နေပြည်တော်၊ မတ် – ၂၁
လောက်ကိုင်ဒေသ၏ စစ်ရေးအခြေအနေများနှင့် တရုတ်မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသံအမတ်ကြီးတို့ ယနေ့တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
မြန်မာနှင့် တရုတ်တို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်၍ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ရပ်တည် လုပ်ဆောင်ကြရမည်ဖြစ်ကာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သံအမတ်ကြီး H.E. Mr. Hong Liang အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် လောက်ကိုင်ဒေသ၏ နောက်ခံသမိုင်းကြောင်းနှင့် ၂၀၁၅၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း အကြမ်းဖက် သောင်းကျန်းသူများက အရှေ့မြောက်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို စတင် လုပ်ဆောင်ခဲ့သည့် အခြေအနေများအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ဆိုသည်။
အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေးကမ်းလှမ်းမှုများကို ငြင်းပယ်၍ စစ်ရေးနည်းလမ်းကိုသာ ရွေးချယ် လုပ်ဆောင်ခဲ့မှုများ၊ တိုက်ပွဲများကြောင့် တပ်မတော်သားများ စွန့်လွှတ်ပေးဆပ်ရမှုများရှိပြီး ၎င်းတို့လည်း ထိခိုက်ကျဆုံးမှု များစွာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။
ထို့ကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းတို့ စစ်ရေးအရ အခြေအနေဖန်တီးနိုင်ခွင့် မရှိစေရန် ပူးပေါင်းဆောင်ရွက်ရေးတို့အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားခဲ့သည်။
တရုတ် သံအမတ်ကြီးကလည်း မြန်မာ-တရုတ်နယ်စပ် ကိစ္စရပ်များကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင် ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုတွေ့ဆုံမှုတွင် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ပူးပေါင်း လုပ်ဆောင်သွားမည့် ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ်က တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု (MNDAA) တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်၊ တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကိုးကန့်ဒေသတွင် ယခုလအစောပိုင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သဖြင့် သေဆုံးသူ ၄၀ ဦးခန့် ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ၂၀၁၅ ခုနှစ်ကကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။
ယခုလ ပထမပတ်က လောက်ကိုင်မြို့တွင်းနှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာဒုက္ခသည် ၂၀,၀၀၀ ကျော် တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက် ခိုလှုံလာကြသည်ဟု တရုတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။