နေပြည်တော်၊ စက်တင်ဘာ ၃၀
အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးငယ်များအား လုပ်ခလစာမပေးပဲ နှိပ်စက်ခံရသည်ဟူသည့် အမှုအား ကိုင်တွယ်ဖြေရှင်းရ၌ မူလတာဝန်နှင့် သွေဖည်နေသည်ဟု ဝေဖန်ခံနေရသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိစ္စတွင် ဥပဒေကြောင်းအရ မည်သို့ရှိသည်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးထံမှ သုံးသပ်ချက် တောင်းခံ ထားသည်ဟု နိုင်ငံတော်သမ္မတရုံး၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက Frontier ကိုပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရှေ့နေချုပ်ရုံး၏ အကြံပြုချက်၊ လူ့အခွင့်အရေးကော်မရှင်၏ တင်ပြချက်၊ ပြည်သူ့လွှတ်တော်၏ တိုက်တွန်းချက်နှင့် ဖြစ်စဉ်စသည့် အကြောင်းအရာများပေါ် မူတည်ပြီး ဆုံးဖြတ်ရန်ရှိသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
“အသေးစိတ်တော့ ပြောလို့မရသေးဘူး” ဟု ဦးဇော်ဌေးက ဆိုသည်။
အမှုအား ကိုင်တွယ်ဖြေရှင်းရာတွင် ဝေဖန်ခံနေရသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က စက်တင်ဘာ ၂၆ ရက်နေ့က တခဲနက် အတည်ပြုထားပြီး ဖြစ်သည်။
ထိုနေ့က အစည်းအဝေးသို့ တက်ရောက်သူ စုစုပေါင်း ၄၀၀ ဦးရှိသည့်အနက် ၃၈၃ ဦးက စက်ခလုပ်နှိပ်ကာ ဆန္ဒပြုခဲ့ရာ ထောက်ခံသူ ၃၇၄ ဦး၊ ကန့်ကွက် တစ်ဦး၊ ကြားနေရှစ်ဦး ရှိသဖြင့် လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ်အများစုက ထောက်ခံခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့၊ လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက်မပြည့်သေးသော အိမ်အကူ မိန်းကလေး နှစ်ဦးအား အပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင်များက ငါးနှစ်ကြာ နှိပ်စက်ခဲ့ အဆိုပါ မိန်းကလေးနှစ်ဦးတွင် ဒဏ်ရာများစွာ ရရှိထားသည့် ဖြစ်ရပ်ကို Myanmar Now သတင်းဌာနက စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ဖြစ်စဉ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ထံ တိုင်ကြားခဲ့သည်။ သို့သော် ကော်မရှင်က ကြားဝင် စေ့စပ်ခဲ့ပြီးနောက် အပ်ချုပ်ဆိုင်ပိုင်ရှင်များက မိန်းကလေးငယ်များ၏ မိဘများကို ကျပ် သိန်း ၅၀ လျော်ကြေးပေးကာ ကျေအေးခဲ့ခြင်း ဖြစ်သည်။
ကော်မရှင်၊ ရဲအရာရှိ၊ နှိပ်စက်ခံရသည့် ကလေးမိခင်များနှင့် ကျူးလွန်သူဟု ယူဆရသူများ ကော်မရှင်ရုံးတွင် စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည့် အဆိုပါ ညှိနှိုင်းမှုတွင် ရာဇဝတ်မှုမြောက်သဖြင့် အမှုဖွင့်ရန်သင့်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ကော်မရှင်ထံ ပြောကြားခဲ့သည်။ သို့သော်ကော်မရှင်ကမူ နှစ်ဖက်ညှိနှိုင်းကာ ကြီးသည့်အမှု ငယ်ရန်၊ ငယ်သည့်အမှုပပျောက်ရန် ဆောင်ရွက်ရေးအတွက် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
အင်းဝအထည်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင်များအား အိမ်အကူကလေးနှစ်ဦးကို ညှင်းပမ်းနှိပ်စက်မှုနှင့် ပက်သက်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှုးမျိုးသိန်းက စက်တင်ဘာ ၂၁ ရက်နေ့တွင် တရားလိုအဖြစ်ဆောင်ရွက်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄၊ ၃၂ ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သည်။ ထို့ပြင် လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်၍ ကလေးသူငယ်ဥပဒေ ပုဒ်မ ၆(ဃ) အရ တရားစွဲဆိုထားသည်။
ထို့နောက် ပြစ်မှုကျူးလွန်သည်ဆိုသူ ခြောက်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် စတင်ရုံးထုတ် စစ်ဆေးနေပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ယနေ့အတည်ပြုလိုက်သည့် အရေးကြီးအဆိုအရ ကော်မရှင်အဖွဲ့ဝင်များအား မည်သို့အရေးယူဖွယ်ရှိသည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၆၂ တွင် ပေးအပ်ထားသော တာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်း၊ သဘောထား မှတ်ချက်ပေးခြင်းနှင့် ထင်မြင်ချက်ပေးခြင်းတို့အတွက် ကော်မရှင်ကိုဖြစ်စေ၊ ကော်မရှင်အဖွဲ့ဝင်ကိုဖြစ်စေ၊ ကော်မရှင်က တာဝန်ပေးအပ်ခြင်းခံရသူကိုဖြစ်စေ ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
သို့သော် နိုင်ငံတော်သမ္မတအနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်များအား တာဝန်မှရပ်စဲနိုင်သည်ဟုလည်း အဆိုပါ ဥပဒေပုဒ်မ ၁၈ တွင် ဖော်ပြထားသည်။
သတင်း-ဉာဏ်လှိုင်လင်း