အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်သစ်များ တက်ရောက်ရမည့် လွှတ်တော်သစ်များသည်
ဖေဖော်ဝါရီ ၁ ရက်တွင် စတင်တော့မည်
နေပြည်တော်၊ ဇန်နဝါရီ ၂၇
ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီကို ယနေ့ ဖွဲ့စည်းလိုက်ရာ လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်နိုင်သည်ဟု အမည်ထွက်နေသော ဦးဝင်းမြင့်နှင့် ဦးမန်းဝင်းခိုင်သန်းတို့လည်း ပါဝင်လာသည်။
ယနေ့ မွန်းလွဲပိုင်းတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည့် ဦးဆောင်ကော်မတီတွင် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးတို့ ပါဝင်ကြသည်။
ကော်မတီသည် လွှတ်တော်အစည်းအဝေးများ ကျင်းပမည့် အစီအစဉ်ရေးဆွဲခြင်း၊ လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် ဧည့်သည်များကို ဖိတ်ကြားခြင်း၊ လွှတ်တော်ကို လေ့လာခွင့် တင်ပြမှုများကို စိစစ် ခွင့်ပြုခြင်း၊ သတင်းယူမည့် မီဒီယာများကို စိစစ်ခွင့်ပြုခြင်းနှင့် အခြား လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးများ၊ လွှတ်တော်ရုံးအသီးသီးတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။
လက်ရှိ လွှတ်တော်အစည်းအဝေးများသည် ယခုလကုန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်သစ်များ တက်ရောက်ရမည့် လွှတ်တော်သစ်များသည် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်တော့မည်ဖြစ်သည်။
လွှတ်တော်အစည်းအဝေးသစ်များ စတင်ချိန်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကို ရွေးချယ် တာဝန်ပေးရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမန်းဝင်းခိုင်သန်းတို့အား လျာထားပြီးဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားခဲ့ဖူးသည်။ ထို့ပြင် လွှတ်တော်များ၏ ဒုတိယဥက္ကဋ္ဌများအဖြစ် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကချင်လူမျိုး ကိုယ်စားလှယ်တစ်ဦးကို ပါတီက လျာထားသည်ဟုလည်း အေအက်ဖ်ပီက ရေးသားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က အဆိုပါသတင်းကို အတည်ပြုခြင်းမရှိပဲ ပါတီအနေဖြင့် မည်သူ့အား တာဝန်ပေးမည်ကို ဆွေးနွေးနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ပါတီ၏ မူဝါဒများနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်းပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သာ ပြောရေးဆိုခွင့်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီ ၂၂ ရက်တွင် ကြေညာခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားလွှတ်တော် ဥက္ကဌသည် ပြည်ထောင်စု လွှတ်တော်၏ နာယကအဖြစ် လွှတ်တော် သက်တမ်း ပထမနှစ်နှစ်ခွဲတွင် တာဝန်ယူရမည် ဖြစ်သည်။
သတင်း- စိုးသန်းလင်း