လွှတ်တော်အဆောက်အဦးတွေကို ဆေးသုတ်ဖို့အတွက် ကုန်ကျစားရိတ် ပိုမိုတောင်းခံခဲ့သူတွေကို အရေးယူထားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ယနေ့ ပြောကြားပါတယ်။
နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆာက်အဦးတွေရဲ့ ကျွန်းတံခါးတွေ၊ ကျွန်းတံခါးဘောင်တွေကို အရောင်တင်ဆေးသုတ်ဖို့အတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ အသုံးစားရိတ် ကျပ်သိန်း ၅,၈၀၀ တင်ပြတောင်းခံခဲ့ပါတယ်။ အဲဒီလို တင်ပြတောင်းခံမှုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စိစစ်ခဲ့တဲ့အခါမှာ သုတ်ဆေးတွေဟာ အရည်အသွေးမမှီတာ၊ တင်ပြထားတဲ့ကုန်ကျစားရိတ်ထက် လေးပုံတစ်ပုံပဲ ကုန်ကျနိုင်တယ်ဆိုတာ တွေ့ရှိခဲ့တယ်ဆိုပြီး အစီရင်ခံစာ တင်ပြခဲ့ပါတယ်။
လွှတ်တော်ဆေးသုတ်တဲ့ စရိတ်တွေများနေတဲ့ကိစ္စအတွက် ပြီးခဲ့တဲ့ ဧပြီလက ကျင်းပတဲ့ လွှတ်တော်များ အုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေးမှာ စတင်စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ကုန်ကျစားရိတ် ပိုမိုတောင်းခံမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို အရေးယူခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်လင်းထံက သိရှိရတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က သတင်းထောက်တွေကို ပြောပါတယ်။
“ဘယ်လိုအရေးယူမလဲဆိုတော့ ဝန်ထမ်းကိုလည်း forced to retired (အငြိမ်းစားယူစေတယ်) လုပ်တယ်။ (ဆေးသုတ်တဲ့)ကုမ္ပဏီကိုလည်း ကွာဟနေတဲ့ ငွေပမာဏကို ပြန်သွင်းခိုင်းတယ်” လို့ သူကပြောပါတယ်။
အငြိမ်းစားအပေးခံသူမှာ ဒုညွှန်ချုပ်အဆင့်ဖြစ်တယ်လို့ သိရပြီး ကျန်သူတွေကတော့ ရာထူး ချထားခံရတယ်လို့ သိရပါတယ်။
လွှတ်တော်အဆောက်အဦးတွေ ပြုပြင်ထိန်းသိမ်းမှုအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူထားတာ ဖြစ်ပါတယ်။