ဦးစိုင်းသီဟကျော်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် Shan Nationalities League for Democracy ပါတီမှ လွှတ်တော်ကိုယ်စားလှယ်
အိုလီဗာ ဆလိုး ရေးသားသည်
ဦးစိုင်းသီဟကျော်သည် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းယန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ဦးစိုင်းသီဟကျော်သည် ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် သူ၏ မျှော်လင့်ချက်ကို Frontier မဂ္ဂဇင်းကို ပြောပြသည်။
မေး- ခင်ဗျား ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ Shan Nationalities Democratic Party (SNDP) ကနေ ထွက်ပြီး ဘာကြောင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် Shan Nationalities League for Democracy (SNLD) နဲ့ ပူးပေါင်းခဲ့တာလဲ။
ဖြေ- ကျွန်တော် အခုနှစ် ဖေဖော်ဝါရီလမှာ ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ (SNDP) ကနေ ထွက်ပြီး ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော်က SNLD ရဲ့ မူဝါဒတွေကို အပြင်းအထန် ယုံကြည်ပါတယ်။ SNLD က အားကောင်းတဲ့ အတိုက်အခံပါတီတစ်ခု ဖြစ်တယ်လို့ ယုံကြည် ပါတယ်။
SNDP အပေါ် ဒီလို ယုံကြည်ချက်မျိုး မရှိလို့ပါ။ ဒါ့အပြင် ကျွန်တော့်ရဲ့ မဲဆန္ဒနယ်ထဲက ပြည်သူတွေကလည်း ကျွန်တော့်ကို SNLD ကို ပြောင်းဖို့ ပြောနေကြပါတယ်။
ဒီဒေသက လူတွေက ကျွန်တော့်ကို ရွေးကောက်တင်မြောက်ကြလို့ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ဒေသတွင်းက ကိစ္စရပ်တွေကို ကူညီဖြေရှင်းပေးခွင့် ရတာကိုလည်း ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ အလုပ် မှာတော့ စိတ်ဖိစီးမှုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှမ်းပြည်က ပြည်သူတွေ အကျိုးရရှိစေဖို့ လုပ်ဆောင်ပေးနိုင်တာကိုတော့ ဝမ်းသာမိပါတယ်။
မေး- ခင်ဗျားရဲ့ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းကလည်း အဆုံးသတ်ဖို့ နီးနေပြီဆိုတော့ ခင်ဗျား ကြိုးစားလုပ်ဆောင်ခဲ့တာတွေမှာ အောင်မြင်မှုတွေ ရှိခဲ့လား။
ဖြေ- ကျွန်တော့်မှာ အောင်မြင်မှု တချို့တော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာတွေလည်း ကြုံခဲ့ရပါတယ်။ မြေယာကိစ္စရပ်ကတော့ ကျွန်တော့်ရဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ တပ်မတော်က သိမ်းထားတဲ့ မြေယာ ၇၅ ရာခိုင်နှုန်းကို လယ်သမားတွေ လက်ထဲ ပြန်အပ်နိုင်ခဲ့ပါတယ်။ ကျွန်တော် ရွာသားတွေကို သောက်သုံးရေ ရရှိနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ တံတားတွေလည်း ဆောက်ပေးနိုင်ခဲ့တယ်။
ကျွန်တော်က ရှမ်းလူမျိုးတွေ ကောင်းကျိုးရရှိစေဖို့ ကြိုးစားနေတာပါ။ ဒါတွေထဲမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိစေရေးအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေရေးတို့လည်း ပါဝင်ပါတယ်။ တခြားကိစ္စရပ်တွေလည်း ရှိပါသေး တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အရေးကြီးဆုံးကတော့ ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေဖို့ပဲ ဖြစ်ပါ တယ်။
မေး- ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ ပြည်ထောင်စု နိုင်ငံကြီးဖြစ်ဖို့ ခင်ဗျားအတွက် ဘာကြောင့် အရေးပါရသလဲ။
ဖြေ- ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာ တန်းတူညီမျှစွာ ဆက်ဆံခံရလိုတယ်။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အခွင့် အရေးတွေဟာ ဒီနိုင်ငံက တခြားသူတွေနဲ့ တန်းတူညီမျှမှု မရှိဘူး။ ကျွန်တော်တို့ဟာ ဒီပန်းတိုင်ကို ရောက်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရပါမယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်လျှင် ဒီနိုင်ငံမှာ federalism ပြည်ထောင်စုစနစ် ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ အစိုးရမှာ တာဝန်ရှိပါတယ်။
မေး- ဒီနှစ်မှာရော ထပ်ပြီးရွေးကောက်ခံဖို့ အစီအစဉ်ရှိလား။
ဖြေ- ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုပဲ လုပ်ချင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက ကျွန်တော့်ကို လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော့်မဲဆန္ဒနယ်က ဝင်ရွေးခံစေချင်ရင် ကျွန်တော် ဝင်ပြိုင်မှာပါ။ ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ရဲ့ တာဝန်က အရေးကြီးတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ အလုပ် ကြိုးကြိုးစားစား မလုပ်ဘဲ အိပ်ပျော်နေတဲ့ အမတ်တွေလည်း ရှိတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာကို ၃ သိန်းကနေ ၁၀ သိန်းအထိ တိုးမြင့်ပေးလိုက်ပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအတွက် မလုံလောက်သေးပါဘူး။ ကျွန်တော် စီးပွားရေးလုပ်ငန်းလုပ်ရင် ဒါထက် ပိုက်ဆံ ပိုရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများအပြားဟာလည်း သူတို့ရဲ့ မိသားစုဝင်တွေဆီက ဘဏ္ဍာရေး အကူအညီ ယူနေရပါတယ်။
ကျွန်တော်က နေပြည်တော် စည်ပင်သာယာရေး ဧည့်ဂေဟာခြံဝင်းမှာ တခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေရပါတယ်။ (အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်တွေကတော့ သီးခြားခြံဝင်းမှာ နေရ ပါတယ်။) အခန်းတွေက အရမ်းငယ်လွန်းပြီး အခြေခံ ကျလွန်းနေပါတယ်။ အခန်းတစ်ခန်းလုံးမှ ၂၄ စတုရန်း မီတာပဲ ကျယ်ပါတယ်။ နေပြည်တော်မှာ ကျွန်တော်နေရတဲ့ နေရာက ကျွန်တော့် မဲဆန္ဒနယ်မှာရှိတဲ့ ကျွန်တော့် အိမ်ထက် များစွာသေးပါတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။