စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းထွက်ခွာလာသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) လေယာဉ်၏ လေယာဉ်မှူး ထိုင်ခုံအောက်မှ လေများ တိုးဝင်လာသဖြင့် စစ်တွေလေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရသည်ဟု သိရသည်။
အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန်တွင် စစ်တွေမှ ရန်ကုန်သို့ ပျံသန်းလာသည့် Emebera-190 လေယာဉ်တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့သတင်းထုတ်ပြန်ချက်တွင် “အဆိုပါလေယာဉ်မှ လေယာဉ်မောင်း ထိုင်ခုံအောက် တံခါးပေါက်တွင် ပလပ်စတစ်အိတ်စ ၁ ခုညပ်နေ၍ အဆိုပါတံခါးပေါက်မှ လေယာဉ်အတွင်းသို့ လေများ ဝင်ရောက်ခြင်း ဖြစ်ကြောင်း” ဖော်ပြထားသည်။
အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၆ ဦး၊ လေယာဉ်လုံခြုံရေး ၂ ဦးနှင့် ခရီးသည် ၉၇ ဦးလိုက်ပါလာပြီး အန္တရာယ်မဖြစ်ပွားစေရေးအတွက် ည ၇ နာရီ ၅၅ မိနစ်အချိန်တွင် စစ်တွေလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းက “ယခု ဖြစ်စဉ်တွင် လေယာဉ်၏ ထိပ်ပိုင်းရှိ avionics စနစ်များ စစ်ဆေးရာတွင်အသုံးပြုသည့် တံခါးငယ်( avionics window) မှာ အပြစ်ဖြစ်နေကြောင်း ရှာဖွေတွေ့ရှိ ပြုပြင်ပြီး ဖြစ်ပါကြောင်း သတင်းပေးအပ်ပါသည်” ဟု ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ထို့နောက် ပြုပြင်ပြီးစိတ်ချရမှုရှိသဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာနိုင်ခဲ့သည်ဟုလည်း ဆက်လက်ရေးသားထားသည်။
ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါလေယာဉ်သည် ခရီးသည် ၆၃ ဦးကို တင်ဆောင်၍ စစ်တွေ လေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၁၂ မိနစ်အချိန်တွင် ရန်ကုန်လေဆိပ်သို့ ဘေးအန္တရာယ်ကင်းစွာ ရောက်ရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ရေးသားထားသည်။
မြန်မာအစိုးရပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် ဘရာဇီးနိုင်ငံထုတ် Emebera-190 လေယာဉ် နှစ်စီးကို ပြည်တွင်းခရီးစဉ်များအတွက် အသုံးပြုနေသည်။