီးမှာ ရောက်လာတာဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အားလုံးက အားတက်သရော ထောက်ခံခဲ့ကြတာပါ။
ပုံမှန်ဆိုရင်တော့ သူတို့ကိုယ်ပိုင် အမျိုးသားကော်မတီ အဖွဲ့တစ်ဖွဲ့ ထူထောင်ဖို့ ICOM ထံ နိုင်ငံအသီးသီးက လျှောက်လွှာတင်ကြရပါတယ်။ အမျိုးသားကော်မတီတစ်ရပ် ထားရှိလိုက်တော့ ခင်ဗျားတို့ဆီမှာ ကိုယ်ပိုင် အမျိုးသား အတွင်းဝန်ရုံး တစ်ရုံးရှိလာနိုင်ပါတယ်။ ခင်ဗျားတို့မှာ အဖွဲ့ဝင်ကြေးတွေ စုဆောင်းဖို့နဲ့ တခြားကိစ္စရပ်တွေ ဆောင်ရွက်ဖို့အတွက် ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းတွေ ရှိလာပါပြီ။ ကမ္ဘာ့ပြတိုက်များ လောကမှာလည်း ဝင်ရောက်ပြောနိုင်ဆိုနိုင်လာပါပြီ။
ဒါ့အပြင် အဆိုပြုချက်တွေနဲ့ အကြံပြုချက်တွေကို တင်ပြနိုင်သလို ဆွေးနွေးဆုံးဖြတ်ရမယ့် အရေးကိစ္စတွေအတွက်လည်း မဲပေးနိုင်ပါပြီ။ ဘဏ္ဍာငွေ ရယူသုံးစွဲနိုင်ခွင့်လည်း ရှိလာပါပြီ။ ဒါ့ကြောင့် ကိစ္စရပ်အမျိုးမျိုး ရှိလာပြီဖြစ်ပေမဲ့ ပိုပြီးအရေးကြီးတာကတော့ ခင်ဗျားတို့က ကမ္ဘာ့ပြတိုက်များအသင်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လာတာပါပဲ။
လူ့စွမ်းအား အရင်းအမြစ်တွေက ပြတိုက်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်ချက်တစ်ရပ် ဖြစ်တယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ တခြားစိန်ခေါ်ချက်တချို့ကိုလည်း ပြောပြပေးပါဦး။
လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍကို ခင်ဗျားကိုင်တွယ်နိုင်ပြီဆိုရင် တခြားအရာတွေ လိုက်ပါလာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်နဲ့ဆက်စပ်တဲ့ ကိစ္စရပ်တစ်ခုက ပုဂ္ဂလိကကဏ္ဍပါပဲ။ သူတို့က ယဉ်ကျေးမှု အင်စတီကျူးရှင်းတစ်ခုကို ပုံဖော်ဖန်တီးဖို့အတွက် ဘယ်လောက်များ သတိပြုမိသလဲ ဆိုတာပါပဲ။ ဒါကတော့ ကြီးမားတဲ့ စိန်ခေါ်ချက်တစ်ရပ်လို့ ကျွန်တော်ထင်ပါတယ်။
ဒါပေမဲ့ အားလုံးက လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ ဆက်စပ်နေတာပါ။ ဘွဲ့ရခါစ လူငယ်တွေ ပေါ်ထွက်လာတဲ့အခါမှာ သူတို့က ပါးနပ်ချက်ချာကြတယ်၊ ပုဂ္ဂလိကကဏ္ဍတစ်ရပ်ကို တည်ထောင်ကြတယ်၊ ပြီးတော့ ဒါတွေအားလုံးက တစ်ခုကိုတစ်ခု အားဖြည့်ပေးကြပါတယ်။
အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောမယ်ဆိုရင် ယဉ်ကျေးမှုနယ်ပယ်ရပ် တစ်ခုမှာ အလုပ်လုပ်နေသူ တစ်ဦးအတွက် မြို့တစ်မြို့၊ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံက သူ့ရဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းထားဖို့ ဘာ့ကြောင့် အရေးကြီးရတာလဲ။
မြန်မာနိုင်ငံအတွက် ဆွဲဆောင်မှု အရှိဆုံးအရာတစ်ခုက အများကြီး ဆုံးရှုံးထိခိုက်ထားတဲ့ အခြေအနေ တစ်ရပ်မှာ ရှိမနေတာပဲလို့ ကျွန်တော် ယူဆပါတယ်။ အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်နေတဲ့ စင်ကာပူနဲ့ ဟောင်ကောင်တို့လို နေရာတွေအကြောင်းကို ခင်ဗျားတွေးကြည့်လိုက်ပါ။ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုပြန်ရင်လည်း ခင်ဗျားရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးမိသလို ဖြစ်သွားပါလိမ့်မယ်။
စင်ကာပူနိုင်ငံက ဒီအချက်ကို နှစ် ၂၀၊ ဒါမှမဟုတ် ၂၅ နှစ်လောက်ကြာမှ သဘောပေါက်ခဲ့တာပါ။ ၁၉၉၀ ပြည့်လွန်နှစ်များ အလယ်လောက်မှာ သူတို့ရဲ့ အမွေအနှစ်တွေကို ပြန်လည်ဖော်ဆောင်ဖို့အတွက် တစ်ခုခုလုပ်ဖို့ လိုအပ်နေပြီဆိုတာကို သဘောပေါက်ခဲ့လို့ ခုချိန်မှာ တက်တက်ကြွကြွ စိုစိုပြည်ပြည်ဖြစ်နေတဲ့ ကဏ္ဍတစ်ခုမှာ ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒါတွေ မလုပ်မိခင်မှာ သူတို့ အများကြီး ဆုံးရှုံးမှုတွေရှိခဲ့ဖူးပါတယ်။
ခင်ဗျားရဲ့ အမွေအနှစ်တွေကိုသာ ဆုံးရှုံးသွားမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ မြို့တိုင်းဟာ တစ်ပုံစံတည်း ဖြစ်ကုန်ကြပါလိမ့်မယ်။ ခင်ဗျားအနေနဲ့ အတိတ်ကာလနဲ့ ချိတ်ဆက်မှုတော့ လိုအပ်ပါတယ်။
ကျွန်တော် ဖြည့်စွက်ပြောချင်တာတစ်ခုက နိုင်ငံတိုင်းမှာ ကိုယ့်ယဉ်ကျေးမှု သမိုင်းကြောင်းပေါ်မှာ အခြေခံတဲ့ ပြတိုက်ယဉ်ကျေးမှုတစ်ရပ်ကို အနက်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်။ ခင်ဗျားသုံးနိုင်တဲ့ ကမ္ဘာ့စံပုံစံရယ်လို့လည်း မရှိပါဘူး။ မြန်မာနိုင်ငံကလည်း သူ့ကိုယ်ပိုင် ပြတိုက်ချဉ်းကပ်မှုတစ်ရပ်ကို ဖော်ဆောင်ပြီး အဲဒီအထဲမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အစိတ်အပိုင်းတွေကော လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အစိတ်အပိုင်းတွေပါ ပါဝင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ဒါက ဂီတအမျိုးအစားတစ်ခုအတွက် အသုံးပြုခဲ့ဖူးပြီး တိမ်မြုပ်ပျောက်ကွယ်သွားပြီဖြစ်တဲ့ ဗုံတစ်လုံး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အဲဒီဂီတက ရည်မှန်းချက်တစ်ခုလိုပဲ အရေးကြီးနိုင်ပါတယ်။
အနောက်နိုင်ငံတွေမှာဆိုရင် ပိုမိုခိုင်မာတဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရည်မှန်းချက်တစ်ခု ရှိနေပေမဲ့ ပစိဖိတ်ဒေသမှာတော့ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အမြင်ရှုထောင့်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ဒီနှစ်ခုအကြားမှာ ရှိနိုင်ပါတယ်။ ဒါက နိုင်ငံတစ်နိုင်ငံချင်းစီအပေါ်မှာ အများကြီး မူတည်နေပါတယ်။
အောင်မင်း ဘာသာပြန်သည်။