ထက်ခေါင်လင်း/Myanmar Now
ရိုက်တာသတင်းထောက်နှစ်ဦး၏ လက်ကိုင်ဖုန်းများအတွင်းမှ တွေ့ရှိရသည်ဟုဆိုကာ သက်သေအဖြစ် တင်သွင်းလာသည့် စာရွက်စာတမ်းများသည် မိမိတို့ပင်မသိသည့် စာရွက်စာတမ်းများ ဖြစ်နေခြင်းက မိမိတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မဖြင့် ငြိစွန်းအောင် လုပ်နေသည်လားဟု သံသယဖြစ်မိကြောင်း ရိုက်တာ သတင်းထောက် ကိုဝလုံးက ၁၉ ကြိမ်မြောက် ရုံးချိန်းအပြီးတွင် ပြောကြားခဲ့သည်။
“တချို့စာရွက်စာတမ်းတွေက ဘယ်ကမှန်းတောင်မသိပါဘူး။ အဲ့ဒါတွေက Facebook Messenger ကနေ ဝင်လာတဲ့ဟာတွေလို့ ကျွန်တော်တို့ ယူဆတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တောင် မသိတဲ့ စာရွက်စာတမ်း တွေကို (သက်သေအဖြစ်) တက်လာတာဆိုတော့ အခြေအနေကို နားမလည်နိုင်ဘူး။ တကယ် ကျွန်တော်တို့ ဖော်ထုတ်ခဲ့တဲ့၊ သူတို့ကို အကြောင်းအရာတချို့လည်း ကူညီပေးခဲ့ရတဲ့ဟာတွေကျတော့ မတင်ဘဲနဲ့ အခု ဘယ်ကမှန်း မသိတာတွေ တင်လာတယ် ဆိုတော့ ကျွန်တော်တို့ကို ဒီပုဒ်မနဲ့ မငြိငြိအောင် လုပ်နေသလားလို့ သံသယဖြစ်မိပါတယ်” ဟု ယင်းဥပဒေ ပုဒ်မ ၁၃ (၁) လျှို့ဝှက်စာရွက်စာတမ်းများ တရားမဝင်ရယူမှုဖြင့် စွပ်စွဲခံထားရသည့် ၎င်းက မေ ၂၁ ရက်နေ့က ပြောသည်။
ရဲစည်းကမ်း ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ် နှစ်ကျခံနေရသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို ရဲအုပ်မှ ဒုရဲမှူးသို့ ရာထူးတိုးခဲ့သည့် စာရွက်များ၊ ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ လုံခြုံရေး အစီအမံများကို ကိုဝလုံး၏ ဖုန်းအတွင်းမှ ဓာတ်ပုံအဖြစ် တွေ့ရှိရကြောင်း တရားလိုပြသက်သေ နေပြည်တော်၊ ရဲမှုခင်းတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနမှ ရဲမှူးအောင်ကျော်ဆန်းက ရုံးတော်၌ မေ ၂၁ ရက်နေ့က ထွက်ဆိုခဲ့သည်။
ထို့အပြင် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး၏ ဖုန်းအတွင်းမှလည်း ပြည်ထောင်စု ဝန်ကြီးဌာနတချို့၏ စီမံချက်တချို့၊ ဒုတိယသမ္မတခရီးစဉ်များပါ အကြောင်းအရာတချို့၊ ရခိုင်ပြည်နယ်လွှတ်တော်သို့ မာန်အောင်ကျွန်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များပါ အကြောင်းအရာတချို့ စသည်တို့ကို ဓာတ်ပုံအဖြစ် တွေ့ရသည်ဟု ၎င်းကပင် တင်ပြခဲ့သည်။
ထိုသက်သေ စာရွက်များသည် စွပ်စွဲခံရသူများ၏ မျက်ကွယ်တွင် ထုတ်ယူထားသော မိတ္တူများသာဖြစ်ခြင်း၊ မှုခင်းတပ်ဖွဲ့၏ ထင်မြင်ချက်ပေးသည့် စာများတွင် လက်မှတ်ထိုးထားသည့် တာဝန်ခံမှာလည်း ယခု သက်သေလာထွက်ဆိုသူမဟုတ်ခြင်း၊ စွပ်စွဲခံရသူများ၏ ဖုန်းမှတွေ့ရှိရသည်ဆိုသော အထောက်အထားများသည် မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုမရှိခြင်းများကြောင့် ရိုက်တာသတင်းထောက်များဘက်၏ ရှေ့နေ ဦးသန်းဇော်အောင်က “သက်သေခံဥပဒေများနှင့် မကိုက်ညီကြောင်း” ရုံးတော်တွင် ကန့်ကွက်ခဲ့သည်။
ထိပ်တန်းလျှို့ဝှက်ဟု ရုံးတော်တွင် ကြိမ်ဖန်များစွာ ထွက်ဆိုခဲ့သည့် အဆိုပါစာရွက်စာတမ်းများသည် အများပြည်သူ သိရှိပြီးသား အကြောင်းအရာများဖြစ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က တရားခွင်အပြီးတွင် ပြောသည်။
“ဒီဟာက (မီဒီယာကိုတောင်) ခြိမ်းခြောက်မှုတစ်ခုပါပဲ။ သတင်းသမားက အချက်အလက်ခိုင်မာဖို့ ကြိုးစားတဲ့အခါမှာ တချို့ဟာတွေက ကိုယ့်ဘာသာ လိုက်ပြီးစုဆောင်းရတာလည်း ရှိမယ်။ တခြားက ဝင်လာတာလည်းရှိမယ်။ ကျွန်တော့ အမှုသည်တို့ ကိုယ်တိုင်တောင် ဖုန်းထဲမှာရှိနေတာ မသိဘူး။ အဲ့ဒါတွေကို ထိပ်တန်း လျှို့ဝှက်ဆိုပြီးတော့ အမှုမှာ ခိုင်မာဖို့ ကြိုးစားတာ” ဟု သူက ဆိုသည်။
စွပ်စွဲခံရသူဘက်က ကန့်ကွက်သည့်အတွက် ယနေ့ (မေ ၂၂) တွင် ရဲမှူး အောင်ကျော်ဆန်းက စာရွက်စာတမ်းများကို ဖုန်းထဲမှ မည်သို့ထုတ်ယူခဲ့ကြောင်းကို သက်သေထင်ရှားစွာ ပြသရမည်ဖြစ်ပြီး ဆက်လက်တိုက်ဆိုင် စစ်ဆေးပြီးမှ လက်ခံမခံကို ဆုံးဖြတ်သွားမည်ဟု မြောက်ပိုင်းခရိုင်တရားသူကြီးက ဆုံးဖြတ်ချက်ချခဲ့ကာ ရုံးတော်သို့ တင်ပြထားသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ဖုန်းများကိုလည်း ၎င်းက သိမ်းဆည်းထားလိုက်သည်။
သတင်းထောက်နှစ်ဦးအား စွပ်စွဲထားသည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအရ ပြစ်မှုထင်ရှားပါက ထိုပုဒ်မအရ အများဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်မှာ ၁၄ နှစ် ဖြစ်သည်။