ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် အကြပ်အတည်းများ ပြေလျော့စေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ စကားတစ်ခွန်းက အထောက်အကူ ပြုနိုင်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာရေးသားသူ မစ္စယန်ဟီလီက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူသားချင်း စာနာထောက်ထားမှုများ ရှိကြရန်အတွက် ပြည်သူများကို တိုက်တွန်းရန် ၎င်းက ပြောကြားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ရေးသားထားသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယန်ဟီလီက ပြောကြားခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လက စတင်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးနေကြရသည့် ရိုဟင်ဂျာ ခြောက်သိန်းခန့်အရေးနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည်၏ ပျက်ကွက်မှုနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် “ဝေခွဲမရ” ဖြစ်ခဲ့ရသည်ဟု ယန်ဟီလီက ပြောကြားသည်။
“ဒီပြဿနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး လူတိုင်းကို တကယ် ဝေခွဲမရ ဖြစ်စေပါတယ်။ ကျွန်မကိုလည်း ဝေခွဲမရဖြစ်စေပါတယ်” ဟု ၎င်းကပြောကြားကြောင်း နယူးယောက်တိုင်းသတင်းစာက ရေးသားထားသည်။
“ရိုဟင်ဂျာလို့ခေါ်တဲ့ လူတွေ ရှိနေတယ်ဆိုတာကိုတောင် သူမက အသိအမှတ်မပြုပါဘူး။ ဒါက အစပါပဲ။ ကျွန်မအလွန်ကို စိတ်ပျက်မိပါတယ်” ဟု ၎င်းကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူများအား “လူသားချင်း စာနာထောက်ထားမှုအချို့ ပြသကြစို့” လို့ ပြောကြားလိုက်ပါက ပြည်သူများအနေဖြင့် သူမအား ”ချစ်ခင်မြတ်နိုးမှုကြောင့်” သူမပြောကြားမှုအတိုင်း လိုက်နာကြလိမ့်မည်ဟု ယန်ဟီလီက ဆိုသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်ပြီး ၎င်း၏ နောက်ဆုံးအစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အောက်တိုဘာ ၂၅ ရက်နေ့တွင် တင်သွင်းခဲ့ပြီးနောက် လုံခြုံရေးကောင်စီအား ပြင်းထန်စွာ တုန့်ပြန်ရန် ၎င်းက တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံ၏ နယ်စပ်ထက် ကျော်လွန်သွားပြီဖြစ်ကာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာတစ်ခုသာ မဟုတ်တော့ဟု ၎င်းက ပြောကြားသည်။
ရိုဟင်ဂျာများအရေးက အဓိက စိုးရိမ်ပူပန်စရာဖြစ်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်ဟု ယန်ဟီလီက ပြောကြားသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိမှု နည်းပါးလာမှုကို ကြုံတွေ့နေရသည့် ကချင်နှင့် ရှမ်းပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအရေးနှင့် ပတ်သက်ပြီးလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေးသဘောတူညီချက် (NCA) အား အဖွဲ့ရှစ်ဖွဲ့က ပြီးခဲ့သည့်နှစ်နှစ်တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်လာမှု ရှိမရှိမှာလည်း မသေချာဟု ယန်ဟီလီကပြောကြားထားသည်။
အစီရင်ခံစာတွင် ဖော်ပြထားသည့် အခြားသော ကိစ္စရပ်များတွင် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်မှုကြောင့် ဒေသခံအသိုင်းအဝိုင်းအပေါ် သက်ရောက်မှု၊ မြေယာသိမ်းဆည်းမှုများ၊ တရားဥပဒေကို ခွဲခြားအသုံးပြုမှုများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို အသုံးပြုနေမှုများလည်း ပါဝင်သည်။