လူဦးရေတိုးပွားလာမှုအခြေအနေနှင့် ရဲတပ်ဖွဲ့အင်အား၊ အုပ်ချုပ်ရေး ယန္တရားအင်အား အချိုးညီ မျှတမှု မရှိသောကြောင့် နည်းပညာစွမ်းအားဖြင့် ကြိုးစားကြရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျွန်တော်တို့ဘက်ကနေ နည်းပညာ စွမ်းအားနဲ့ ဒီအခြေအနေတွေကို စွမ်းဆောင်နိုင်ဖို့ ကျွန်တော်တု့ိ ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့ တိုင်းအတွင်းမှာ လုံခြုံ စိတ်ချပြီး ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကနေ ရရှိကြရမှာ ဖြစ်ပါတယ်” လို့ အောက်တိုဘာ ၁ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ သူက ပြောကြားခဲ့ပါတယ်။
“အခုဆိုရင် ကျွန်တော်တု့ိ တိုင်းအတွင်းမှာ cctv ကင်မရာတွေ များစွာ တပ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ အချိန်မရွေး ရဲတပ်ဖွဲ့တွေကနေပြီးတော့ ဒီပေါ်ပေါက်နေတဲ့နေရာကို ချက်ချင်း ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီကြိုးစားမှုဟာ လူသားအရင်းအမြစ်အပြင်၊ ကျွန်တော်တို့ နည်းပညာ အရင်းအမြစ်တွေနဲ့ ပေါင်းစပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်” လို့လည်း သူက ဆက်လက် ပြောကြားပါတယ်။
ရန်ကုန်မြို့က မြို့နယ်တွေက CCTV လုံခြုံရေးကင်မရာတွေကို တပ်ဆင်ထားပြီး ကင်မရာအလုံးရေ ၁၂၀ တပ်ဆင်ထားတဲ့ ပန်းပဲတန်းမြို့နယ်ကတော့ ကင်မရာအများဆုံးမြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်များအားလံုံးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးမှုတွေကို ဆောင်ရွက်ပြီး ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း ဦးဖြိုးမင်းသိန်းက တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေ မလုံမလောက်ဖြစ်နေပြီး လူ ၁,၂၀၀ ယောက်ကို ရဲတစ်ယောက်နှုန်းနဲ့ ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာတော့ လူ ၄၀၀ မှာ ရဲတစ်ဦး အချိုးကျခန့်အပ်တဲ့ စနစ်ကို ကျင့်သုံးနေကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်အပြင် အဂတိလိုက်စားမှုတွေနဲ့ ပတ်သတ်ပြီးလည်း မကြာခဏ ဝေဖန်ခံနေရဆဲ ဖြစ်ပါတယ်။
လူအင်အား မပြည့်စုံမှု၊ ပစ္စည်းကိရိယာ မလုံလောက်မှုနဲ့ ထောက်ပံ့ငွေ နည်းပါးမှုတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်စေဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေမှာ အတားအဆီး ဖြစ်နေပါတယ်။