လဲကျပေမဲ့ မရှုံးသေးဘူး

ထုတ်ဝေသူတို့က သွေးကြောင်တဲ့အခါ သတင်းအချက်အလက် တင်ဆက်တဲ့လုပ်ငန်းကို ဆောင်ရွက် နေရသူတို့အဖို့ သူတို့အသက်မွေးမှုလုပ်ငန်းအတွက် တန်ကြေး ပေးဆပ်ရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရတတ်ပါတယ်။

ရော်ဂျာ မစ်တန် ရေးသားသည်။

လွန်ခဲ့တဲ့နှစ် အနည်းငယ်ခန့်က ဥရောပအတွက်ထုတ်တဲ့ စာစောင်သစ်အဖြစ် ဝေါစထရိဂျာနယ်ကို ထုတ်ချိန်မှာ အယ်ဒီတာအဖွဲ့ရဲ့မူဝါဒများကို ထုတ်ပြန်တဲ့အခါ အစိုးရဝန်ကြီးများ သဘောကျစေမယ့် အချက်တွေကို မဖော်ပြဘဲ လူ့အဖွဲ့အစည်းထဲမှာ သတင်းသမားတွေရဲ့ထူးခြားတဲ့ အခန်းကဏ္ဍကိုသာ ပြန်လည် အတည်ပြုဖော်ပြခဲ့ပါတယ်။

စာဖတ်သူတို့ကို အမြဲသတိပေးနေတဲ့အတိုင်း စတုတ္ထမဏ္ဍိုင်အဖွဲ့သားတွေက နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး ဖိအားပေးမှုတွေကနေ ကင်းလွတ်အောင် ရှောင်နိုင်ပါတယ်။ ပါတီတစ်ခုအတွက် ဆောင်ရွက်နေတဲ့ ထုတ်ဝေသူတွေနဲ့ အယ်ဒီတာတွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ ပြီးတော့ “ ဒီလွတ်လပ်ခွင့်ကို အသုံးချဖို့နဲ့  သူ့တို့ရဲ့သဘောထားထင်မြင်ချက်ကို အားပြည့်အင်ပြည့် တဲ့တိုးဖော်ပြဖို့” သန္နိဋ္ဌာန်ချထားပြီး ဖြစ်သင့်ပါတယ်။

“အားပြည့်အင်ပြည့်နဲ့ တဲ့တိုး” ဆိုတဲ့စကားစုကို ကျွန်တော် သဘောကျလှတယ်။ ဒီစကားစုလေးကို ကျွန်တော့် စားပွဲပေါ်မှာရှိတဲ့ ဂျော့ချ် အော်ဝဲရဲ့စကားစုဖြစ်တဲ့ “ လွတ်လပ်ရေးဆိုတာ သူတို့မကြားချင်တဲ့စကားကို လူတွေကို ပြောပြပိုင်ခွင့်လို့ အဓိပ္ပာယ်ရပါတယ် ” ဆိုတဲ့စာသားတွေရဲ့ဘေးမှာထားပါတယ်။ အမှန်တော့ ဒီဆိုရိုးက အစိုးရအရာရှိတွေနဲ့ လုံးဝ ပနံမစားတဲ့စကားပါ။ ဒါကြောင့်လည်း အားပြည့်အင်ပြည့်နဲ့ တဲ့တိုးရေးတတ်တဲ့ သတင်းထောက်တွေဟာ မကြာခဏ ဆင်ဆာထိ၊ တရားစွဲခံရ၊ ထောင်ကျ၊ ဒါမှမဟုတ် အလုပ်ပြုတ် ဖြစ်တတ်တာပါ။ ကျွန်တော်ဆိုရင် လေးခုစလုံးကို ထိခဲ့တာပါ။

ဒါပေမဲ့ ဒီလို တခါတရံ ဖြစ်တတ်တဲ့ ကံဆိုးမိုးမှောင်ကျမှုတွေက နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိ ကျွန်တော့်ရဲ့မဟာကံထူးရှင်အဖြစ်ကို ဖြစ်စေခဲ့တဲ့ ရွေ့ရှားပြောင်းလဲနေတဲ့ စာနယ်ဇင်းသမားဘဝကို  ဘယ်တော့မှ အမှောင်ဖုံး မသွားစေခဲ့ပါဘူး။ ဝါရှင်တန်ပို့စ်က အယ်ဒီတာဟောင်း ဘင် ဘရက်ဒ်လေ ရေးခဲ့သလိုပါပဲ။

“နိုင်ငံခြား သတင်းထောက်တစ်ယောက် ဖြစ်ရတဲ့ဘဝရဲ့ပျော်ရွှင်နှစ်သက်ဖွယ်ကောင်းပုံက ရှင်းမပြ တတ်အောင်ပါပဲ။ ချဲ့ကားသိုင်းဝိုင်းပြီး ပြောဖို့ဆိုတာ ပိုလို့တောင် ခက်ခဲပါတယ်”

ကျွန်တော့်အတွက် ကံကောင်းချက်က ထိုထက်ပင် ပိုခဲ့ပါသေးတယ်။ ဟောင်ကောင်နဲ့ ဝါရှင်တန်အပြင် အရှေ့တောင်အာရှ တစ်ခွင်လုံးကို နိုင်ငံခြား သတင်းထောက်အဖြစ် ဆောင်ရွက်ဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့ပါတယ်။ ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေရင်း လှည့်လည်သွားလာနေချိန် ငယ်ဘဝကတည်းက ဒီဒေသက ကျွန်တော့်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာသေးမီက ကြုံတွေ့ခဲ့တဲ့ အခက်အခဲတွေကို အခြေခံပြီး နောက်ကြောင်းပြန်ကာ ကျွန်တော့်ဘဝဇာတ်ကြောင်းကို ပြန်ပြောတာကို ခွင့်လွှတ်နိုင်လိမ့်မယ် လို့ထင်ပါတယ်။

စင်ကာပူနဲ့ မလေးရှားမှာ တာဝန်ထမ်းဆောင်လာခဲ့ပြီးတဲ့နောက် ၁၉၉၇ ခုနှစ်မှာ ဘန်ကောက်ကို ပထုတ်ပြီး မြန်မာနိုင်ငံက သတင်းကိုပါယူဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံက ဂျာနယ် လစ်ဗီဇာ ရဖို့ဆိုတာ မယုံနိုင်လောက်အောင်ကို ခက်ခဲပါတယ်။ မီဒီယာဂိတ်မှူးလို ဖြစ်နေတဲ့ ဒု ဗိုလ်မှူးကြီး လှမင်းကို အဆက်မပြတ် ဆက်သွယ်ခဲ့ပေမဲ့ ၁၉၉၉ ခုနှစ်တစ်နှစ်လုံးမှာ တစ်ကြိမ်သာ ခွင့်ပြုချက် ရခဲ့ပါတယ်။

ဒါပေမဲ့ ခြောက်ရက်ကြာပြီးတဲ့အထိ ကျွန်တော် ဘာသတင်းမှ မရသေးပါဘူး။ ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ သတင်းရေးလို့ ရနိုင်တဲ့အကြောင်းအရာ ဘာများရှိမလဲလို့ သံအမတ်တစ်ဦးကို မဝံ့မရဲ မေးကြည့်မိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ သတင်းစာတစ်စောင် ထွက်ဖို့ရှိကြောင်း၊ ဒီသတင်းစာကို သြစတြေးလျ နိုင်ငံသားတစ်ဦးက ဦးစီးထုတ်မယ်ဆိုတဲ့ သတင်းထွက်နေကြောင်း သူက ပြောပြပါတယ်။ ဒီသတင်းကို မယုံမရဲ ဖြစ်နေစဉ်မှာပဲ ကျွန်တော့်ဗီဇာက ၂၄  နာရီသာ ကျန်တော့တဲ့အတွက် သတင်းကို အတည်ပြုဖို့ ကျွန်တော် ပြေးပြေးလွှားလွှား လုပ်ရပါတယ်။

ကံက ကောင်းလှပါတယ်။ ရော့စ် ဒန်ကလေလို့ခေါ်တဲ့ သြစတြေးလျ နိုင်ငံသားတစ်ဦးနဲ့ ကျွန်တော် အဆက်အသွယ်ရခဲ့ပြီး ထရိတ်ဒါးဟိုတယ်(ယခု ဆူးလေရှန်ဂရီလာဟိုတယ်)နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အေရိုးမားကဖီးမှာ သူနဲ့ကျွန်တော် တွေ့ကြပါတယ်။ ကျွန်တော့်မှတ်စုမှာ အခုလို ရေးမှတ်ထားပါတယ်။

“သူက ကတုံးနဲ့။ အသက် ၄၂ နှစ်။ ဂျင်းဝတ်။ နီညိုရောင် လည်ရှည်ဖိနပ်စီးပြီး ဆေးလိပ်သောက်တယ်။ သူ့ပုံက ကောင်းဘွိုင်ရုပ် ပေါက်နေပေမဲ့ သဘောကျဖို့ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးဟန် ပေါက်နေပေမဲ့ သူ့အကြောင်း ကျွန်တော်ရေးမှာကို စိုးရိမ်နေတဲ့ အရိပ်အယောင်တွေ တွေ့နေရပါတယ်”

ဒီလိုဖြစ်ရတာ သူ့အကြောင်းနဲ့သူတော့ ရှိမှာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အထူးသဖြင့် သတင်းခန်း ဝန်ထမ်းတွေ ခန့်ထားရေးကိစ္စအပါအဝင် သူပြောတာ အတော်များများကို ကျွန်တော် သဘောတူပါတယ်။

“ကျွန်တော်က နိုင်ငံရေးသတင်းတွေကိုချည်း လိုက်ချင်တဲ့လူမျိုး မလိုချင်ဘူး” အဲဒီအချိန်က မြန်မာနိုင်ငံမှာ သတင်းလိုက်ရတာက စိတ်ပျက်စရာကောင်းတဲ့အချိန်ဆိုတော့ သူပြောတာကို သိပ်သဘောကျပါတယ်။

“သူတို့မြင်တာကို သတင်းရေးရမဲ့အစား သူတို့ရေးချင်တာကိုပဲ သူတို့က လိုက်ရှာကြည့်တတ်တယ်” လို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံခြား သတင်းထောက်တွေ ဘက်လိုက်တတ်တာကို သတင်းဝေဖန်ချက် တစ်ခုမှာ ကျွန်တော်ရေးခဲ့တဲ့အခါ ပြန်တိုက်ခိုက်ခံခဲ့ရပါတယ်။

မြန်မာတိုင်းမ် ထွက်တော့မယ်ဆိုတဲ့ စိတ်ဝင်စားစရာ သတင်းဦးကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း ဒုက္ခတွေ့ခဲ့ရပါတယ်။

“နောက်ကျောကို ထားနဲ့အထိုးခံရသလို ခံစားလိုက်ရပါတယ်” လို့ဆိုထားတဲ့ ဒု ဗိုလ်မှူးကြီး လှမင်းရဲ့ အလွန်လှပပြီး ထိမိလှတဲ့ တုန့်ပြန်အကြောင်းကြားစာကို ရက်အနည်းငယ်အတွင်းမှာ ရရှိခဲ့ပါတယ်။

“Read This,You Dinosaurs!” (”Dinosaurs didn’t read. Now they’re extinct.” ဆိုသည့် အမေရိကန် ကလေးငယ်များ သဘောကျသော ဒိုင်နိုဆောသတ္တဝါကြီးတို့သည် စာမဖတ်ခဲ့ကြ၊ ခုသူတို့ ကမ္ဘာမြေမှ ပျောက်ကွယ်ခဲ့လေပြီဟု အဓိပ္ပာယ်ရသည့်စာသားကို အမှီပြု၍ ဒိုင်နိုဆော၊ တနည်း ခေတ်နောက်ပြန်ဆွဲသူ တို့ ဖတ်ကြကုန်ဟု ဆိုဟန်ရှိသည်။ အယ်ဒီတာ) လို့ ကျွန်တော်တပ်လိုက်တဲ့ သတင်းခေါင်းစဉ်ကြောင့် ဒန်ကလေလည်း စိတ်မသက်မသာ ဖြစ်သွားပုံရပါတယ်။

ဒါပေမဲ့ သတင်းသမားစစ်စစ်ဖြစ်တဲ့ သူက ဒါကို လက်ခံခဲ့ပါတယ်။ နောက်နှစ် အနည်းငယ်ကြာတဲ့အခါ ဒေသဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဂျာနယ်ရဲ့အတွေးအမြင်ကဏ္ဍ (Opinion Column) မှာ အပတ်စဉ် ရေးပေးဖို့ သူက ကျွန်တော့်ကို ကမ်းလှမ်းလာပါတယ်။

ဖေဖော်ဝါရီလဆန်းမှာ ကျွန်တော့်ဂျာနယ်ကဏ္ဍကို ရုတ်တရက် မရပ်ဆိုင်းမီအထိ ဒီကဏ္ဍကို တစ်ပတ်မှ မပျက်ဘဲ ခြောက်နှစ်ဆက်တိုက် ကျွန်တော်ရေးခဲ့ပါတယ်။ ကနဦးပုံစံချထားတဲ့အတိုင်း အားမာန်ပါပါ တဲ့တိုးရေးပါတယ်။ ကျွန်တော့်ဆရာက အမေရိကန် ကာတွန်းပညာရှင် ဘီလ် မော်ဒလင်ဖြစ်ပါတယ်။

လူမျိုးရေးဝါဒီတွေ၊ အလွန်အကျွံ အမျိုးသားရေးဝါဒီတွေ၊ ဘာသာရေး တယူသန်တွေ၊ စာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့ နိုင်ငံရေးသမားတွေ၊ အလိုတော်ရိ ထုတ်ဝေသူတွေနဲ့ လေလုံးထွားတတ်သူ မှန်သမျှကို သူက တိုက်ခိုက်တတ်ပါတယ်။ “ကိန်းကြီးခန်းကြီးနိုင်တဲ့သူတွေ့ရင် ကျွန်တော်က ဆော်ချင်တယ်။ အကောင်ကြီးရင် တီး သာတီး” လို့ မော်ဒလင်က ဆိုပါတယ်။ လုပ်လိုက်လေ ကိုယ်လူရေ့ပေါ့ဗျာ။

တချို့အကြောင်းအရာတွေက တခြားအကြောင်းအရာတွေထက် လူကြိုက်ပိုများတယ်ဆိုတာကို ကျွန်တော် မကြာမတင်မှာပဲ သိလိုက်ရပါတယ်။ မလေးရှား၊ စင်ကာပူနဲ့ မြန်မာနိုင်ငံအကြောင်းဆိုရင် လူဖတ်များကြပါတယ်။ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အကြောင်းတွေကို အဖတ်နည်းပါတယ်။ မွန်ဂိုလီးယားမော်ဒယ် အသတ်ခံရမှုမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်ပြီးနောက်ပိုင်း 1MDB လို့ခေါ်တဲ့ မလေးရှား နိုင်ငံတော်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄ ဘီလျံ ဆုံးရှုံးမှုနဲ့ဆက်နွယ်နေသူ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ရဲ့ သတင်းက ဂယက်အရိုက်ခတ်ဆုံး သတင်းဖြစ်ခဲ့ပါတယ်။ နာဂျစ်က စွပ်စွဲမှုတွေကို ပြန်လည် ခုခံတိုက်ဖျက်ခဲ့ပေမဲ့ သူရဲ့အစိုးရအဖွဲ့ဟာ မည်းနက်တဲ့ အဂတိညွန်တွင်းမှာ နစ်မွန်းနေရပါတော့တယ်။ ဒါကြောင့် ကျွန်တော်က “မလေးတို့ အဂတိနွံနစ်လို့ အသက်ဆုံးရဖွယ်ပင်” လို့ ကျွန်တော် ရေးခဲ့ပါတယ်။

ဒီသတင်းက ၂၀၁၅ နဲ့ ၂၀၁၆ နှစ်နှစ်စလုံး မြန်မာတိုင်းမ်မှာ လူဖတ်အများဆုံးသတင်း ဖြစ်ခဲ့ပါတယ်။ သတင်းစာရဲ့ဝက်ဘ်ဆိုက်မှာ ဖတ်ရှုသူဟာ အံ့သြစရာကောင်းလောက်အောင် များပြားပြီး ၆၂၀,၀၀၀ ထိ ရောက်ရှိခဲ့ပါတယ်။ ဝမ်းသာစရာကောင်းသလို “ကဲ ကိုယ့်လူတို့ ဒီအတောအတွင်းတော့ မလေးရှားကို ခင်ဗျားတို့ အလည်အပတ်ခရီး ထွက်ဦးမှာ မဟုတ်သေးဘူးထင်တယ်” လို့ ပြတ်ပြတ်သားသား သတိပေး လိုက်သလိုလည်း ဖြစ်နေပါတယ်။

ကျွန်တော့်ကို ထောင်ချပြီး စစ်ဆေးမေးမြန်းတာတွေ မလေးရှားမှာ သုံးရက်ဆက်တိုက်လုပ်တာ ခံခဲ့ရပေမဲ့  ဒေသတွင်းက တခြားနိုင်ငံတွေမှာလိုပဲ မလေးရှားကို ကျွန်တော် မှန်မှန်ပြန်တတ်ပါတယ်။ သဘောထား ခံယူချက်ကို ဖော်ပြတဲ့အခါမှာ မိတ်ဆွေရန်သူ မခွဲခြားဘဲ “ပညာရှင်ရဲ့ခက်ထန်မာကျောမှု” (intellectual brutality) ကို ပြသရမယ်ဆိုတဲ့ အော်ဝဲရဲ့ဆောင်ပုဒ်အတိုင်း ကျွန်တော် ဆက်လက်နေထိုင်ခဲ့ပါတယ်။ “အမှန်တရားက လူကို လွတ်လပ်ခွင့် ရစေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီလိုမြင့်မြတ်တဲ့ အယူအဆကို နည်းနည်းလေးမှတောင် မစွန့်လွှတ်နိုင်ပါဘူး” လို့ ဘရက်ဒလေက ပြောခဲ့ဖူးပါတယ်။

ကျွန်တော်ကလည်း အတူတူပါပဲ။ စူပါပါဝါတစ်ခုကို တုံ့ပြန်တဲ့နေရာမှာ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေရဲ့ ဆောင်ရွက်တာတွေကို အကောင်းဆုံးနဲ့ အဆိုးဆုံး တုံ့ပြန်မှုတွေအဖြစ် ဖော်ပြခဲ့တဲ့ ဒီကဏ္ဍက လူဖတ်အများဆုံး ကဏ္ဍထဲမှာပါတဲ့အတွက် ကျွန်တော် ကျေနပ်အားရခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတဲ့ ကျွန်းစုတွေနဲ့ပတ်သက်ပြီး ပေကျင်းက ခြိမ်းခြောက်တဲ့စကားလုံးတွေ သုံးလာတဲ့အခါ တရုတ်နိုင်ငံရဲ့ အင်အားကြီးမားမှုကို တန်ပြန်မတိုက်ခိုက်နိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောနေချိန်မှာ စင်ကာပူနိုင်ငံက နောက်ဆုတ်ပေးမည် မဟုတ်ကြောင်း ပြောပုံတွေကို ကျွန်တော်က ချီးကျူးခဲ့ပါတယ်။

ဒီသတင်း ဖတ်ရှုသူ ၁၅,၀၀၀  ရှိခဲ့ပြီး အရင်နှစ်က မြန်မာတိုင်းမ်မှာ ဖတ်ရှုသူအမြင့်ဆုံး အမှတ်စဉ် ၄ နေရာမှာ ရှိခဲ့ပါတယ်။

ကမ္ဘောဒီးယား တနိုင်ငံတည်းကတောင် သဲတန်ချိန် ၇၃ ဒသမ ၆ သန်းအပါအဝင် ဒေသတွင်းရှိ ကမ်းခြေဒေသတွေက သဲတွေကို စင်ကာပူနိုင်ငံက ဝယ်ယူပြီး နိုင်ငံ့ဧရိယာကို ၂၂ ရာခိုင်နှုန်းအထိ တိုးချဲ့ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို ချီးကျူးရေးသားမှုကို လူကြိုက်များတာကလည်း သဘောကျစရာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့အတွက်တော့ ဒုက္ခတွေ့စရာ ဖြစ်ရပါတော့တယ်။

တွေ့တဲ့အတိုင်းပါပဲ။ ထုတ်ဝေသူတွေက အာဏာပိုင်တွေကို ဒူးထောက်အရှုံးပေးတာ၊ သတင်းထောက်တွေကို မောင်းထုတ်တာကို တဲ့တိုး၊ အားမာန်အပြည့်၊ မှန်မှန်ကန်ကန်နဲ့ လူကြိုက်များလာတဲ့ အခြေအနေတွေက ဘယ်တုန်းကမှ မတားဆီးနိုင်ခဲ့ပါဘူး။  ဒါပေမဲ့ တံခါးတစ်ချပ် ပိတ်သွားရင် နောက်တစ်ချပ်က ပွင့်လာပြီး လတ်ဆတ်တဲ့လေ ဝင်လာစေပါတယ်။

ဒီဆောင်းပါးကို ဖတ်ကြည့်ပါ၊ ခေတ်နောက်ပြန်ဆွဲတို့ရေ့၊ သဘောထား တင်းမာသူတွေ ဆူဆူညံညံ ဖြစ်စေမယ့် ဂျာနယ်သစ် တစ်စောင်ပါဗျ။

(အခုဆောင်းပါးကို ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်ထုတ် အေးရှားဝိခ် စာစောင်မှာ ဦးစွာ ဖော်ပြခဲ့ပါတယ်။ စာရေးသူရဲ့ခွင့်ပြုချက်နဲ့ပြန်လည်ဖော်ပြတာ ဖြစ်ပါတယ်။)

ဘယ်အချိန်မှာ သတင်းစာတစ်စောင်ဟာ သတင်းစာ မဟုတ်တော့တဲ့အဖြစ်ကို ကျရောက်သွားတတ်ပါသလဲ။ အစိုးရရဲ့အတည်ပြုချက် မပါဘဲ စစ်တပ်ရဲ့အတည်ပြုချက်နဲ့ ရန်ကုန်မှာ ဒီစာစောင်ကို ဘယ်တုန်းက ထုတ်ဝေခဲ့သလဲ။ ဟူး…သည်းခံပါ။ ကျွန်တော် ရှင်းပြပါမယ်။ မြန်မာနိုင်ငံမှာ  သတင်းစာတစ်စောင် ထုတ်ဝေလိုပါက တင်းကြပ်တဲ့ ကန့်သတ်ချက်တွေနဲ့ ခွင့်ပြုချက်လိုင်စင်ကို ပြန်ကြားရေးဝန်ကြီးဌာနကနေ ယူရပါမယ်။ ဒီဝန်ကြီးဌာနကတော့ လိုတာထက်ပိုတဲ့ ကန့်သတ်ချက်တွေ ချမှတ်ပြီး ဘက်မမျှတဲ့ တဖက်သတ်သတင်းတွေ ရေးသားထုတ်ဝေလည်း ရပါတယ်လို့ ယူဆသူ ဗိုလ်ချုပ် ကြည်အောင် တာဝန်ယူတဲ့ ဝန်ကြီးဌာနပါပဲ၊ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ အဲဒီတုန်းက စစ်မဟာဗျူဟာ လေ့လာရေးရုံး Office of Strategic Studies ဟာ ပြန်ကြားရေးဌာနခွဲမှ ထိပ်တန်း အရာရှိကြီးတွေရဲ့အမြင်နဲ့ အတော်ကွဲပြားခြားနားပါတယ်။ အမြင်ကျယ်တဲ့ ဗိုလ်မှူးကြီး သိန်းဆွေနဲ့ ဒု ဗိုလ်မှူးကြီး လှမင်း(နောင်မှာ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးဖြစ်သူ) တို့ ဦးဆောင်တဲ့ အဲဒီဌာနခွဲဟာ တခြား စစ်မဟာဗျူဟာ လေ့လာရေးရုံး အရာရှိတွေနည်းတူ အဖွဲ့ရဲ့မဟာဗျူဟာမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် (နောင် ဗိုလ်ချုပ်ကြီး) ကို အစီရင်ခံရပါတယ်။

နိုင်ငံတော် ရှေ့ဆောင်သတင်းစာ New Light of Myanmar က ဆောင်ရွက်တဲ့ နည်းလမ်းတွေကြောင့် အစိုးရအမြင်ကို အပြည်ပြည်ဆိုင်ရာက ပိုမိုလက်ခံလာအောင် ဆောင်ရွက်နေတဲ့ သူတို့ရဲ့ကြိုးပမ်းချက်တွေကို ကျဆင်းမှု ဖြစ်စေတယ်လို့ ယူဆကာ ဗိုလ်မှူးကြီး သိန်းဆွေနဲ့ ဒု ဗိုလ်မှူးကြီး လှမင်းတို့က ဘဝင်မကျ ဖြစ်နေပါတယ်။

ဒါ့ကြောင့် အစိုးရအဖွဲ့ရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ ပြင်းထန်တဲ့ ကြိုးပမ်းမှုတစ်ရပ်အဖြစ်နဲ့ မြန်မာတိုင်းမ် သတင်းနဲ့ စီးပွားရေး အပတ်စဉ်စာစောင်သစ် တစ်စောင်ကို ထုတ်ဝေဖို့ သူတို့ခွင့်ပြုခဲ့ပါတယ်။ အဲဒီဆောင်ရွက်မှုက အန္တရာယ်များတဲ့ ဌာနတွင်း အာဏာလွန်ဆွဲပွဲကို ကိုယ်စားပြုလျက်ရှိပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေခဲ့ပါတယ်။ မြန်မာတိုင်းမ်ကို စတင် ထုတ်ဝေလိုက်တာဟာ သဘောထား တင်းမာသူတို့ရဲ့ ဆန္ဒတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်တာဖြစ်ပြီး သူ့ကိုလည်း တန်ပြန် ထိလာနိုင်ဖွယ် ရှိပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့တပည့်တွေက လိုင်စင်အတွက် ဒုက္ခခံပြီး ပြန်ကြားရေးဝန်ကြီးဌာနကို မလျှောက်ထားခဲ့ပါဘူး။ နည်းဟောင်းဖြစ်တဲ့ စကားအရာနဲ့သာ ဖြေရှင်းခဲ့ပါတယ်။

“ဝန်ကြီးဌာနက သတင်းစာကိုသာ ခွင့်ပြုပေးနိုင်ပါတယ်။ ဒါက ဂျာနယ်ပဲ။ သတင်းစာမှ မဟုတ်တာ” လို့ ဗိုလ်မှူးကြီး သိန်းဆွေက ရှင်းပြပါတယ်။ မှန်ပါတယ်။ သို့ပေမဲ့ စာစောင်က ဈေးကွက်တန်းဝင် အဆင့်မြင့်စာစောင် တစ်စောင်ဖြစ်နေပါတယ်။ စာစောင်ထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အားကစားစတဲ့ ပြည်တွင်း၊ ပြည်ပသတင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာ အစမ်းထုတ်ဝေမယ့် သတင်းစာ၊ အဲ ယောင်လို့ ဂျာနယ်ကို ပြည်တွင်းလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးပြုံးမောင်မောင်က ငွေရင်းစိုက်ထုတ်မှာ ဖြစ်ပါတယ်။ သူက ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ရင်းနှီးသူဖြစ်ပြီး သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံခြား စာအုပ်စာတမ်းတွေ ဖြန့်ချိရေးလုပ်ငန်းလည်း ပါဝင်ပါတယ်။

မြန်မာတိုင်းမ်ကို အသက် ၄၂ နှစ်အရွယ်ရှိ သြစတြေးလျလူမျိုး ရော့စ် ဒန်ကလေ ဦးဆောင်တဲ့ နိုင်ငံခြားသား စာနယ်ဇင်း ပညာရှင်တွေက စီမံတည်းဖြတ်ပြီး အင်းဝစာအုပ်တိုက်က ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒန်ကလေက ခုလိုလုပ်ငန်းမျိုးကို အောင်မြင်အောင် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံ ကြွယ်ဝသူဖြစ်ပါတယ်။

သူဟာ ၁၉၉၁ ခုနှစ်က ဟိုချီမင်းစီးတီးမြို့မှာ Vietnam Investment Review ကို ထုတ်ဝေရာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဗီယက်နမ်ဟာ မြန်မာနိုင်ငံလိုပဲ မီဒီယာကို ကြောက်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် တဲ့တိုးလုပ်ကိုင်တတ်ပြီး ဗီယက်နမ်မှာ အောင်မြင်အောင် ဆောင်ရွက်ခဲ့တဲ့ ဒန်ကလေက မြန်မာနိုင်ငံမှာလည်း အောင်မြင်မှု ရနိုင်ပါတယ်။

ဒါပေမဲ့ အထူးသဖြင့် ပြည်တွင်းသတင်းတွေကို ဖော်ပြရာမှာ အခက်အခဲရှိနိုင်ပါတယ်။ “အစပိုင်းမှာ တော်တော်ဂရုစိုက်ရတာက သဘာဝပါပဲ။ ဒါပေမဲ့ မြန်မာတိုင်းမ်ကတော့ ထူးခြားပါတယ်။ သူက ပိုပြီးတော့ သဘောထား ပျော့ပျောင်းပါတယ်” လို့ ဗိုလ်မှူးကြီး သိန်းဆွေက ပြောခဲ့ပါတယ်။

ဒန်ကလေ က အစိုးရ ဆန့်ကျင်ရေးသတင်းတွေကို ဖော်ပြပါက အန္တရာယ် မရှိနိုင်ဘူးလားတဲ့။

“အစိုးရက ကျွန်တော်တို့ကို ကြောက်စရာ မလိုပါဘူး။ ကျွန်တော်တို့ ဒီကိုလာတာ နိုင်ငံရေး ပြဿနာတွေ ဖန်တီးဖို့ မဟုတ်ပါဘူး။ ကျွန်တော်က ပညာသည်ဆန်ဆန် ရည်မှန်းချက်ရှိတဲ့ သတင်းထောက်တွေ လိုချင်တာပါ။ နိုင်ငံရေး သတင်းတွေကို အလေးပေး ရေးချင်တဲ့သူတွေကို ကျွန်တော် မလိုချင်ပါဘူး” လို့ အယ်ဒီတာက ပြောပါတယ်။

ဂျာနယ်သစ် (ဖြန့်ချိစောင်ရေ ၃၀,၀၀၀) ကို ရန်ကုန်မှာ အများဆုံး ရောင်းမှာဖြစ်ပေမဲ့ မန္တလေးလို တခြားအချက်အချာမြို့ကြီးတွေမှာလည်း ရောင်းချဖို့ ဒန်ကလေက ရည်မှန်းထားပါတယ်။ အလားတူ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူလို နိုင်ငံတွေမှာလည်း ရောင်းချလိုပါတယ်။

“ခုချိန်ထိတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတွေက ဘက်လိုက်မှုတွေ ရှိနေပါတယ်။ မျှမျှတတ လုံးဝမရှိဘဲ မကြာခဏဆိုသလို သတင်းမှားတွေ ပြည့်နေတတ်ပါတယ်” လို့ သူက ပြောပါတယ်။

အခြေအနေမှန် ရောက်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားပြီး အထူးသဖြင့်စီးပွားရေး အသိုင်းအဝိုင်းက သူ့ကို ကူညီလိမ့်မယ်လို့ သူက ယုံကြည်ထားပါတယ်။

“သတင်းငတ်မွတ်နေတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေတဲ့အတွက် အောင်မြင်မှာပါ။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့က အလှမ်းဝေးပါသေးတယ်” လို့ ရန်ကုန်မြို့က သံတမန်တစ်ဦးက ပြောပါတယ်။ ဒန်ကလေဟာ ဗီယက်နမ်မှာ အစကနဦး အကြီးအကျယ် ဆင်ဆာဖြတ်ခံခဲ့ရပေမဲ့ နှစ်ကြာလာတာနဲ့အမျှ အာဏာပိုင်တို့က သက်ညှာမှုပေးခံရတဲ့ အတွေ့အကြုံ ရှိထားသူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူဖြစ်လာလိမ့်မယ်လို့ သူက ခန့်မှန်းထားပါတယ်။  

“ဒီဂျာနယ်ကို ထုတ်ခွင့်ပြုလိုက်တာကိုက ရှေ့ဆက်တက်လှမ်းဖို့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်” လို့ ဒန်ကလေက ပြောပါတယ်။

မှန်ပါတယ်။ သို့ပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အဲသလို မမြင်မှာ သေချာပါတယ်။ “ဒီဂျာနယ်က သူတို့ ဘာမှပြောလို့ မရတဲ့ဂျာနယ် ဖြစ်နေလို့ပါပဲ” လို့ ဗိုလ်မှူးကြီး သိန်းဆွေက ပြောပါတယ်။ လုပ်ဖော်ကိုင်ဖက် ဗိုလ်ချုပ်တစ်ဦး ဦးစီးတဲ့ အဓိကဝန်ကြီးဌာန တစ်ခုအကြောင်းကို ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ အတွင်းစည်းက ပုဂ္ဂိုလ်တစ်ဦးက ပြောတဲ့စကား ဖြစ်ပါတယ်။

ဒီလောက်နဲ့ မပြီးသေးပါ။ မကြာသေးခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတင်းတွေကို နယူးလိုက် သတင်းစာမှာ ဖော်ပြတာနဲ့စပ်လျဉ်းလို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့အသိုင်းအဝိုင်းက လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

ဗိုလ်မှူးကြီး သိန်းဆွေရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဒု ဗိုလ်မှူးကြီး လှမင်း တည်းဖြတ်တဲ့ သတင်းလွှာတစ်ခုကို အင်တာနက်မှာ ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြခဲ့ပါတယ်။

“အင်န်အယ်လ်ဒီနဲ့ပတ်သက်တဲ့ ဆောင်းပါးနဲ့ ကာတွန်းတွေက အလွန်မတန် ဆိုးရွားလွန်းတဲ့အတွက် အမှန်ကို သိလာတဲ့အခါ အပြင်းအထန် ဝေဖန်လာကြလိမ့်မယ်” ဆိုတဲ့ဝေဖန်ချက်ကို နယူးလိုက်ကို ရည်ညွှန်းပြီး ရေးသားခဲ့ပါတယ်။

“အဆင့်မြင့် အာဏာပိုင်တွေကတော့ မလိုအပ်ဘူးလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ခေတ်သစ်ကမ္ဘာမှာ အများရဲ့ထင်မြင်ယူဆချက် ကောင်းဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်” လို့ သတင်းလွှာမှာ ဆက်လက် ဖော်ပြထားပါတယ်။ သီအိုရီသဘောအရ မြန်မာတိုင်းမ်ဟာ အဲဒီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းရဲ့အစဖြစ်ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တွေကို သတင်း သမားတွေကို လေယာဉ်နဲ့ခေါ်ဆောင်ပြသဖို့ ဆုံးဖြတ်ချက်မျိုး၊ ထောင်တွေထဲကို ကြက်ခြေနီအဖွဲ့တွေ ဝင်ခွင့်ပြုရသလိုမျိုးလိုပဲ အတိတ်က အတွေးအခေါ်အယူအဆနဲ့ ဂျာနယ်တစ်ခုကို စတင်ထုတ်ဝေရတာဟာ ဧရာမ ဖောက်ထွက်လုပ်ကိုင်မှု တစ်ခုဖြစ်ပါတော့တယ်။

“ကျွန်တော်တို့ရဲ့မူဝါဒတွေက ပိုမိုလွတ်လပ်မှု ရှိသင့်တယ်။ ရှိလည်း ရှိရပါမယ်” လို့ ဗိုလ်မှူးကြီး သိန်းဆွေက ပြောပါတယ်။

“ကျွန်တော်တို့ နောက်ကြောင်းပြန်လို့ မရတော့ပါဘူး။ ဒါကြောင့် ကျေးဇူးပြုသည်းခံပြီး အပြောင်းအလဲကို စောင့်ကြည့်ပါ”

ဖြစ်စဉ်မှာ မြန်မာတိုင်းမ်စာစောင်က သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်နိုင်ပေမဲ့ ခေတ်မီအောင် ပြုပြင်လိုသူ ရန်ကုန်က လူငယ်တွေနဲ့ ကျောက်ချနေလိုကြတဲ့ အထီးကျန်ဝါဒီတွေအကြား အတွင်းတိုက်ပွဲရဲ့ ရှေ့တော်ပြေးလည်း ဖြစ်နိုင်ပါတယ်။ ရှေ့ဆက် ဘယ်လိုဖြစ်မလဲ ဆိုတဲ့အချက်က မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းကြောင်းကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

ဉာဏ်တင် ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar