လွှတ်တော်က ရပ်ခိုင်းထားသည့် နိုင်ငံပိုင်စက်ရုံများအနက် လေးခုကို အကျိုးတူလုပ်ကိုင်လိုသူများ ပေါ်ပေါက်

နေပြည်တော်

ရပ်ဆိုင်းထားပြီး ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့မတ်လမှာ ဆုံးဖြတ်ခဲ့တဲ့ စက်ရုံ ၂၇ ရုံအနက် လေးရုံကို အကျိုးတူပူးပေါင်း လုပ်ဆောင်မည့် ပုဂ္ဂလိက ကုမ္ပဏီတွေ ရရှိပြီဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က Frontier ကို ပြောကြားပါတယ်။

အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံ ၄၄ ရုံအနက် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ ခုနစ်ရုံနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ လေးရုံတို့မှအပ ကျန်အားလုံးကို ရပ်ဆိုင်ထားရန် ပြည်ထောင်စု လွှတ်တော်က မတ် ၁၅ ရက်နေ့မှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိ၍ လတ်တလော ရပ်ဆိုင်းထားသင့်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် အမတ်တွေက ဆွေးနွေးခြင်း၊ ဝန်ကြီးများက ပြန်လည်ရှင်းလင်းခြင်းတို့ ပြုလုပ်နောက်မှာ ရပ်နားထားဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ရပ်ဆိုင်းလိုက်တဲ့ လုပ်ငန်းစီမံကိန်တွေကို မည်သို့ ဆက်လက်ဆောင်ရွက်သင့်သည်ကို ကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့်ပါဝင်သော ကော်မတီများဖွဲ့၍ ဆောင်ရွက်ရန်ကိုလည်း လွှတ်တော်နဲ့ အစိုးရအဖွဲ့တို့က သဘောတူညီခဲ့ကြပါတယ်။

အဲဒီစက်ရုံတွေအနက် လေးရုံကို အကျိုးတူ ပူးပေါင်းလုပ်ကိုင်လိုသူတွေ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ဦးကိုကိုလွင်က ပြောကြားခဲ့တာပါ။

“မြင်းခြံ၊ ညောင်ခြေထောက်၊ ကြံခင်း၊ ရွှေတောင် စက်ရုံတွေပါ”လို့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးမှာ ဧပြီ ၂၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Frontier ရဲ့ မေးမြန်းမှုကို ဦးကိုကိုလွင်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)ကိုတော့ အိန္ဒိယနိုင်ငံရဲ့ Global Steel ကုမ္ပဏီနဲ့ ဖက်စပ်ဆောင်ရွက်ဖို့ ညှိနှိုင်းပြီးဖြစ်လို့ မကြာခင်အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်သွားမယ်လို့ သူက အသိပေးပါတယ်။

ဒါ့အပြင် အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်)မှာ ရင်းနှီးမြှပ်နှံမယ့် ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ဧပြီ ၂၅ ရက်နေ့မှာပဲ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

“ဂျပန်နည်းပညာနဲ့ ပိတ်တွေကို အချောကိုင်ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဖြန့်ဖို့လုပ်နေပါတယ်” လို့ ဦးကိုကိုလွင်က ပြောတယ်။

အမှတ် (၃၂) အကြီးစားစက်ရုံ (ကြံခင်း) ဘိလပ်မြေစက်ရုံ၊ ထရန်စဖော်မာနဲ့ ဝါယာတွေ ထုတ်လုပ်တဲ့ အမှတ် (၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်)တွေအတွက်လည်း အကျိုးတူပူးပေါင်း လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေကို စိစစ်ရွေးချယ်တာတွေ လုပ်နေပြီလို့ သူက အသိပေးပါတယ်။ ကုမ္ပဏီနာမည်တွေနဲ့ အချက်အလက်အသေးစိတ်ကိုတော့ သတင်းစာရှင်းလင်းပွဲမှာ မသိခဲ့ရပါဘူး။

ဒါ့အပြင် အခြားစက်ရုံ ခုနစ်ရုံအတွက်လည်း လုပ်ငန်းအဆိုပြုလွှာတွေ ခေါ်ယူထားတယ်လို့ ဦးကိုကိုလွင်က ဆက်လက်ပြောကြားပါတယ်။

အဲဒီစက်ရုံတွေကတော့ ဒီဇယ်အင်ဂျင်တွေထုတ်တဲ့ အမှတ် (၁၄) အကြီးစားစက်ရုံ(သာဂရ)၊ ဘက်ဟိုးကဲ့သို့ ယာဉ်များထုတ်လုပ်တဲ့ အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ)၊ လယ်ယာသုံးပစ္စည်းတွေထုတ်လုပ်တဲ့ အမှတ် (၁၇) အကြီးစားစက်ရုံ (မလွန်)၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)၊ ကြွေသီးတွေထုတ်လုပ်တဲ့ အမှတ် ၃၅ အကြီးစားစက်ရုံ (ချောက်)၊ ဘိလပ်မြေအိတ်ခွံတွေ ထုတ်လုပ်နေတဲ့ ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)တို့ ဖြစ်ကြပါတယ်။

ဦးကိုကိုလွင်ကတော့ ပြည်ထောင်စုလွှတ်တော်နဲ့ သဘောတူထားခဲ့တဲ့အတိုင်း ရပ်ဆိုင်းထားတဲ့ လုပ်ငန်းစီမံကိန်းတွေကို ဘယ်လို ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတာ အဖြေရှာဖို့ ကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ ကော်မတီတွေဖွဲ့ပြီး ဆက်လက်လက်ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar