မြန်မာအစိုးရက ဖမ်းဆီးလွှဲပြောင်းပေးရန် တောင်းဆိုမှု မရှိသေးသောကြောင့် တစ်ပြည်တည်းသားဖြစ်သူအား မြန်မာနိုင်ငံတွင် သတ်ဖြတ်ခဲ့မှုဖြင့် အလိုရှိနေသော အသက် ၂၈ နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ဦးမှာ စကော့တလန်တွင် လွတ်လပ်စွာ နေထိုင်လျက်ရှိသည်ဟု ယူကေအာဏာပိုင်များက ပြောကြားသည်။
ထုနှက်ခံထားရကာ သေဆုံးနေသည့် အသက် ၄၇ နှစ်ရှိ ဂယ်ရီဖာဂူဆန်၏ ရုပ်အလောင်းအား ရန်ကုန်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း ပြီးခဲ့သည့် နိုဝင်ဘာလက တွေ့ရှိခဲ့ရမှုအပေါ် မြန်မာနိုင်ငံ၏ လ မရှိလှသော တုန့်ပြန်မှုအပေါ် ယခုလို ထုတ်ဖော်ပြောကြားမှုကြောင့် မေးခွန်းထုတ်မှုများ ပြန်လည် ပေါ်ထွက်လာသည်။
ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်းတစ်ခုတွင် ဆရာအဖြစ် အလုပ်လုပ်ကိုင်နေသည့် Harris Binotti က ၎င်း၏ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာတစ်ဦးဖြစ်သူ ဖာဂူဆန်နှင့် စကားများပြီးနောက် ဖာဂူဆန်ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ဖာဂူဆန်သေဆုံးပြီးနောက် Binotti လည်း မြန်မာနိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။
သို့သော် စကော့တလန်တွင် လွတ်လပ်စွာနေထိုင်လျက်ရှိသည့် ၎င်း၏ ဓာတ်ပုံကို ဗြိတိန်သတင်းစာတစ်စောင်က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ရရှိခဲ့ပြီးနောက် ၎င်းအား အဘယ်ကြောင့် ဖမ်းဆီးခြင်း မရှိသေးသည့်အပေါ် သေဆုံးသူ၏ မိသားစုက မေးခွန်းထုတ်မှု ပေါ်ထွက်လာသည်။
၎င်းအား လွှဲပြောင်းပေးရန်အတွက် အမှုအား စစ်ဆေးနေသည့် မြန်မာနိုင်ငံ၏ တောင်းဆိုမှုကို လက်ခံရရှိခြင်းမရှိသေးဟု စကော့တလန်အစိုးရရှေ့နေများနှင့် ရဲတပ်ဖွဲ့က ပြောကြားသည်။
“စတော့တလန်ရဲတပ်ဖွဲ့အနေနဲ့ ဒီအဆင့်မှာ ဘယ်သူ့ကိုမှ ဖမ်းဆီးပိုင်ခွင့် မရှိပါဘူး” ဟု စကော့တလန်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့အနေဖြင့် Binotti အား စောင့်ကြည့်နေသည်ဟုလည်း ထည့်သွင်း ပြောကြားထားသည်။
“ယခုကိစ္စအား မြန်မာအာဏာပိုင်များက စုံစမ်းစစ်ဆေးနေပြီး လွှဲပြောင်းပေးရန် တောင်းဆိုချက်မှာ ၎င်းတို့က ထုတ်ပြန်ရမည်ဖြစ်သည်” ဟု စကော့တလန် အစိုးရရှေ့နေရုံးဖြစ်သည့် Crown Office ကပြောကြားသည်။
လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ငါးလအကြာ ဧပြီလရောက်ရှိမှသာ Binotti အား အင်တာပို၏ အနီရောင် ထုတ်ပြန်ချက်တွင် ထည့်သွင်းခဲ့သည်။
သို့သော် ၎င်းအား ဖမ်းဆီးပြီး လွှဲပြောင်းပေးရေးအတွက် ယူကေအာဏာပိုင်များထံ မြန်မာအာဏာပိုင်များက တောင်းဆိုရန် လိုအပ်နေဆဲဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွက် သက်သေခံ အထောက်အထားများကို တင်ပြရန်နှင့် သံတမန်ရေးအရ ဆောင်ရွက်မှုများလည်း လိုအပ်သည်။
သေဒဏ်ပေးခြင်းမပြုရန်အတွက် ဗြိတိန်ရဲတပ်ဖွဲ့ထံ အာမခံချက်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော သေဒဏ်ပေးမှုများအား ကူညီခြင်းမပြုရန် ၎င်းတို့အား တားမြစ်ထားသောကြောင့် ဖြစ်သည်။
ပြည်ပသို့ ရောက်ရှိနေသည့် သံသယရှိသူအား ခေါ်ယူရေးအတွက် မည်သို့ ဆောင်ရွက်နေသည်နှင့် ပတ်သက်ပြီး မြန်မာရဲတပ်ဖွဲ့က ပြောကြားနိုင်ခြင်းမရှိပေ။
မြန်မာနှင့် ဗြိတိန်တို့ကြားတွင် တရားခံလွှဲပြောင်းရေးဆိုင်ရာ သဘောတူညီချက် မရှိသော်လည်း အမှုတစ်ခုချင်းစီအတွက် နှစ်နိုင်ငံကြား ဆွေးနွေးနိုင်မည်ဖြစ်သည်။
လူသတ်မှုဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှ ရဲအရာရှိတိုးမျိုးကမူ ၎င်းတို့ဌာနအနေဖြင့် ဖမ်းဝရမ်းကို နေပြည်တော်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်ထံ ပေးပို့ထားပြီးဖြစ်သည်ဟု ပြောကြားသည်။
“အမှုနဲ့ပတ်သက်ပြီး ရနိုင်သလောက်အချက်အလက်တွေကို ကျွန်တော်တို့ စုဆောင်းပြီးတော့ အဲဒီကို ပေးပို့လိုက်ပြီး ဖြစ်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။ သို့သော် နေပြည်တော်ရဲတပ်ဖွဲ့ကမူ မေးမြန်းလိုသည်များကို ရန်ကုန်ရှိ ရဲတပ်ဖွဲ့ထံမေးမြန်းရန်သာ အေအက်ဖ်ပီကို ပြန်လည်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူတို့ကလည်း အေအက်ဖ်ပီ၏ မေးမြန်းမှုကို ဖြေကြားခြင်းမရှိပေ။
လန်ဒန်ရှိ ဗြိတိန်နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူကမူ အမှုအား စုံစမ်းစစ်ဆေးရေးအတွက် တာဝန်ရှိသည့် မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်မှုရှိသည်ဟု ပြောကြားခဲ့သော်လည်း ဆွေးနွေးမှုများမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီကိုမူ ပြောကြားရန် ငြင်းဆိုခဲ့သည်။
သတင်း-အေအက်ဖ်ပီ