နေပြည်တော်၊ သြဂုတ် ၂၃
လယ်ယာမြေသိမ်းကိစ္စတွေမှာ အုပ်ချုပ်ရေးဖက်က စိစစ်မှုတွေမပြီးသေးခင် အငြင်းပွားမှုတွေကြောင့် မြေသိမ်းခံထားရသူတွေအပေါ် စွဲဆိုထားတဲ့အမှုတွေ လက်ခံစစ်ဆေးနေတာကို တရားရုံးတွေက သေသေချာချာ ပြန်လည် သုံးသပ်ဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးလိုက်ပါတယ်။
“အသိမ်းခံရသူက စားစရာ မရှိဘူး။ သိမ်းတဲ့သူက ထားစရာနေရာမရှိဘူး။ မလုံလောက်ဘူး။ အဲဒီနှစ်ခုယှဉ်ပြီး တရားရုံးမှာ ရှင်းရမယ်ဆိုရင် တရားဥပဒေဆိုတဲ့ ရည်ရွယ်ချက်၊ မှန်ကန်မျှတတဲ့ စည်းမျဉ်းစည်းကမ်းဆိုတာ ဘယ်ပျောက်သွားလဲ” လို့ သူက ဆိုလိုက်ပါသေးတယ်။
နေပြည်တော်မှာ သြဂုတ် ၂၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ၎င်းကိစ္စနဲ့ စပ်လျဉ်းတဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ မေးခွန်းနဲ့ အဖြေတွေ ပြောဆိုပြီးကြချိန်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အခုလို ပြောကြားလိုက်တာပါ။
မေးခွန်းရှင် မှော်ဘီ မဲဆန္ဒနယ်မှ ဦးအောင်ဝင်းက မြေသိမ်းပိုက်မှုခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း မူလသိမ်းပိုက်ထားသူများက သိမ်းပိုက်ခံရသည့် လယ်သမားများအား တရားရုံးများတွင် တရားစွဲဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးဖို့ ကိစ္စတွေမေးမြန်းခဲ့တာပါ။
ဒီအမေးထဲက နှစ်ချက်ဟာ ထင်မြင်ချက်တောင်းဆိုတဲ့ သဘောသာဖြစ်လို့ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ တစ်စုံတစ်ရာမှတ်ချက်မပြုလိုဘူးလို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ပြည်သူ့ လွှတ်တော်ကို ပြန်ဖြေခဲ့ပါတယ်။
အုပ်ချုပ်ရေးဖက်က စိစစ်မှုတွေမပြီးပြတ်ခင် တရားစွဲဆိုခြင်း၊ မြေယာမှုခင်းတစ်ခုကို အုပ်ချုပ်ရေးနဲ့ တရားရေး တစ်ပြိုင်တည်း စစ်ဆေးနေခြင်းဟာ လျော်ကန်မှုရှိမရှိနဲ့ ပတ်သက်တဲ့ မေးခွန်းနှစ်ခုကို ဦးမြင့်အောင်က ရည်ညွှန်းတာပါ။
ဦးအောင်ဝင်းရဲ့ နောက်ဆုံးမေးခွန်းဖြစ်တဲ့ အုပ်ချုပ်ရေးဖက်က စိစစ်မှုတွေမပြီးပြတ်ခင် တရားစွဲဆိုမှုကို လက်ခံဖို့နဲ့ စွဲဆိုထားတဲ့ အမှုတွေကို ဆိုင်းငံ့ပေးဖို့ကိစ္စဟာလည်း မဖြစ်နိုင်ဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖက်က ဆိုလိုက်ပါသေးတယ်။
“တရားရုံးများမှာ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားတဲ့ ကိစ္စရပ်တွေမှအပ တည်ဆဲဥပဒေများနဲ့အညီ တရားစွဲဆိုခြင်း ပြုလုပ်နိုင်ပါတယ်”လို့ ဦးမြင့်အောင်ကပြောတယ်။
မေးခွန်းရှင်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတော့ ပြီးခဲ့တဲ့ကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ လယ်ယာမြေနဲ့ အခြားမြေ သိမ်းဆည်းမှုတွေဟာ ဥပဒေအရ မဟုတ်ခဲ့တဲ့အတွက် နစ်နာခဲ့သူတွေ ယနေ့ရင်ဆိုင်နေရတဲ့ ဥပဒေနဲ့အညီ တရားစွဲဆိုခံရခြင်းဆိုတာဟာလည်း မဖြစ်သင့်ဘူးလို့ ယူဆထားကြတာကို သူတို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖက်ကတော့ ယခင်အာဏာပိုင်အဖွဲ့အစည်းများရဲ့ မြေသိမ်းဆည်းမှုတွေဟာ အုပ်ချုပ်ရေးစီမံခန့်ခွဲရေး အာဏာများအရ ဆောင်ရွက်တဲ့ကိစ္စများသာဖြစ်တဲ့အကြောင်း ပြည်သူ့လွှတ်တော်ကို ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မြေယာလွှဲပြောင်းမှုများ မပြီးပြတ်မီ လူပုဂ္ဂိုလ်အဖွဲ့အစည်းများက ၎င်းတို့၏ လွတ်လပ်သော ဆန္ဒအရ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုခြင်းပြီး အမှုဆိုင်းငံ့ရန်ကိစ္စမှာလည်း နှစ်ဖက်သဘောထားအပေါ်သာ မူတည်တယ်လို့ဆိုခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတော့ လက်ရောက်ပိုင်ဆိုင်မှု ဘယ်သူ့ဆီမှာရှိသည်ကို မသဲကွဲသေးတဲ့ မြေဆိုင်ရာ အငြင်းပွားမှုကြောင့်ဖြစ်ပေါ်နေတဲ့ အမှုတွေအတွက် တရားစွဲဆိုရာမှာ သုံးစွဲနေတဲ့ပုဒ်မတွေဟာ ပြဋ္ဌာန်း အင်္ဂါရပ်နဲ့ညီညွတ်မှုရှိမရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယသမ္မတ (၂) ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဖက်ပါ ဒီကိစ္စတွေကို ပြန်လည် သုံးသပ်သင့်ပြီလို့တိုက်တွန်းတယ်။
“သိမ်းတဲ့သူက လုပ်ငန်းရှင်၊ ပိုက်ဆံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီလူတွေနဲ့ ဖက်ပြီး တရားရုံးမှာ ရင်ဆိုင်ပါဆိုတော့ ကိုယ့်အဖြေကိုယ် နည်းနည်းစဉ်းစားဖို့ကောင်းပါတယ်”လို့လည်း ဦးဝင်းမြင့်က ပြောတဲ့အပြင် သူ့ရဲ့ အမတ်တွေကိုလည်း ကိုယ့်မဲဆန္ဒနယ်မှာ ဒီလိုအမှုမျိုးတွေ ဘယ်လောက်ရှိနေပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဖက်က ဘယ်လိုတွေကိုင်တွယ်နေတယ်ဆိုတာကို ကွင်းဆင်းလေ့လာ ပြန်လည်တင်ပြဖို့ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ညွှန်ကြားတယ်။
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်တောင်စုတရားလွှတ်တော်ချုပ်ဖက်ကတော့ ဦးဝင်းမြင့်ရဲ့ သတိပေး တိုက်တွန်း မှုတွေအပေါ် တစ်စုံတစ်ရာ ပြန်လည်ချေပတာမျိုးမလုပ်ခဲ့ပါဘူး။
ဒီဖြစ်စဉ်ဟာ ဥပဒေပြုရေးမဏ္ဍိုင်ကို တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တရားစီရင်ရေးမဏ္ဍိုင်အပေါ် ဒုတိယ အကြိမ်မြောက် သတိပေးမှုပါ။
လွန်ခဲ့တဲ့ ခြောက်လက တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည် တည့်မတ်နိုင်ရေးနဲ့ ပတ်သက်တဲ့ အဆိုတစ်ခုဆွေးနွေးစဉ်တုန်းကလည်း ဒီအဆိုဟာ လွှတ်တော်ဆိုင်ရာ ဥပဒေတွေနဲ့ မညီဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖက်က ဝေဖန်တဲ့အတွက် အငြင်းပွားမှုဖြစ်ခဲ့ပါသေးတယ်။
အဲဒီတုန်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမတ်တွေရဲ့ ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတာသာဖြစ်တယ် စသည်ဖြင့် ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနောက် သုံးလအကြာ၊ မေလအရောက် အစည်းအဝေး အစီအစဉ်တစ်ခုအတွင်းမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြည်သူ့လွှတ်တော်ကို ပြန်လည်တောင်းပန်ခဲ့ရဖူးပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း