ဝင်္ကပါများနဲ့ အာလိန်ငါးဆင့်စေတီ

ရန်ကုန်မြို့ မြောက်ဘက် အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့်စေတီသည် ရှေးကျသော ထူးဆန်းထွေလာများနှင့် ပြည့်နှက်နေသော ဘုရားစေတီ တစ်ဆူဖြစ်သည်။ 

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

အင်းစိန်မြို့နယ်တွင်ရှိသော အာလိန်ငါးဆင့်စေတီသည် ဝင်္ကပါပုံစံ  တည်ဆောက်ထားသော မြန်မာနိုင်ငံမှ စေတီပုထိုး သုံးဆူအနက်မှ တစ်ဆူ ဖြစ်သည်။ ထိုအထဲမှ နှစ်ဆူ၏ ဝင်္ကပါသည် ပြယုဂ်သက်သက်သာ ဖြစ်သော်လည်း အာလိန်ငါးဆင့်မှ ဝင်္ကပါမှာမူ ထွက်ပေါက်ရှာရ အတော်ခက်ပေသည်။

“ဒီဝင်္ကပါထဲက ထွက်ပေါက်ကို ရှာတွေ့ဖို့က တစ်နာရီခွဲလောက် ကြာနိုင်ပါတယ်” ဟု ကျောင်းထိုင်ဘုန်းကြီး ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

ထိုဝင်္ကပါအတွင်း ဝင်ရောက်ပြီး ထွက်ပေါက်ရှာသော လူများကို ဝင်္ကပါက ရောဂါဘယများ သက်သာပျောက်ကင်းစေသည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုဝင်္ကပါတွင် အရက်သမားများ၊ သူခိုးများနှင့် မတော်တရော် ပြုမူနေထိုင်သော စုံတွဲများ ကျက်စားရာ နေရာ ဖြစ်နေသည်။

“အခုတော့ ဝင်္ကပါပွဲတော်နေ့မှာပဲ ဒီဝင်္ကပါကို ဖွင့်ပေးတော့တယ်” ဟု ဦးအဂ္ဂဓမ္မက ပြောကြားသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ကရင်တိုင်းရင်းသား အများစု နေထိုင်သော ထိုနေရာတဝိုက်တွင် အာလိန်ငါးဆင့်စေတီသည် အကြီးဆုံးဖြစ်ပြီး အံ့ဖွယ်များနှင့် ပြည့်နှက်လျက်ရှိသည်။ ဦးအဂ္ဂဓမ္မက Frontier နှင့် စကားပြောဆိုသော အခန်းသည် ရာစုနှစ်ချီ ရှည်ကြာပြီဖြစ်သော ဗုဒ္ဓရုပ်ပွားတော်များနှင့် ပြည့်နှက်နေသည်။ ထိုရုပ်ပွားတော်များထဲတွင် မြန်မာဘုရင်များဖြစ်ကြသော သီပေါမင်းနှင့် အလောင်းဘုရားတို့ ကိုးကွယ်ခဲ့သော ရုပ်ပွားတော်များပင် ပါဝင်သည်။ ထိုအခန်းထဲမှ ရတနာစီခြယ်ထားသော ဆွမ်းဗန်း တစ်ချပ်သည် နှစ်ပေါင်း ၉၀၀ ကျော် ရှိပြီဟု ဆရာတော်က ဆိုသည်။

ဘုန်းကြီးကျောင်း အပြင်ဘက်၌ စေတီလေးများ ရှိသည့် ဝင်္ကပါ၊ အကြားအမြင်ဆရာများ၊ တရားထိုင်ရာ လိုဏ်ဂူများ ရှိသည်။ ဝင်္ကပါ၏ နေရာတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော်များ ထားရှိပြီး အဆူပေါင်း ၁၈၀ ရှိသည်။

အခန်းတစ်ခန်းထဲတွင် ရာစုနှစ်များစွာရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် နှစ်ပေါင်း ၉၀၀ ကျော်ရှိ ရတနာစီခြယ်ထားသော ဆွမ်းဗန်း တစ်ချပ် ရှိသည်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

အခန်းတစ်ခန်းထဲတွင် ရာစုနှစ်များစွာရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် နှစ်ပေါင်း ၉၀၀ ကျော်ရှိ ရတနာစီခြယ်ထားသော ဆွမ်းဗန်း တစ်ချပ် ရှိသည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ထို့ပြင် ရေကန် ၇ ကန် ရှိပြီး ထိုရေကန်မှ ရေကို သောက်သုံးသူများသည် ရောဂါဘယ ကင်းဝေးကြသည်ဟု ယုံကြည်ကြသည်။

ထို့ပြင် စီးတော်ဆင်များထက်မှ ပကတိလူအရွယ်ရှိ မြန်မာဘုရင်ရုပ်တုများ ရှိသည်။ အဆင့်များပါသော မျှော်စင်တစ်ခုရှိပြီး အဆင့်တစ်ဆင့်စီက ဗုဒ္ဓဝင် ဇာတ်တော်များမှ ထင်ရှားသည့် သူရဲကောင်းများကို ကိုယ်စားပြုသည်။ ဘုန်းကြီးကျောင်းကို စတင်ဆောက်လုပ်ခဲ့သော ဘုန်းတော်ကြီး ဦးသူရိယ၏ ရုပ်ကလာပ်တော်ကို ထားရှိပြီး မျက်နှာတော်ကို ရွှေပိန်းချထားသည်။

အနှစ် ၄၀ ကြာ ဖန်အခေါင်းထဲတွင် ထည့်သွင်းထားသော ဆရာတော် ဦးသူရိယ၏ ရုပ်ကလာပ်တော်ကို မပုပ်မသိုးစေရန် ဓာတုပစ္စည်းများ ဆေးစီမံထားခြင်းများ မရှိဟု ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။ “ရုပ်ကလာပ်တော်က မပုပ်မသိုးဘဲ ရှိနေတယ်။ ခြေလက်တော်တွေ မ ကြည့် ရွှေ့ကြည့်တဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်လောက်အောင် ကြွက်သားတွေက အကောင်းပကတိအတိုင်း ရှိနေတုန်းပဲ၊ တောင့်တောင့်ကြီး မဟုတ်ဘူး” 

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဦးသူရိယသည် ကရင်တိုင်းရင်းသားဖြစ်ပြီး ဘုန်းကြီးကျောင်းကို ၁၉၅၄ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးခါစ၌ ဝန်ကြီးချုပ်ဖြစ်လာသူ ဦးနုနှင့် ကရင်နိုင်ငံရေးသမား သမ္မတ ဦးမန်းဝင်းမောင်တို့၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်သည် ကေအင်န်ယူ Karen National Union နှင့်တိုက်ခိုက်နေရသည့် ပြည်တွင်းစစ်ကာလ ဖြစ်သည်။

သမိုင်းဖြစ်စဉ်တွင် ဖော်ပြသည်မှာ အာလိန်ငါးဆင့်စေတီကို တည်ဆောက်မည့် ပုံစံကို ဦးသူရိယက အိပ်မက်မက်ခဲ့ခြင်းဖြစ်သည်ဟူ၏။ ယင်းကို ခုနစ်လွှာဖြင့် တည်ဆောက်ထားပြီး တစ်လွှာချင်းစီကို နတ်များ ဒဏ္ဍာရီလာ သတ္တဝါများက စောင့်ကြပ်ထားသည်။ မျက်နှာပြင်များကို သာမန် အင်္ဂတေအချော ကိုင်မည့်အစား အကြေးခွံပုံစံများဖြင့် ဖန်တီးတည်ဆောက်ထားသည်။

အတွင်းပိုင်းကို ယဉ်ကျေးမှုမျိုးစုံမှ ဒီဇိုင်းများဖြင့် တည်ဆောက်ထားသည်။ အပေါ်လွှာတို့သည် ထေရဝါဒ ဘုန်းတော်ကြီးကျောင်းနှင့် မတူဘဲ ပြင်သစ်ရဲတိုက် တစ်ခုနှင့် ဆင်တူသည်။ နံရံများသည် အပြာနုရောင်ဖြစ်ပြီး ပြတင်းပေါက်များကို ၁၈ ရာစု ဥရောပ ရိုကိုကို ဗိသုကာလက်ရာ Rococo များနှင့် ဆင်တူအောင် မွမ်းမံခြယ်သထားသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

အောက်လွှာများတွင် ရွှေဆင်းတု ဗုဒ္ဓရုပ်ပွားတော်များရှိပြီး ရုပ်ပွားတော်များသည် မုဒြာ လက်ဟန်အမျိုးမျိုး ရှိသည်။ ရုပ်ပွားတော်များ၏ ဦးခေါင်းထက်တွင် ဂုဏ်တော်အမျိုးမျိုးကို ရေးသားဖော်ပြထားသည်။ သို့သော် အလယ်ခေါင်ရှိ ဗုဒ္ဓရုပ်ပွားတော်၏ ကိုယ်လုံးတော်သည် မြန်မာပုံသဏ္ဍာန်ရှိပြီး မျက်နှာတော်မှာမူ ထိုင်းပုံသဏ္ဍာန်ရှိသည်။ အဆိုပါ ရုပ်ပွားတော်သည် ရွှေရောင်မဟုတ်ဘဲ မြစိမ်းရောင်ဖြစ်သည်။

ထိုရုပ်ပွားတော်ကို ပို၍တန်ခိုးကြီးစေသည့် ဌာပနာတိုက်ကို ဆင်းတုတော်၏ ပလ္လင်တော်အောက်တွင် ထားရှိပြီး ကျောက်မျက် ရတနာများ၊ ဓာတ်တော်မွေတော်များဖြင့် ဌာပနာတိုက် တစ်ခုအဖြစ် ထားရှိလိမ့်မည်ဟု ယူဆရသည်။ ယင်းတို့ကို အပြင်မှ မမြင်ရနိုင်ပေ။

ထိုနေရာတွင် ကြောင်များလည်း ရှိသည်။ ဘုရားအတွင်းတွင် ကြောင်များက လွတ်လပ်စွာ သွားလာနေကြသည်။ အပြင်ဘက်တွင် ခွေးပေါက်လေး အမြောက်အမြားကိုလည်း မွေးထားသည်။

“လူတွေက ကြောင်တွေ၊ ခွေးတွေကို ဘုန်းကြီးကျောင်းကို လာလှူကြတယ်” ဟု အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဒေါ်ဝင်းက ပြောပြသည်။ ဒေါ်ဝင်းသည် အလုပ်မှ အနားယူအပြီးတွင် ဘုန်းကြီးကျောင်း၌ သန့်ရှင်းရေး လုပ်အားပေးအဖြစ် လာရောက်လုပ်ကိုင်နေသူဖြစ်သည်။ 

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

သူသည် ကရင်အမျိုးသမီးဖြစ်ပြီး ရန်ကုန်မြို့  မြောက်ဘက်က ရွာငယ်တစ်ခုတွင် ကြီးပြင်းကာ လယ်ယာ လုပ်ကိုင်ခဲ့သည်။ ထိုအချိန်ကတည်းက အာလိန်ငါးဆင့် ဘုန်းကြီးကျောင်းသို့ ပွဲလမ်းသဘင် ခင်းကျင်းသည့်နေ့များတွင် လာရောက်ဘုရားဖူးကာ တရားထိုင်တတ်သည်။

သူသည် အာလိန်ငါးဆင့် စေတီတော်ကြီး အဆင့်ဆင့် တည်ဆောက်ပြီးစီးမှုကို မြင်တွေ့နိုင်ခဲ့သူ ဖြစ်သည်။ ဦးသူရိယနှင့် ယခုသက်တော် ၈၀ ရှိပြီဖြစ်သော ဦးအဂ္ဂဓမ္မတို့ စေတီကို စတင်တည်ဆောက်လာကတည်းက ဖြစ်သည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်ရာ အခန်းကိုမူ ယခုအခါ ကားဂိုဒေါင်အဖြစ် အသုံးပြုနေသည်။ စုလစ်မွန်းချွန်တို့ဖြင့် တန်ဆာဆင်ထားသော မုဒ်ဦးသည်လည်း ပြိုကျနေကာ ပေါင်းပင်များ ပေါက်ရောက်ပိတ်ဖုံးလျက်ရှိသည်။ ထိုနေရာကို ထိန်းသိမ်းရသော သူက ဈေးဆိုင်တစ်ခု ဖွင့်ထားသည်။ ယခင်က အဆောက်အအုံများသည် အသစ်ဆောက်လုပ်နေသော တစ်ဝက်တစ်ပျက် အဆောက်အအုံများနှင့် ယှဉ်လျက်ရှိသည်။ ဘုန်းကြီးကျောင်းကိုလည်း တိုးချဲ့ဆောက်လုပ်နေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းမှ အသံများ အဆက်မပြတ် ကြားနေရသည်။ 

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဘုန်းကြီးကျောင်းတွင် ဒေါ်ဝင်း အပျော်ဆုံးအချိန်မှာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်သည်။ ထိုနေ့တွင် ကရင်ရိုးရာ ဝတ်စုံနှင့် လူအများသည် ဘုန်းကြီးကျောင်းသို့ လာရောက်ကြသည်။ ၎င်းတို့၏ တီးမှုတ်ကခုန်မှုများ၊ ဈေးဆိုင်များ၊ ကြည့်ချင်ပွဲများ၊ ရောင်စုံမီးများနှင့် အသက်ဝင်လှသည်။

သို့သော် သာမန်နေ့လယ်ပိုင်းများတွင် ဘုန်းကြီးကျောင်းသည် တိတ်ဆိတ်လျက်ရှိသည်။ ရေကန်များထဲတွင် လိပ်များ မြုပ်ချီပေါ်ချီ ရေကူးနေကြသည်။ ညောင်ပင်များအောက်တွင် ခွေးများ အိပ်စက်နေကြသည်။ ဤအံ့ဖွယ် ထူးခြားသော အာလိန်ငါးဆင့် စေတီပုထိုးသည် စက်မှုလုပ်ငန်းများနှင့် တိုးတက်ညံစီနေသော အင်းစိန်မြို့နယ်တွင် အိုအေစစ်တစ်ခုပမာ ဖြစ်နေလေတော့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar