Yangon's Hlaing Tharyar Township, seen from the air in late 2019. (Frontier)
Yangon's Hlaing Tharyar Township, seen from the air in late 2019. (Frontier)

လှိုင်သာယာလမ်းခွဲ

တနိုင်ငံလုံးတွင် လူဦးရေအများဆုံးနေထိုင်သည့် လှိုင်သာယာသည် ရွှေ့ပြောင်းလုပ်သားအများဆုံးနှင့် ဒုစရိုက်မှုအများဆုံးမြို့နယ်ဖြစ်နေသည်။ တိုင်းအစိုးရက အဆိုပါပုံရိပ်ကို ပြောင်းလဲနိုင်ရန် လှိုင်သာယာမြို့နယ်ကို နှစ်ပိုင်းခွဲချင်နေသည်။ သို့သော် ရည်ရွယ်သလိုဖြစ်မဖြစ်ကိုတော့ စောင့်ကြည့်ရမည်ဖြစ်သည်။

ဟိန်းသာ

ရန်ကုန် အမှတ် ၅ လမ်းမကြီး၏ ဗိုလ်ချုပ်မှတ်တိုင်အနီးတဝိုက်သည် လူသွားလူလာ နည်းပါး၍ တိတ်ဆိတ်နေ၏ ။ မော်တော်ယာဉ် တစ်စီးပြီးတစ်စီးဖြတ်သန်းကာ  သွားလာ လှုပ်ရှားသူ အနည်းငယ်သာ ရှိနေသည်။ ဘေးတဘက်တချက်တွင် ဈေးဆိုင်တန်းအချို့နှင့် ဆိုင်ကယ်ယာဉ်မောင်းသာ ရှိသော လေးလမ်းသွား လမ်းမကြီးသည် ပျင်းစရာပင်ကောင်းနေသေးသည်။ အချိန်က ညနေ ၅ နာရီခန့်ရှိပြီ။ နေဝင်သွားသော်လည်း အပူရှိန်က မကျသေး။ ပတ်ဝန်းကျင်က ရှင်းရှင်းလင်းလင်းနှင့် ခြောက်ကပ်တိတ်ဆိတ်နေသည်။

“အစ်ကိုကြည့်နေ နောက်ထပ်နာရီဝက်လောက်ဆို ဒီလမ်းမပေါ်မှာ အစ်ကို တိုးမရတော့ဘူး” ဟု  ကိုချစ်ကိုက ကွမ်းတံတွေး လှမ်းထွေးရင်း လမ်းမကျယ်ကြီးကိုကြည့်ကာ အေးအေးလူလူပင်ပြောသည်။ ကိုချစ်ကိုက ဆိုင်ကယ်ယာဉ်မောင်းတစ်ယောက်ဖြစ်သည်။ သူနှင့်အတူ အခြားဆိုင်ကယ်ယာဉ်မောင်းများစွာသည် ဗိုလ်ချုပ်မှတ်တိုင်ရှေ့၌ ငြိမ်သက်စွာစောင့်ဆိုင်းနေကြသည်။

နောက်ထပ်နာရီဝက်ခန့်အကြာ ရုံးဆင်းချိန်တွင်တော့ ယူနီဖောင်းဝတ်အလုပ်သမားများ တစ်သုတ်ပြီးတစ်သုတ် စက်မှုဇုန်များထဲမှ ထွက်လာကြတော့သည်။ ထမင်းချိုင့်ကိုယ်စီနှင့် ရာချီသော အလုပ်သမားများ အုပ်စုလိုက် စက်မှုဇုန်မှ လမ်းမများပေါ်သို့ထွက်လာကြပြီဖြစ်သည်။  မိန်းကလေးအုပ်စု၊ ယောက်ျားလေးအုပ်စု၊ အရောင်စုံ ယူနီဖောင်းဝတ်များစွာမှာ ပုရွက်ဆိတ်များနယ် တိုးဝှေ့သွားလာကာဖြင့် ရှုပ်ယှက်ခပ်သွားသည်။

 လိုင်းကားများကလည်း တဝီးဝီးနှင့် ယာဉ်အကူများကလည်း အော်ဟစ်လူခေါ်နေကြသည်။ ဆိုင်ကယ်ယာဉ်  မောင်းများလည်း သူ့ထက်ငါ ခရီးသည်အပြိုင်ခေါ်နေကြသည်။ ဖုန်တလုံးလုံးထကာ ဆူညံပွက်လောရိုက်လာသည့် အမှတ် ၅ လမ်းမကြီးသည် မကြာခင်ကအခြေအနေနှင့် ပြောင်းပြန် ပြောင်းလဲသွားတော့သည်။

ယင်းမှာ လှိုင်သာယာ၏တစိတ်တပိုင်းပင် ဖြစ်သည်။ စက်မူဇုန်အလုပ်သမားချည်းပင် သုံးသိန်းကျော် ရှိနေသော လှိုင်သာယာမြို့နယ်တွင်  အဓိကလမ်းမကြီးများသည် ပုံမှန်အလုပ်ချိန်များဆိုက တိတ်ဆိတ် ခြောက်ကပ်နေတတ်သော်လည်း အလုပ်ဆင်းချိန် နှင့် ရုံးပိတ်ရက်များဆိုလျှင် လူပေါင်းများစွာ ရှုပ်ယှက်ခက် အောင်ကို စည်ကားများပြားကာ ဆူညံနေတတ်သည်။

ရန်ကုန်တိုင်းမြောက်ဘက်ပိုင်းရှိ  လှိုင်သာယာမြို့နယ်သည် မြန်မာတနိုင်ငံလုံးတွင် လူဦးရေအများဆုံးမြို့နယ် တစ်ခုဖြစ်သည်။ ရန်ကုန်မြို့၏ထွက်ပေါက်ဖြစ်ပြီး ဧရာဝတီတိုင်းနှင့်နယ်နိမိတ်ချင်း ထိစပ်နေသည်ဟု ပြောရလောက်အောင်ပင် နီးကပ်လှသည်။

 ရန်ကုန်တိုင်းတွင် မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် ဧရိယာ ၂၆ စတုရန်းမိုင်ကျော်သာ ကျယ်ဝန်းသော ယင်းမြို့နယ်မှာ မြို့နှင့်မမျှတသော လူဦးရေကို လက်ခံထားရသည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်း အစီရင်ခံစာအရ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၆၈၇,၈၆၇ ( ခြောက်သိန်း ၈ သောင်း) ရှိနေသည်။ ယင်းမှာ ချင်းပြည်နယ်နှင့် ကယားပြည်နယ် နှစ်ခုပေါင်းစာ လူဦးရေခန့်ပင်ရှိနေသည်။

ထိုကိန်းဂဏန်းမှာ လွန်ခဲ့သည့် ငါးနှစ်က ကောက်ယူခဲ့ခြင်းဖြစ်သည်။

typeof=

ယခုနှစ်စက်တင်ဘာလက လှိုင်သာယာမြို့နယ်တွင် လူဦးရေစာရင်းကောက်ခဲ့သေးသည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုပြီး လူဦးရေစာရင်းပါတပါတည်း ကောက်ခံခဲ့ရာ လူဦးရေ ၇ သိန်း ၃ သောင်းကျော်ရှိသည်ဟု ကောက်ယူရရှိသည်။ သို့သော် ထိုဦးရေမှာ စာရွက်ပေါ်မှ ကိန်းဂဏန်းသာဖြစ်ပြီး တိကျမှုရှိသည်ဟု အာမမခံနိုင်ပေ။

“ကျွန်တော်ထင်တယ်၊ လှိုင်သာယာမှာ လူဦးရေ တစ်သန်းဝန်းကျင် အများဆုံးရှိမှာပဲ” ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောသည်။  အမှန်တကယ်လည်း ရှုပ်ထွေးပွေလီသောလူမှုဘဝများ၊ နေထိုင်မှုပုံစံများနှင့် ယင်းမြို့နယ်၌ လူဦးရေ တစ်သန်းခန့်ရှိနေနိုင်သည်ဟု ခန့်မှန်းနိုင်သည်။ 

ပြီးခဲ့သည့်ဆယ်စုနှစ် တစ်ခုအတွင်း လှိုင်သာယာမြို့နယ်၏ ပုံမှန်မဟုတ်သော လူဦးရေတိုးတက်မှုနှုန်းမှာ ပို၍ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့လူဦးရေများခြင်းက များပြားလှသော ပြဿနာများကို ဦးတည်စေခဲ့သည်။ အထူးသဖြင့် မြို့စီမံခန့်ခွဲခြင်း၊တရားဥပဒေ စိုးမိုးရေးကိစ္စများအတွက် အခက်အခဲဖြစ်သလို။ အခြားသော မြို့တိုးတက်မှု ဖြစ်စဉ်များမှာ နှောင့်နှေးနေရသည်။

လက်ရှိလှိုင်သာယာမြို့နယ်တွင် ရပ်ကွက်ပေါင်း၂၀ နှင့်ကျေးရွာအုပ်စုပေါင်း ၉ ခုရှိနေသည်။ အဓိက ယာဉ်သွား လမ်းမကြီးများကိုလွန်၍ လူနေရပ်ကွက်များဘက်သို့ သွားကြည့်မည်ဆိုလျှင် အများဆုံးတွေ့နိုင်သည်မှာ အဆောင်များပင်ဖြစ်သည်။

အဆောင်ဆိုသည်မှာ အနိမ့်ဆုံးတစ်လ ကျပ်ငါးသောင်းခန့်ဖြင့်ငှားရမ်း၍ တစ်ကိုယ်စာနေနိုင်သည့် အခန်းငယ်လေးများဖြစ်ကြသည်။ လူဦးရေထူထပ်သော လှိုင်သာယာတွင် အိမ်ငှားနေထိုင်ခြင်းထက် အဆောင်ငှားနေထိုင်ခြင်းက ပို၍တွက်ခြေကိုက်ကြသည်။

ငွေရှိသူများက အဆောက်အအုံကြီးမားသည့် အဆောင်များ ဆောက်လုပ်ငှားရမ်းကြသလို အချို့အိမ်ငယ်လေးများကလည်း ၎င်းတို့အိမ်ကို ခွဲခြမ်း၍  တစိတ်တပိုင်းကို အဆောင်လုပ်၍ ငှားရမ်းထားကြသည်။ လူနေရပ်ကွက်များတွင် ကျပ်ညှပ်နေသော အဆောင်များနှင့်ပုံမကျပန်းမကျ အိမ်ပုံစံများကို အများဆုံးတွေ့ရမည်ဖြစ်သည်။ ရပ်ကွက်ထဲ ပတ်လျှောက် ကြည့်လိုက်သည်နှင့် ပြန့်ကျဲနေအောင် လှန်းထားသောအဝတ်များနှင့် ကျပ်ညပ်နေသော နေထိုင်မှုပုံစံကို ထင်ထင်ရှားရှားမြင်နေရသည်။

“ဒီလိုနေရာမှာဘယ်သူနေချင်မလဲ။ ကြိုက်တဲ့လူလိုက်မေးဘယ်သူမှ နေချင်တဲ့လူမရှိဘူး။ ကိုယ့်ခြံကိုယ့်ဝင်းနဲ့ အေးအေးဆေးဆေးနေချင်တာပေါ့” ဟု ၅ ရပ်ကွက်အတွင်း အဆောင်ငှားနေထိုင်သူ မကေသီနွယ်ကပြောသည်။ သို့သော် ငွေရှာဖို့အတွက် ဒီနေရာကို စွန့်ခွာရန် မဖြစ်နိုင်သေးကြောင်း၎င်းက ထပ်ပြောသည်။

ထိုသို့သောအခြေအနေအရပ်ရပ်ကြောင့် ရန်ကုန်တိုင်းအစိုးရက လှိုင်သာယာကိုအပြောင်းအလဲကြီးကြီးလုပ်ရန်စီစဉ်နေသည်။

ထိုအစီအစဉ်မှာလှိုင်သာယာကို နှစ်ခြမ်းခွဲပြီး မြို့နယ်နှစ်ခုပြုလုပ်ရန်ဖြစ်သည်။

The evening rush hour as workers leave their factories. (Nyein Su Wai Kyaw Soe | Frontier)

The evening rush hour as workers leave their factories. (Nyein Su Wai Kyaw Soe | Frontier)

လူဦးရေ တစ်သန်းနီးပါးလား

လှိုင်သာယာမြို့နယ်ကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးသည့်နောက်တစ်နှစ် ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ သမိုင်းမှတ်တမ်းများအရ မြို့ကိုစတည်စဉ်ကတည်းက အင်းစိန်နှင့်မရမ်းကုန်းတို့ရှိ မီးဘေးဒုက္ခသည်များနှင့်ကျူးကျော်အိမ်များကို နေရာချပေးရန် ရည်ရွယ်သည်။

၁၉၈၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ရပ်ကွက်အချို့တွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး နေစရာအိမ်မရှိတော့သည့် ထိုများပြားလှသော မီးဘေးဒုက္ခသည်များကို  လှိုင်သာယာဟုယခုခေါ်ဆိုနေသောနေရာတွင် နေရာချပေးခဲ့သည်။သို့သော်မြို့နယ်အဖြစ်မသတ်မှတ်ခဲ့သေးပေ။ ထို့နောက် ၁၉၈၉ ခုနှစ်က တောင်ဥက္ကလာနှင့်သင်္ဃန်းကျွန်းမြို့နယ်များတွင် မီးလောင်ပြန်သည်။အဆိုပါ မြို့နယ်များမှ မီးဘေးဒုက္ခသည်များကိုပြောင်းရွှေ့ပေးပြီး လှိုင်သာယာဟုထူထောင်ခဲ့ခြင်းဖြစ်သည်။

“လှိုင်သာယာ” ဆိုသည်မှာ သာယာမှုများပေါကြွယ်ဝသည့်နေရာဟု အဓိပ္ပာယ်ရသည်။ ဒုက္ခသည်များနှင့်ကျူးကျော်များ စတင်အခြေချခဲ့သည့် မြို့သစ် တစ်မြို့အတွက် ထိုနာမည်သည် ကံကောင်းစေသောနာမည်အဖြစ် စစ်အစိုးရက ကင်ပွန်းတပ်ခဲ့သည်။

“ဒို့မြို့က စကတည်းက သိပ်ပြီးပြေလည်တဲ့ စီးပွားရေးနဲ့ လူချမ်းသာတွေ ရှိခဲ့တာတော့မဟုတ်ဘူး။ နည်းနည်း ကျပ်တည်းတယ်ပေါ့။ ဒါပေမဲ့ စက်မှုဇုန်တွေတည်ထောင်ပြီး မြို့ကိုလည်ပတ်ဖို့ စီစဉ်ခဲ့ကြတယ်။ ဧရာဝတီတိုင်းက ပို့ ကုန်တွေကို ကုန်သွယ်ဖောက်ကားဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအခြေအနေကို  ပြောင်းလဲစေခဲ့တာတော့ နာဂစ်မုန်တိုင်းပါပဲ” ဟု လှိုင်သာယာမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောသည်။

၁၉၉၁ ခုနှစ်တွင် လှိုင်သာယာ၏ပထမဆုံးစက်မှုဇုန်တည်ထောင်သည်။ရန်ကုန်မြို့၏ ဒုတိယအစောဆုံးစက်မှုဇုန်လည်းဖြစ်သည်။ ထိုစဉ်က လှိုင်သာယာသည် မြေဧကများစွာရှိပြီး မြို့စွန်လည်းဖြစ်နေ၍ စက်မှုဇုန်ဆောက်ပြီး စီးပွားရေးလည်ပတ်ရန်အစိုးရဆောင်ရွက်ခြင်းဖြစ်သည်။

စီးပွားရေးမျှော်လင့်ချက်များရှိနေသည့် လှိုင်သာယာကို လူဦးရေ မတန်တဆ ထမ်းပိုးထားရသောမြို့နယ် ဖြစ်စေခဲ့သည့်တရားခံမှာ ၂၀၀၈ ခုနှစ်တွင် တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းပင် ဖြစ်သည်။

 မြန်မာပြည်တွင် အကြီးမားဆုံးမုန်တိုင်းဖြစ်သည့် နာဂစ်မုန်တိုင်းသည် မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းကို ရက်စက်စွာဖျက်ဆီးခဲ့သည်။ လူသိန်းပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ရပြီး  ဧရာဝတီတိုင်း၏ စီးပွားရေးများကို နာလန်မထူအောင် ရိုက်ချိုးခဲ့သည်။ ထိုသို့ဖြင့် ဧရာဝတီတိုင်းမှလူပေါင်းများစွာ သည် သုံးနာရီမျှ ကားစီးရုံဖြင့်ရောက်နိုင်သော  စီးပွားရေးလုပ်ကိုင်ရန် အခွင့်အလမ်းကောင်းသည့် လှိုင်သာယာမြို့နယ်ကို ရွှေ့ပြောင်းလာခဲ့ကြတော့သည်။

“အဲ့ဒီအချိန်တုန်းက ဧရာဝတီတိုင်းက ပိုက်ဆံမရှိတဲ့လူတွေရော၊ ရှိတဲ့လူတွေရော အကုန်ပြောင်းလာကြတာနော်။ ဟိုမှာက အကုန်ပျက်စီးသွားပြီလေ။ ဘာမှလုပ်လို့မရတော့ဘူး” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် စာရေးဆရာ ဗညားလှိုင်ဦးကပြောသည်။ ၎င်းမှာလည်း ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှ လှိုင်သာယာသို့ ပြောင်းရွှေ့လာသူဖြစ်သည်။

ဧရာဝတီတိုင်းဆိုသည်မှာ မြန်မာတနိုင်ငံလုံးတွင် မြို့တော်ရန်ကုန်ပြီးလျှင် လူဦးရေအများဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆ သန်းကျော်ရှိသည့် တိုင်းကြီးတစ်ခုဖြစ်သည်။ ထိုတိုင်းဒေသကြီးမှ လူများအစုလိုက် အပြုံလိုက် ပြောင်းရွှေ့လာမှုက လှိုင်သာယာမြို့နယ်ကို ဧရာဝတီအငယ်စား တစ်ခုကဲ့သို့ ပုံပြောင်းပစ်ခဲ့သည်။ သို့ဖြစ်ရာ လှိုင်သာယာတွင် လူဦးရေ တစ်သန်းနီးပါးရှိသည်ဆိုသည်မှာ အံ့သြစရာမဟုတ်တော့။

 “လူတွေများလာတော့ ပြဿနာတွေများလာတာပေါ့။ လူအများဆုံးဆိုတော့ ပြဿနာအများဆုံးပေါ့” ဟု ဆိုင်ကယ်ကယ်ရီသမား ကိုချစ်ကိုက ရယ်မောရင်းပြောပါသည်။ ၎င်းကိုယ်တိုင်မှာလည်း ဧရာဝတီတိုင်းသားဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်ပြီးပြီးချင်းမှာပဲ လှိုင်သာယာသို့ပြောင်းလာသူဖြစ်သည်။

ကိုချစ်ကို ရည်ညွှန်းခဲ့သည့်အတိုင်းပင် လှိုင်သာယာတွင် ပြဿနာများ များပြားစုံလင်လှပါသည်။ မြို့နယ်လေး တစ်ခုက မြို့တစ်ခုစာလောက် လူဦးရေရှိလာပြီးနောက်တွင် အရင်ဆုံးပြဿနာက အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်ဟု လှိုင်သာယာမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ကပြောသည်။

“လှိုင်သာယာမှာ ရဲလုပ်ရတာ ငရဲပြည်မှာ ငရဲသားလုပ်ရသလိုပါပဲ” ဟု ရဲမှူးကပြောသည်။

လူဦးရေများသော လှိုင်သာယာတွင် မူးယစ်ဆေးဝါးပြဿနာ၊ ပြည့်တန်ဆာပြဿနာများအပြင် လူမိုက်ဂိုဏ်းများ၏ ပြဿနာလည်းကြီးမားလှသည်။ များလှစွာသော ရန်ကုန်နေပြည်သူများက လှိုင်သာယာကို ဒုစရိုက်မြို့တော် “City of Crime” ဟုပင် အမည်ပေးလိုကြသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုအများဆုံးမြို့နယ်၊ ကျူးကျော် အများဆုံးမြို့နယ်၊ ထို ပြင် ရွေ့ပြောင်းလုပ်သား အများဆုံးမြို့နယ်၊ စက်မှုဇုန်အလုပ်သမား အများဆုံးမြို့နယ်စသည်ဖြင့် လှိုင်သာယာတွင် ဂုဏ်ပုဒ်ပေါင်းများစွာရှိနေပါသည်။

typeof=

လက်ရှိလှိုင်သာယာ

ယနေ့လှိုင်သာယာ၏အခြေအနေ မည်သို့ရှိသည်ကို စာရင်းဇယားအချို့နှင့် ဌာနဆိုင်ရာမှတ်တမ်းများမှတဆင့် အနည်းငယ်နားလည်ရန်ကြိုးစားနိုင်သည်။ သို့သော် တိကျသောစာရင်းဇယားများတော့မဟုတ်ချေ။

လှိုင်သာယာသည် ခန့်မှန်းခြေအများဆုံးလူဦးရေ ၁ သန်းခန့်ရှိနိုင်သည်ဟု အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုထဲမှ အသက် ၁၀ နှစ်အထက် လူဦးရေ၏ ၆၄ ရာခိုင်နှုန်းမှာ နိုင်ငံသားကတ်ကိုင်ဆောင်သူဖြစ်ပြီး ၂၆ ဒသမ ၁ ရာခိုင်နှုန်း သည် မည်သည့်ကတ်မှ မကိုင်ဆောင်သူများဖြစ်သည်။ မည်သည့်ကတ်မှ မကိုင်ဆောင်ဆိုသည့် အဓိပ္ပာယ်မှာ ဘာအထောက်အထား၊ ဘာမှတ်ပုံတင်၊ ဘာဆိုဘာမှမရှိသည့်သဘောပင်ဖြစ်သည်။

မြို့ကို အဓိကကိုင်တွယ်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘက်ကိုကြည့်မည်ဆိုလျှင်   အုပ်ချုပ်ရေးဝန်ထမ်းမှာ ၅၈ ယောက်သာရှိနေသည်။ ထို့ကြောင့် အုပ်ချုပ်ရေးအလုပ်ကို ပီပြင်စွာလုပ်ကိုင်နိုင်ရန် လွန်စွာမှအားနည်းလွန်းနေသည်ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောသည်။ 

ထို့ကြောင့်ပင် အုပ်ချုပ်ရေးစီမံမှုအလွဲများစွာဖြစ်ရသည်။ ဥပမာအားဖြင့်  ၂၀၁၇ -၂၀၁၈ ခုနှစ်ကဆိုလျှင် အုပ်ချုပ်ရေးလုပ်ငန်းများ ပီပြင်စွာလုပ်ကိုင်နိုင်ရန် မြို့နယ်တွင်းစာရင်းဇယားများ လိုက်လံကောက်ယူခဲ့သည်။ ထိုစာရင်းတွင် ဖော်ပြထားသည်မှာ လှိုင်သာယာလူဦးရေ မှာ ၄၂၃,၃၈၈ (လေးသိန်းကျော်)သာရှိသည်ဟုဆိုသည်။   ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းမှာပင် လူဦးရေ ၆ သိန်းရှိသော မြို့နယ်သည် ၂၀၁၈ ထွေအုပ်စာရင်းအရ လူဦးရေ ၄ သိန်းကျော်သာရှိနေရာ အုပ်ချုပ်ရေးလုပ်ငန်းများအတွက် အခြေခံတွက်ချက်မှုမှာပင် မှားယွင်းနေပြီဖြစ်သည်။

” ဘယ်လိုဖြစ်လဲဆိုတော့ ကျွန်တော်တို့ဝန်ထမ်းဦးရေနဲ့ ဘာမှလုပ်မရဘူး။ ကျွန်တော်တို့လူဦးရေစာရင်းကောက်တယ်နော်။ ဒီနေ့ကောက်တာ နဲ့နောက်နေ့ကောက်တာမတူတော့ပြန်ဘူး။  ” ဟု ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါသည်။

၎င်းဆိုလိုသည့် အဓိပ္ပာယ်မှာ အထောက်အထားမဲ့နေထိုင်သူများ၊ ရွေ့ပြောင်းအလုပ်သမားများ၊ ဧရာဝတီနှင့်ရန်ကုန်တိုင်းကို အသွားအပြန်လုပ်နေသူများ စသဖြင့် ရှိနေသောကြောင့် လူဦးရေစာရင်းပင် အတိအကျရဖို့ ခက်ခဲသည်။

” အခု ဒီနေ့ လှိုင်သာယာမှာ ၇သိန်းကျော်ရှိတယ်လို့ ပြောတယ်နော်။ နောက်နေ့လာမမေးနဲ့ နောက်နေ့ဘယ်လောက်ရှိလဲ ကျွန်တော်အာမခံနိုင်ဘူး ” ဟု ၎င်း ကဆိုပါသည်။

အုပ်ချုပ်ရေးဝန်ထမ်းများအများဆုံးဖြေရှင်းရသည့် ပြဿနာမှာ မြေယာပြဿနာဟု ဦးချစ်ကိုကိုလင်း ကပြောပါသည်။ လှိုင်သာယာမြို့နယ်တွင် ကျူးကျော်ပေါင်း ၂ သိန်းနီးပါးရှိနေသည်ဟု အုပ်ချုပ်ရေးဝန်ထမ်းစာရင်းဇယားများတွင် ခန့်မှန်းထားသည်။ ၎င်းတို့အတွက် မြေယာပိုင်ဆိုင်မှု ပြဿနာများမှာ နေ့စဉ်ဖြေရှင်းနေရသော ခေါင်းကိုက်စရာကိစ္စဟု၎င်းကပြောပါသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် တွင် စက်မှုဇုန် ၁၂ ခုနှင့် စက်ရုံအလုပ်ရုံ  ၈၀၀ ကျော်ရှိနေသည်။ စက်မှုဇုန် အလုပ်သမားများမှာ ၂သိန်းမှ ၃သိန်းအတွင်းရှိနေသည်ဟု အထွေထွေအုပ်ချုပ်ရေးမှတ်တမ်းများတွင် ဖော်ပြထားသည်။ ထိုအတွက် အလုပ်ရှင်အလုပ်သမားပြသနာများမှာလည်း နေ့စဉ်လိုကြုံနေရသည်ဟု ၎င်းကပြောသည်။ ထို့အတွက် ဝန်ထမ်းအင်အား မလုံလောက်မှုက အကြီးဆုံးပြဿနာဟု ၎င်းကငြီးငြူပါသည်။

အုပ်ချုပ်ရေးတစ်ခုတင်မဟုတ် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်အရှိဆုံးရဲတပ်ဖွဲ့ကိုလည်း ကြည့်ပါ။ လူဦးရေ တစ်သန်းနီးပါးမြို့နယ်အတွက် ရဲစခန်းနှစ်ခု၊အချုပ်ခန်း နှစ်ခုနှင့် ရဲတပ်ဖွဲ့ဝင် ၁၈၉ ဦးသာ ရှိသည်ဟု ရဲမှူးခင်ဇော်ကပြောပါသည်။ ထို ၁၈၉ ဦးဆိုသည့် ရဲတပ်ဖွဲ့ဝင်မှာ စုံစမ်းဖမ်းဆီးသည့် ရဲတပ်သားများသာ မဟုတ်၊ ရုံးအလုပ်လုပ်ကိုင်သူတပ်သား၊ရဲကားမောင်းသူ တပ်သား၊ စာရင်းကိုင်တပ်သား အားလုံးပေါင်း အရေအတွက် ဖြစ်သည်။ နယ်မြေအတွင်းလုံခြုံရေးလှည့်လည်လုပ်ဆောင်နေရသည့် ရဲဦးရေမှာ ၁၀၀   ကျော်လော က်သာရှိသည်ဟု ရဲမှူးခင်ဇော်ကပြောပါသည်။

ထိုမနိုင်မနင်းရဲအင်အားနှင့် ချိနဲ့နဲ့တရားဥပဒေစိုးမိုးရေးကြောင့် လှိုင်သာယာကို ” ဒုစရိုက်မြို့တော်”ဟုကင်ပွန်းတပ်ချင်ကြသည်မှာ မမှားပါ။  များစွာသော လူမိုက်ဂိုဏ်းများမှာ မြို့နယ်အနှံ့သ့ူအဖွဲ့နှင့်သူရှိနေသည်။  ပိုက်ဆံပေးလျှင် လူသတ်ပေးသည့် ကြေးစားလူသတ်သမားများကို ခပ်လွယ်လွယ်ပင်ရှာနိုင်သည်ဟု ကယ်ရီယာဉ်မောင်းကို ချစ်ကို ကပြောသည်။ 

ဓါးကုလား၊ပိုးဟပ်ဖြူ စသည့် လူမိုက်များမှာ လူမှုကွန်ရက်တွင်ပါနာမည်ကြီးသည့် လှိုင်သာယာသား ကြေးစားလူမိုက်များ  ဖြစ်ကြသည်။ 

လှိုင်သာယာ၏ မှုခင်းမှတ်တမ်းများကို ပြန်လည်ကြည့်ရှုရမည်ဆိုလျှင် ယခုနှစ် ၂၀၁၉ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ရန်ကုန်တစ်မြို့လုံး လူသတ်မှုပေါင်း ၁၁၆ မှုဖြစ်ခဲ့ရာ ၁၉ မှုမှာ လှိုင်သာယာမြို့နယ်မှ ဖြစ်သည်။ ထို့ကြောင့် တစ်တိုင်းလုံး၏ လူသတ်မှု ၁၆ ရာခိုင်နှုန်းမှာ လှိုင်သာယာတွင် ဖြစ်ပွားနေပြီး ရန်ကုန်တစ်တိုင်းလုံးအများဆုံးစံချိန်ဖြစ်သည်။

 ထို့ပြင် ယခုနှစ်အတွင်း လှိုင်သာယာမြို့နယ်အတွင်း ရိုက်နှက်နာကျင်စေမှုပေါင်း ၁၄၅ မှုဖြစ်ပွားခဲ့သည်။ မသင်္ကာ၍ ရဲအက်ဥပဒေဖြင့် အရေးယူပေါင်း ၄၃၀၀ ကျော်ဖြစ်ခဲ့သည်။ ထိုအရေအတွက်မှာ ရဲတပ်ဖွဲ့ဝင် မလုံမလောက်ဖြင့် ဖမ်းဆီးထားသော မှတ်တမ်းစာရင်းဖြစ်ပြီး ထို့ထက်ပိုသော မူခင်းဖြစ်စဉ်များလည်း ရှိနေနိုင်ပါသေးသည်။

ထိုမျှတင်မကပါ။ လူဦးရေနှင့်အိမ်ခြေများပြားသည့် အလျှောက် ပူးကပ်ကြပ်ညှပ်စွာ ဆောက်ထားသည့် အိမ်ခြေများကြောင့် အညစ်အကြေးနှင့် အမှိုက်စွန့်ပစ်ရေးတို့တွင် များစွာခက်ခဲနေသည်ဟု မြို့နယ်တိုင်းဒေသကြီးအမတ် ဦးမြတ်မင်းသူကပြောပါသည်။ 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လက လှိုင်သာယာမြို့နယ်ရှိ အကြီးဆုံး ထိန်ပင်အမှိုက်ပုံကြီးမီးလောင်ကျွမ်းခဲ့ရာ မီးခိုးညှော်နံ့များက ရန်ကုန်တစ်မြို့လုံးနီးပါးကို ရက်အတော်ကြာအောင် ဒုက္ခပေးခဲ့သေးသည်။ စွန်ပ့စ်ပလက်စတစ်များမီးလောင် ကျွမ်းမှုကြောင့် တစ်ပတ်ကျော်အောင် မီးမငြိမ်းဘဲ မြို့နယ်တွင် အတော်ဒုက္ခရောက်ခဲ့သည်။

Deputy township administrator U Chit Ko Ko Lin. (Nyein Su Wai Kyaw Soe | Frontier)

Deputy township administrator U Chit Ko Ko Lin. (Nyein Su Wai Kyaw Soe | Frontier)

လှိုင်သာယာအတွက်ဒုတိယမြို့

အထက်တွင် ဆိုခဲ့သလိုပင် သည်လောက် လူဦးရေများပြားပြီး ရှုပ်ပွနေသည့် မြို့နယ်ကိုပြောင်းလဲပစ်ရန် ရန်ကုန်တိုင်းအစိုးရ၏ အကြံစည်ကတော့  လှိုင်သာယာမြို့နယ်ကို နှစ်ခြမ်းခွဲပစ်လိုက်ဖို့ပင် ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက က ယခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် လှိုင်သာယာကို မြို့နယ်နှစ်ခုအဖြစ်ခွဲပစ်ရန် စကားဦးသန်း ပြောဆိုခဲ့သည်။ သို့သော် တိကျသည့် ပြောစကားအဖြစ်သတ်မှတ်ရန် ခက်ခဲခဲ့သည်။

အဓိက အားဖြင့် လူဦးရေများပြားလွန်းသည့် ပြဿနာ၊ အုပ်ချုပ်ရေးဝန်ထမ်းမလုံလောက်သည့် ပြသနာနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကြောင့် ခွဲခြားလိုသည်ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

 ပြီးခဲ့သည့် သြဂုတ်လတွင် တော့ လှိုင်သာယာမြို့နယ်ကို နှစ်ခြမ်းခွဲရန်လုပ်ငန်းများစတင်နေပြီ ဟူ၍ ပြည်တွင်းမီဒီယာအချို့တွင် ဖော်ပြလာကြသည်။  သို့သော် တိုင်းအစိုးရနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက အဆိုပါ ကိစ္စကို ပြည်သူလုထုထံ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို တစ်စုံတစ်ရာ  ပြောဆိုခြင်း လည်းမရှိသေးပါ။

Frontier မှ စုံစမ်းမှုများအရ လှိုင်သာယာကို နှစ်ခြမ်းခွဲဖို့ အစီအစဉ်မှာ အမှန်ပင်ဖြစ်သည်။ လှိုင်သာယာမြို့နယ် ကို အရှေ့လှိုင်သာယာနှင့် အနောက်လှိုင်သာယာဟူ၍ နှစ်ခြမ်းခွဲရန် တိုင်းအစိုးရက အစီအစဉ်ရှိနေသည်။

လက်ရှိအခြေအနေမှာ လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးမှ မြေပြင်အခြေအနေများနှင့် ခွဲခြားသင့်သည့် မြေပုံညွှန်းကိန်းများနှင့် တကွ မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးရုံးသို့ တင်ပြထားပြီး မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးက စက်တင်ဘာ နောက်ဆုံးပတ်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တင်ပြထားပြီးဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကပြောသည်။

နောက်ဆုံးကျန်နေသည့် အဆင့်မှာ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မထံ တင်ပြပြီး သမ္မတ၏ ညွှန်ကြားချက် အတိုင်းလိုက်ပါဆောင်ရွက်ရန်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့နယ်တိုးချဲ့လိုပါက နိုင်ငံတော်သမ္မတ၏ခွင့်ပြုချက်လိုသည်။

Motorbikes, though officially banned in Yangon, are everywhere in Hlaing Tharyar. (Hkun Lat | Frontier)

Motorbikes, though officially banned in Yangon, are everywhere in Hlaing Tharyar. (Hkun Lat | Frontier)

နှစ်ခြမ်းခွဲအစီအစဉ်

ဝန်ကြီးချုပ်ထံတင်ပို့လိုက်သည့် လှိုင်သာယာမြို့နယ် နှစ်ခြမ်းခွဲရေး အစီရင်ခံစာကို Frontier က ဖတ်ရှုခွင့် ရခဲ့သည်။ ထိုအစီရင်ခံစာအရ ဆိုလျှင် ဧရိယာ ၂၆ စတုရန်းမိုင်ရှိသည့် လှိုင်သာယာမြို့နယ်ကို ၁၃ စတုရန်းမိုင်စီ အညီအမျှခွဲဝေသွားမည်ဖြစ်သည်။ မြို့နယ်တွင် ရပ်ကွက် ၂၀ ရှိသည့် အနက် အမှတ်(၁)ရပ်ကွက်မှ အမှတ်(၈)အထိရပ်ကွက် ၈ ခုနှင့် ရပ်ကွက် ၁၅ တို့မှာ လှိုင်သာယာ အရှေ့ပိုင်းတွင် ပါဝင်သွားမည်ဖြစ်ပြီး ရွှေလင်ဗန်းကျေးရွာအုပ်စု၊ ကစင်ကျေးရွာအုပ်စု၊ရှမ်းချောင်းကျေးရွာအုပ်စု ရေဥက္ကံ ကျေးရွာအုပ်စုနှင့်  ညောင်ရွာတို့မှာ လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်များဖြစ်လာမည်ဖြစ်ပြီး ကျန် ရပ်ကွက်များနှင့် အလယ်ကျေးရွာ အုပ်စု ကုလားကြီးကျေးရွာအုပ်စုကန်လှကျေးရွာအုပ်စု၊ အတွင်းပဒံ နှင့် အပြင်ဗဒံ ကျေးရွာတို့မှာ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်များဖြစ်လာမည်ဖြစ်သည်။  နှစ်ဖက်လုံးတွင် လူဦးရေ အချိုးကျ  လေးသိန်းခန့်ရှိနေ မည် ဖြစ်ပြီး ပုံမှန်မြို့နယ်တစ်မြို့ထက်တော့  များပြားနေသေးသည်။  ခွဲခြမ်းသည့် ပုံစံမှာလက်ရှိမဲဆန္ဒနယ်ခွဲခြမ်းသည့် ပုံစံနှင့် အနည်းငယ်ဆင်တူနေသည်။

တိုင်းအစိုးရကတော့ လှိုင်သာယာ နှစ်ခြမ်းခွဲရေးကိုလာမည့်နှစ် ရွှေးကောက်ပွဲ ၂၀၂၀ မတိုင်ခင်တွင် အပြီးသတ်လုပ်ဆောင်လိုသည့် ဆန္ဒရှိနေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ဒါမှလည်း  ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ သတ်မှတ်ခြင်း ၊မြို့နယ်ခွဲ၍ ရွေးကောက်ပွဲကျင်းပခြင်းတို့ကို တစ်ခါတည်းပြုလုပ်နိုင်မည်ဖြစ်ပြီး မြို့နယ်ကိုယ်စားပြုလွှတ်တော်အမတ်များ အဆင့်သင့်ဖြစ်နိုင်မည်ဖြစ်သည်ဟု လက်ရှိ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ကပြောသည်။ ၎င်း၏ မဲဆန္ဒနယ် အမှတ်(၂)မှာ မြို့နယ်ခွဲခြမ်းမည်ဆိုပါက လှိုင်သာယာ အနောက်ပိုင်းမြို့နယ် အတွင်းပါဝင်သွားမည်ဖြစ်သည်။

လှိုင်သာယာမြို့နယ် ခွဲခြမ်းရေးကိစ္စကို လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်နေ ပြည်သူအများစုပင် သိရှိခြင်းမရှိသေးပါ။ သို့သော် အုပ်ချုပ်ရေးဝန်ထမ်းများ၊ စည်ပင်သာယာဝန်ထမ်းများနှင့် လွှတ်တော်အမတ်များ ကတော့ သိရှိပြီးဖြစ်သော်လည်း ထုတ်မပြောသေးဘဲ ရေငုံနှုတ်ပိတ်ထားကြသည်။  ထို့ပြင် ၎င်းတို့အများ စုကလည်း မြို့နယ်ခွဲခြမ်းရေးကို ကျေနပ်စွာလက်ခံထားကြသည်။

လှိုင်သာယာကို ခွဲခြမ်းလိုသည့် အဓိက အကြောင်းပြချက်နောက်တစ်ခု မှာ မြို့နယ်အတွက် အသုံးပြုရသည့် ဘတ်ဂျက်ငွေ ပမာဏ နည်းခြင်းကြောင့်လည်းပါဝင်သည်ဟု လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦး ဝင်းမောင်ကပြောသည်။  လက်ရှိ  မြို့နယ်အတွက် ပြည်ထောင်စု အစိုးရဘတ်ဂျက်နှင့် တိုင်းအစိုးရဘက်ဂျက်များခွဲဝေရာတွင်လှိုင်သာယာမြို့နယ်သည်  လူဦးရေအများဆုံးမြို့နယ် ဖြစ်နေသော်လည်း တခြားမြို့နယ်များထက် ဘက်ဂျက်ပိုမိုမရရှိပါဟု ဦးဝင်းမောင်ကပြောသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ် အတွင်းအသုံးပြုနေသော နှစ်စဉ်ဘက်ဂျက်မှ ၅ ဘီလီယံမှ ၇ ဘီလီယံ အထိရှိနေသည်ဟု ဦးဝင်းမောင်က တွက်ချက်ပြသည်။
 သို့သော် ထိုပမာဏမှာ မြို့နယ်အတွင် လုံလောက်သော ပမာဏ မဟုတ်ဟု ၎င်းကဆိုပါသည်။ လှိုင်သာယာမြို့နယ်ရှိ လမ်းများအားလုံးကို လက်ရှိအချိန်ထိ အဆင့်မြင့်သော လမ်းများအဖြစ် မမြင်ရသေးသည့်အပြင် အချို့သော မြို့နယ်တွင်းလမ်းများမှာ ပျက်စီးချို့ယွင်းနေ ဆဲဟု ၎င်းကဆိုပါသည်။ 

မြို့နယ်ခွဲခြမ်းရေးနှင့် ရွေးကောက်ပွဲအခြေအနေ

Frontier က မေးမြန်းခဲ့သော သတင်းရင်းမြစ်များ၏ အဆိုအရတိုင်းအစိုးရ၏ လှိုင်သာယာခွဲခြမ်းရေးအကြံအစည်သည် ၂၀၂၀ နိုဝင်ဘာ ရွေကောက်ပွဲ မတိုင်မီ စတင်ချင်နေသည်။ ဘာကြောင့်ဆိုသော်မဲဆန္နနယ် သတ်မှတ်ရေး၊ လွှတ်တော်အမတ် နေရာချထားပေးရေးတို့ကို တစ်ပါတည်း လုပ်ဆောင်ရန် သင့်လျော်သောကြောင့်ဖြစ်သည်။

မြို့နယ် နှစ်ခုခွဲခြမ်းပြီးလျှင် လှိုင်သာယာ အရှေ့နှင့်အနောက် မြို့နယ် နှစ်ခုလုံးတွင် ပြည်သူ့လွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်အမတ်များ အသီးသီး သူ့မြို့နယ်နှင့်သူ ဖြစ်လာတော့မည်ဖြစ်သည်။ 
ထို့ပြင် သတိပြုစရာတစ်ခုမှာ မြို့နယ် ခွဲခြမ်းရေး(တစ်နည်းအားဖြင့်တစ်မြို့နယ် တိုးလာခြင်း) ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကန့်သတ်ထားသော အချက်တစ်ခုရှိသည်။

အဆိုပါကိစ္စကတော့” နိုင်ငံတော်ကို မြို့နယ် ၃၃၀ ဖြင့် ဖွဲ့စည်းထားသည်” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂)နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်း တွင်ပြဌာန်းထားသော နိုင်ငံတော်၏မြို့နယ် ကန့်သတ်ချက်ဖြစ်သည်။ အကယ်၍ မြို့နယ် တစ်ခု အသစ်တိုးချင်လျှင် အဆိုပါ အချက်ကို ပြင်ရန် ဖွဲ့စည်းပုံကို ပြင်ရဦးမည်ဖြစ်သည်။

သို့သော် ရန်ကုန်တိုင်း အစိုးရ၏ ပါးနပ်သော အကြံတစ်ခုရှိနေပါသေးသည်။ ဒါကတော့ လူဦးရေ ၃၀၀၀ ခန့်သာရှိသည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပစ်ဖို့ပင် ဖြစ်သည်။

” အစိုးရက ဆိပ်ကမ်းကို ၂၀၂၀ မတိုင်မှီဖျက်သိမ်းလိုက်ဖို့ဆိုတာ အတော်သေချာသလောက်ဖြစ်နေပါပြီ” ဟု ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကပြောသည်။ ၎င်း၏ အဆိုအရ လှိုင်သာယာကို နှစ်ခြမ်းခွဲမည့် ကိစ္စနှင့် ဆိပ်ကမ်းကို ဖျက်သိမ်းသည့် ကိစ္စသည် တစ်ပြေးညီပနံသင့်နေသော ကိစ္စဖြစ်ပြီး လက်တွေ့တွင်လည်း အကျိုးရှိမည်ဟု ဆိုသည်။

အမှန်တကယ်လည်း လှိုင်သာယာမှာ ဆိပ်ကမ်းမြို့နယ်ထက် လူဦးရေ အဆပေါင်း ၂၅၀ ခန့်များပြားနေသည့် တိုင်အောင် လွှတ်တော်အမတ်အရေအတွက် တူတူ ရှိနေပြီး ဖွံဖြိုးရေးရံပုံငွေလည်း ထိုနည်းလည်းကောင်းပင်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လှိုင်သာယာ၌ မဲပေးနိုင်သူဦးရေ ၇၃၃၆၆၀ ရှိနေသည်။ ရန်ကုန်တိုင်းအစိုးရ၏ မြို့နယ် ခွဲခြမ်းဖို့အကြံအသည် အောင်မြင်လျှင်တော့ လှိုင်သာယာသည် မဲဆန္ဒနယ် နှစ်ဆ ဖြစ်သွားမည်။  မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးမြို့နယ်တစ်ခု မှ လူဦးရေအများဆုံးမြို့နယ် နှစ်ခု ထပ်ဖြစ်သွားပေဦးမည်။

 မြန်မာနိုင်ငံ၏မည်သည့်မြို့နယ် မှ လူဦးရေ ၄ သိန်းနီးပါးရှိမနေ၍ ဖြစ်သည်။

အထက်တွင် ဆိုခဲ့အတိုင်းပင် မြို့နယ် ခွဲခြမ်းမည့် ရန်ကုန်တိုင်းအစိုးရ၏ သဘောထားကို မြို့နယ်အတွင်းနေ ပြည်သူအများအပြားက မသိရှိရသေးပါ။ တစ်ချို့ဆိုလျှင် နားစွန်နားဖျားတောင် မကြားဖူးသေးပါ။ 

(၅)ရပ်ကွက်အတွင်း အဆောင်ငှားနေထိုင်သော မကေသီနွယ်ကို လှိုင်သာယာ နှစ်ခြမ်းခွဲမည့် သတင်းပြောပြသောအခါ မကေသီနွယ် အံ့သြမှင်သက်သွားခဲ့သည်။ ထို့နောက် သူသိချင်သည့် မေးခွန်းများတစ်ရစပ်မေးတော့သည်။ ၎င်းတို့ရပ်ကွက် မည့်သည့် မြို့နယ်အတွင်းပါသွားမည်လဲ။ ဘာတွေဖြစ်လာမှာလဲ၊ ပိုကောင်းလာမှာလား သည့် မေးခွန်းများမေး၏။

ဧရာဝတီတိုင်းမှ ပြောင်းရွေ့လာသော မကေသီနွယ်ကို လှိုင်သာယာ က လုပ်ကိုင်စားသောက် နိုင်ရန်၊အလုပ်ကိုင်ခွင့်လမ်းများပေးထားသည်။ ကျောချနိုင်ရန် နေရာတစ်ခုပေးထားသည်။ သို့သော်လှိုင်သာယာသည် သူ့နေရာဟု သူမမခံစားရ။

” ကျွန်မဒီမှာနေတာ ကိုးနှစ်လောက်ရှိပြီနော်။  ဘယ်တုန်းကမှ အိမ်လိုမခံစားရဘူး ” ဟု သူမကပြောပါသည်။

ဓာတ်ပုံ-ခွန်လတ်

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar