သန်းချီသည့် ဘဝများစွာအတွက် အပြုသဘောဆောင် အပြောင်းအလဲကို ဆောင်ကြဉ်းမည့် ကျေးလက်နေ လူမှုအသိုင်းအဝိုင်းများကို အဆင့်မြှင့်တင်ပေးရန် ကမ္ဘာ့ဘဏ်က စိုက်ထုတ်ပေးလိုက်သော အမေရိကန်ဒေါ်လာ သန်း ၄၈၀ မှာ လုံလောက်မှုမရှိဟူသော အစီရင်ခံစာတစ်ရပ် မကြာသေးမီက ပေါ်ထွက်ခဲ့သည်။
ဂျာကော့ဘ် ခရင်မ်ဇိုး ရေးသားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖားအင်းကြီးကျေးရွာကို ဖြတ်ဖောက်ထားသော ကွန်ကရစ်လမ်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၏ ထင်ရှားသည့် ဥပမာတစ်ခုပင် ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ဒါဇင်ပေါင်းများစွာသော အဖွဲ့ဝင်နိုင်ငံများ၏ ထည့်ဝင်ငွေများ၊ ဝါရှင်တန်၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များနှင့် ဖားအင်းကြီးကျေးရွာ၏ စုဝေးနှီးနှောပွဲမှ ဆုံးဖြတ်ချက်တို့က ဤလမ်းတည်ဆောက်ခြင်းဆီသို့ ဦးတည်သွားခဲ့သည်။ ဤသည်မှာ ဒေသအသီးသီးမှ လူပုဂ္ဂိုလ်များ၏ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ဖော်ဆောင်သော ပူးပေါင်းကြိုးပမ်းမှုဖြင့် ရရှိလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှာ ယခုဘဏ္ဍာနှစ်၌ စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၄ အထိ ရှိလာလိမ့်မည်ဟူသော ခန့်မှန်းချက်နှင့်အတူ ဒေသတွင်း၌ အလျင်မြန်ဆုံး စီးပွားရေး တိုးတက်နေသော နိုင်ငံအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ်က ယခုနှစ်စက သတ်မှတ်ခဲ့သော်လည်း ကျေးလက်ဒေသများစွာတွင် ကွန်ဂရစ်ခင်း ရာသီမရွေးသုံးလမ်းများ၊ လျှပ်စစ်မီး ရယူသုံးစွဲနိုင်မှုနှင့် ရေလွှမ်းမိုးမှု ကြိုတင်ကာကွယ်ရေးကဲ့သို့သော အခြေခံအဆောက်အအုံများ မရှိသလောက် နည်းပါးလှသည်။
ဤအခက်အခဲများကို ဖြေရှင်းရန် မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အင်န်ဂျီအိုများက နှစ်ပေါင်းများစွာ ကြိုးစားကာ လူများစွာ၏ အသက်မွေးဝမ်းကျောင်းမှုများကို တိုးမြှင့်ပေးနိုင်ခဲ့သော်လည်း ယင်းတို့၏ စီမံချက်များမှာ နိုင်ငံတော်အဆင့်တွင် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖော်ဆောင်နိုင်ရန် ကျွမ်းကျင်မှု မရှိသလောက် နည်းပါးလေ့ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ မြို့ပြပြင်ပဒေသများ၌ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် တာဝန်ပေးခံထားရသောဌာနတစ်ခု ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ အုပ်ချုပ်စဉ်က ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို လျှော့ချမည့် လက်ခံနိုင်ဖွယ်ရာ အစီအစဉ်အချို့ ရှိခဲ့ပြီး နောက်ဆုံးတွင် ထိုတာဝန်၏ အရေးပါမှုကို သမ္မတ ဦးသိန်းစိန်အစိုးလက်ထက်၌ အသိအမှတ်ပြုပေးခဲ့သည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်တွင် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စတင်၍ ပြန်လည် ငွေချေးလိုက်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ကျေးလက်ဖွံ့ဖြိုးရေးဌာနက ကမ္ဘာ့ဘဏ်ကို အကြံပြုခဲ့သည်။ ရလဒ်မှာ အမျိုးသား လူမှုအသိုင်းအဝိုင်း အခြေပြု ဖွံ့ဖြိုးမှုစီမံချက်ပင်ဖြစ်ပြီး ထိုစီမံချက်အတွက် ကနဦးထောက်ပံ့ငွေ ကန်ဒေါ်လာ သန်း ၈၀ (ကျပ်ငွေ ၉၈ ဘီလျံ) ကို ကမ္ဘာ့ဘဏ်ထံမှ ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည်။
ထိုစီမံချက်ကို ယမန်နှစ်အတွင်းက ကန်ဒေါ်လာ သန်း ၄၀၀ အတိုးမဲ့ချေးငှားခြင်းဖြင့် သိသိသာသာ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ယင်းမှာ ယခုအခါ မြန်မာနိုင်ငံရှိ ကမ္ဘာ့ဘဏ်၏ အကြီးမားဆုံး စီမံချက်နှစ်ရပ်အနက် တစ်ရပ်ဖြစ်နေပြီး အခြားစီမံချက်မှာ လျှပ်စစ်မီး ရယူသုံးစွဲနိုင်မှုကို တိုးမြှင့်ပေးမည့် အလားတူ ငွေကြေးပမာဏရှိ စီမံချက်တစ်ရပ် ဖြစ်သည်။
NCDDP (ရံဖန်ရံခါ CDD ဟု ရည်ညွှန်းသုံးစွဲသည်) ကို မြန်မာနိုင်ငံ၏ အနွမ်းပါးဆုံးဒေသ သုံးခုတွင် စတင်ခဲ့ပြီး ဖြည်းဖြည်ချင်း တိုးချဲ့လုပ်ကိုင်ခဲ့သည်။ လာမည့် နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ အနက် ၄၇ မြို့နယ်အထိ ဖြန့်ကျက်လုပ်ကိုင်လာနိုင်မည် ဖြစ်သည်။
လူမှုအသိုင်းအဝိုင်းအခြေပြု ချဉ်းကပ်မှု၏ အဓိကရည်ရွယ်ချက်မှာ ကျေးရွာသားများအား စီမံချက်များကို ကြီးကြပ်စေရန်ပင်ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် ဦးစားပေးစီမံချက်များကို ဆုံးဖြတ်ရန်နှင့် ဒေသန္တရ DRD ရုံးများတွင် ချေးငွေချပေးရေး လျှောက်ထားရန် စည်းဝေးဆွေးနွေးကြသည်။ ရွေးချယ်ထားသည့် မြို့နယ်များမှ ကျေးရွာတိုင်းက မှတ်ပုံတင်ထားသည်ဖြစ်စေ၊ တင်မထားသည်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးတစ်ရပ် ပေးအပ်ခံထားရပြီး လူမှုအသိုင်းအဝိုင်း အရွယ်အစားပေါ် မူတည်ကာ ပျမ်းမျှအားဖြင့် နှစ်စဉ် ကန်ဒေါ်လာ ၅,၀၀၀ နှင့် ၆,၀၀၀ အကြား ရရှိနိုင်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံချက်များမှာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မကြာခဏ ပျက်ကွက်လေ့ရှိသော်လည်း လူမှုအသိုင်းအဝိုင်းအခြေပြု ချဉ်းကပ်မှုတွင်မူ ဆုံးဖြတ်ချက် ချမှတ်သော လုပ်ငန်းစဉ်၌ လူတိုင်း ပြောရေးဆိုခွင့် ရှိနေစေသည်။ သို့သော် အင်န်ဂျီအို အဖွဲ့အစည်း တစ်ရပ်ဖြစ်သော IFI Watch Myanmar ၏ လတ်တလော ထုတ်ပြန်ချက်တစ်ရပ်တွင်မူ NCDDP ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
ယင်းစီမံချက်ကို ဆောင်ရွက်နေသည့် ကမ္ဘာ့ဘဏ်အသင်း၏ အကြီးအကဲ မစ္စတာ နီကိုလတ်စ်မြင့် အဆိုအရ ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးကာလ အစိုးရအဖွဲ့အစည်းများကို မယုံကြည်မှုမှာ အမြစ်တွယ်နေပြီဖြစ်၍ လူမှုအသိုင်းအဝိုင်းများက ပူးပေါင်းမလုပ်ဆောင်လိုသည့် ကနဦးစိုးရိမ်ပူပန်မှုကိုမူ မတွေ့ရှိခဲ့ရပေ။
သို့သော် ဤစနစ်တွင် ပါဝင်ဆောင်ရွက်မည့် မြို့များကို ရွေးချယ်သောလုပ်ငန်းစဉ်မှာ သိမ်မွေ့ခက်ခဲလှသည်ဟု Frontier ကို ၎င်းက ပြောကြားသည်။ မည်သည့်မြို့များမှာ အလိုအပ်ဆုံးဆိုသည်ကို ဆုံးဖြတ်ရန် ပြည်နယ်တိုင်း၊ တိုင်းဒေသကြီးနှင့် နေပြည်တော်အုပ်ချုပ်ရေးကောင်စီတို့၌ ကျေးလက်ဒေသဖွံ့ဖြိုးမှုတွင် ပါဝင်သညိ့ အဖွဲ့အစည်းအမျိုးမျိုး၊ တစ်ဦးချင်းပုဂ္ဂိုလ်အသီးသီးနှင့် အစည်းအဝေးများကို DRD က ကျင်းပခဲ့ရသည်။
မိမိတို့ကျေးရွာကို ပင်မရွာလမ်းနှင့် အနီးအနားရှိ အသွားအလာများသော လမ်းတစ်လမ်းနှင့် ချိတ်ဆက်ရန် လမ်းဖောက်လုပ်ရေးအတွက် ယမန်နှစ်က ဆုံးဖြတ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အနောက်ဘက်စွန်းရှိ ထန်းတပင်မြို့နယ်မှ ဖားအင်းကြီးဒေသခံများသည် ယခုနှစ်အတွက် ခွဲတမ်းကို အိမ်ထောင်စုပေါင်း ၆၅ စုသို့ ပင်မဓာတ်အားလိုင်းနှင့် ချိတ်ဆက်မည့် လျှပ်စစ်မီးစီမံချက် တစ်ရပ်အတွက် သုံးစွဲရန် ရွေးချယ်ခဲ့ကြသည်။
“ဒီရွာက ကျေးလက်ဒေသ မဟုတ်တော့ပါဘူး”ဟု အသက် ၄၈ နှစ်အရွယ် ဦးစောမြင့်ဆွေက ဖားအင်းကြီးဒေသခံအများစု၏ ဘဝများအတွက် ဤစီမံချက်၏ အပေါင်းလက္ခဏာဆောင်သော အကျိုးသက်ရောက်မှုအကြောင်း ဖွင့်ဟဖော်ပြခဲ့သည်။
ကျပ်ငွေ ၉ ဒသမ ၆ သန်းရှိ ဘတ်ဂျက်ကို ဓာတ်တိုင်များ စိုက်ထူရာတွင် အသုံးပြုခဲ့သော်လည်း တစ်ရွာချင်းစီမှ ၎င်းတို့အိမ်များသို့ ဆက်သွယ်ရန် ထပ်ဆောင်းငွေ ကျပ် ၅၀၀,၀၀၀ ထည့်ဝင်ရန် လိုအပ်ခဲ့သည်။ ယင်းသို့မထည့်ဝင်နိုင်သူများမှာမူ လက်ငင်းအကျိုးခံစားခွင့် မရခဲ့ပေ။ ဤအုပ်စုတွင် ဦးကျော်မြင့်လည်း အပါအဝင် ဖြစ်သည်။ အခွင့်အရေး လက်လွတ်သွားသော်လည်း ကျေးရွာများတွင် လျှပ်စစ်မီးရရှိမှုကို ကြိုဆိုကြောင်းနှင့် ဆုံးဖြတ်ချက် ချမှတ်သော လုပ်ငန်းစဉ်မှာ မျှတမှုရှိသည်ဟု Frontier ကို ၎င်းက ပြောသည်။
သို့သော် ဒေသခံများသည် မိမိတို့အိမ်များသို့ လျှပ်စစ်မီးချိတ်ရေးထက် လမ်းမီးများပေးရေးအတွက် ငွေကြေးပိုမိုသုံးစွဲခြင်းကို ပိုမိုသဘောကျသည်ဟုလည်း ဦးကျော်မြင့်က ဆိုသည်။
အနီးဝန်းကျင်ရှိ ကျောင်းကုန်းရွာမှ ဒေသခံများကမူ ၎င်းတို့ရသည့် ထောက်ပံ့ငွေကို ၎င်းတို့ရပ်ရွာအတွင်းမှ ဖြတ်သွားသော လမ်းသစ်အတွက်သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုလမ်းမှာ ရွာခံအားလုံးကို အကျိုးမပြုနိုင်ခဲ့သော်လည်း Frontier က တွေ့ဆုံမေးမြန်းခဲ့သူများက ယခုရလဒ်ကို ကျေနပ်မှုရှိသည်ဟု ပြောကြသည်။
ကျေးရွာအဆင့် အစည်းအဝေးများမှ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက် ချမှတ်သည့် မြန်မာ့သမိုင်းတစ်ရပ် ရရှိလိုက်သည်။ သို့သော် ဤအလေ့အထကို လက်တွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မှာ မြန်မာ့လူမှုအသိုင်းအဝိုင်းရှိ ထက်အောက်အုပ်ချုပ်မှုဓလေ့ကြောင့် စိန်ခေါ်မှု ရှိနိုင်ပေသည်။
ကျေးရွာအစည်းအဝေးများ၌ အိမ်ထောင်စုတစ်စုလျှင် ကိုယ်စားလှယ်တစ်ဦး ပါဝင်ခွင့် ရှိသည်။ ၎င်းမှာ ပုံမှန်အားဖြင့် မိသားစု၏ အသက်ကြီးရင့်သူတစ်ဦး ဖြစ်နေတတ်၍ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်၌ လူငယ်မျိုးဆက်သစ်များ ကိုယ်စားမပြုနိုင်သေးဟု ဆိုလိုခြင်းပင် ဖြစ်သည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်ကို ကြီးကြပ်သော ကော်မတီခွဲများ၌ အမျိုးသမီးများအား နေရာဝေစု ခွဲပေးထားသည့် သီးသန့်လျာထားစနစ်အရ ကျား/မတန်းတူညီမှုကို ဤစီမံချက်များမှတဆင့် ဖော်ဆောင်ပေးနိုင်ခဲ့သည်။
လူမှုအသိုင်းအဝိုင်းအခြေပြု စီမံချက်မှာ ကမ္ဘာ့ဘဏ်က ပုံမှန်လည်ပတ်သော ပုံစံနှင့် ကွဲပြားသည်။ ပုံမှန်အားဖြင့် အဖွဲ့အစည်းအမျိုးမျိုးအတွက် ချေးငွေအမြောက်အမြားကို ကမ္ဘာ့ဘဏ်က အလုံးအရင်းဖြင့် ချပေးလေ့ရှိပြီး ယင်းမှာ ကြီးကြပ်ကွပ်ကဲမှုနှင့် နည်းပညာ အထောက်အကူပြုမှု ပိုမိုနည်းပါးသော ချဉ်းကပ်မှုတစ်ရပ်ဖြစ်သည်။ NCDDP မှာမူ ဤချဉ်းကပ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ချေးငွေအသေးစား မြောက်မြားစွာကို ဖော်ဆောင်ပေးသည်။ လက်ရှိ၌ ကျေးရွာ ၅,၀၀၀ ကျော်နှင့် လူပေါင်းသုံးသန်းအတွက် ဆောင်ရွက်ပေးထားပြီး ဖြစ်ကာ ထိုကျေးရွာများမှာ အောက်ခြေအဆင့် မွမ်းမံသင်တန်းများနှင့် ကြီးကြပ်ကွပ်ကဲမှုများ ပိုမိုလိုအပ်သော ဒေသများဖြစ်ကြသည်။
ယင်းစီမံချက်တွင် ကျေးရွာများရှိ အချက်အချာနေရာများ၌ ချေးငွေအသုံးပြုခဲ့ပုံ စာရင်းဇယားများ ချိတ်ဆွဲထားစေခြင်းအားဖြင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ရည်ရွယ်လုပ်ဆောင်ထားသည်။ သို့ဖြင့် ရန်ပုံငွေများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ဒေသခံများ မြင်တွေ့စေနိုင်သည်။
ကမ္ဘာ့ဘဏ်မှ မစ္စတာနီကိုလတ် မြင့်ကမူ ယင်းစီမံချက်ကို အောင်မြင်မှုအဖြစ် မှတ်ယူထားသည်။ အဓိက ပါဝင်ဆက်စပ်သူမျိုးစုံ ပါဝင်သော ပြန်လည်ဆန်းစစ်ရေးဆိုင်ရာ ယင်းတို့၏အစည်းအဝေးများတွင် DRD နှင့် ကမ္ဘာ့ဘဏ်တို့မှ အဓိကကျသော ပြဿနာအချို့ကို ဖော်ထုတ်ရှင်းလင်းပေးခဲ့ပြီး ဖြစ်သည်။
သို့ရာတွင် ကမ္ဘာ့ဘဏ်နှင့် DRD တို့မှ ပုံဖော်ထားသည့် တောက်ပသောပုံရိပ်ကိုမူ လူတိုင်းက သဘောတူသည်တော့ မဟုတ်ချေ။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာနေသည့် IFI Watch Myanmar က NCDDP ၏ လက္ခဏာသွင်ပြင်များကို အပြင်းအထန် ဝေဖန်ထားသော အစီရင်ခံစာတစ်စောင် မကြာသေးမီက ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်သည်။
“မြန်မာနိုင်ငံမှ CDD စီမံချက်များကို မည်ကဲ့သို့ လူမှုအသိုင်းအဝိုင်းအခြေပြု ချဉ်းကပ်သနည်း” ဟူသောခေါင်းစဉ်ဖြင့် ထုတ်ဝေသည့် ထိုအစီရင်ခံစာမှာ “ချဲ့ကားပြောဆိုထားသော အကြီးစား စီမံချက်များနှင့် CDD စီမံချက်များကို လက်တွေ့ဖော်ဆောင်ရာတွင် လူမှုအသိုင်းအဝိုင်းများ ကြုံတွေ့နေရသော လက်တွေ့အခြေအနေများအကြားရှိ ကွာဟချက်”ဆိုင်ရာ သတင်းအချက်အလက်များကို ဖော်ထုတ်ရန် ရည်ရွယ်ထားသည်။
အစီရင်ခံစာအရ ဖြစ်ရပ်အများစုတွင် စီမံချက်အကြောင်း ကျေးရွာသားများ နားမလည်ကြ၍ ၎င်းတို့၏ ပါဝင်ဆောင်ရွက်လိုစိတ်ကို အဟန့်အတားဖြစ်စေကြောင်း၊ သို့ဖြင့် ဒေသန္တရအဆင့် ကျေးရွာကော်မတီများ၏ လုပ်ငန်းစဉ်ကို ကောင်းမွန်မှန်ကန်စွာ မထိန်းချုပ်နိုင်တော့ကြောင်း သိရသည်။
ထို့အတူ ရလဒ်များ ခပ်မြန်မြန် အောင်မြင်စေရန် ဇောင်းပေးလုပ်ဆောင်ခြင်းက လူမှုအသိုင်းအဝိုင်းများကို အသိပေးရန်၊ စီမံခန့်ခွဲသူများကို မွမ်းမံသင်ကြားရန်၊ သို့မဟုတ် စီမံချက်များ လက်တွေ့ဖော်ဆောင်ရန် လုံလောက်သော အချိန်မပေးနိုင်ခဲ့ဟုလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထို့ကြောင့် လူမှုအသိုင်းအဝိုင်းအဖွဲ့များမှာ ဖယ်ချန်ထားခံရသည်ဟု ခံစားရစေပြီး ကူပံ့ဆောင်ရွက်သူများနှင့် မန်နေဂျာများမှာမူ အလွန်အမင်း အလုပ်လုပ်ရခြင်း၊ သို့မဟုတ် ၎င်းတို့စိတ်ဝင်စားရာကို လိုက်လံဆောင်ရွက်ခြင်းများ ဖြစ်ပေါ်စေသကဲ့သို့ သတ်မှတ်ရက်အမီ ပြီးစီးစေရန် ဒရောသောပါး လုပ်ဆောင်ရစေသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
ယင်းတို့မှာ အစောပိုင်းအဆင့်များထဲမှ NCDDP ၏ အဓိကပြဿနာရပ်များ ဖြစ်ခဲ့သော်လည်း အဓိက ပါဝင်ပတ်သက်သူ အစုံအလင်ပါရှိသော နှစ်ပတ်လည် ပြန်လည်သုံးသပ်ချက်များတွင် ယင်းတို့ကို ဆွေးနွေးကာ ဖြေရှင်းပေးခဲ့သည်ဟု မစ္စတာ နီကိုလတ်စ်မြင့်က ပြောသည်။ IFI Watch အစီရင်ခံစာ၏ သုတေသန လုပ်ငန်းအချို့မှာ တစ်နှစ်ကျော်ကြာခဲ့သည့် အချက်အလက်များကို အခြေခံထားသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အခြားအဓိက ဆက်စပ်နယ်ပယ်ရပ်များတွင် လူမှုအသိုင်းအဝိုင်းများကို ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်း၊ ဒေသန္တရဝန်ထမ်းများ ခေါ်ယူခန့်အပ်ရာ၌ လာဘ်ယူသည့် ပုံစံကဲ့သို့သော အကျင့်ပျက်ခြစားမှုများနှင့် လူမှုအသိုင်းအဝိုင်းမှ ကူပံ့သူများအတွက် လုံလောက်သော မွမ်းမံသင်တန်းများ မရှိခြင်းတို့ ပါဝင်သည်ဟုလည်း IFI Watch အစီရင်ခံစာက ဆိုသည်။
ကော်မတီခွဲများ၊ ကျေးရွာအစည်းအဝေးများနှင့် DRD မြို့နယ်အရာရှိများအကြား ပေါင်းကူးတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် လူမှုအသိုင်းအဝိုင်းမှ ကူပံ့သူများမှာ စီမံချက်များ ချောမွေ့စွာ ဖော်ဆောင်ရေး၌ အလွန်အရေးပါလှသည်။
ကမ္ဘာ့ဘဏ်နှင့် DRD အဆိုအရ ယင်းကိစ္စများကို ကျေးရွာတိုင်း ကျင့်သုံးနိုင်သည့် မကျေနပ်မှု ဖြေရှင်းရေး လုပ်နည်းလုပ်ဟန်မှတဆင့် ကိုင်တွယ်ဖြေရှင်းပေးသင့်ကြောင်း သိရသည်။ IFI Watch က ခြေရာခံခဲ့သော ကိစ္စရပ်များကို DRDD က ကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီးဖြစ်ကာ ဤပြဿနာရပ်များတွင် ပါဝင်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခဲ့ပြီးဖြစ်သည်ဟုလည်း မစ္စတာ နီကိုလတ်စ်မြင့်က ဆိုသည်။
စီမံချက်ရလဒ်များနှင့်ပတ်သက်၍ ကျေးရွာသားများအကြား ကျယ်ကျယ်ပြန့်ပြန့် ကျေနပ်မှုရှိကြောင်း IFI Watch က အသိအမှတ်ပြုထားသော်လည်း ရပ်ရွာအဆင့်၌ ဒီမိုကရေစီနည်းလမ်းကျစွာ ဆုံးဖြတ်ချက် ချမှတ်ခြင်းမှတဆင့် အောက်ခြေလူထု၏ စွမ်းရည်တည်ဆောက်ပေးမှုအတွက် ရေရှည်ရည်မှန်းချက်ကို NCDDP က အောင်မြင်စွာဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိအပေါ် သံသယဖြစ်နေသေးသည်။
ကျေးရွာသားအများစုမှာ ရေရှည်အောင်မြင်မှုများထက် ရေတိုအကျိုးကျေးဇူးများကို ပို၍အာရုံပြုခြင်းကြောင့် မိမိတို့၏ လူနေမှုအဆင့်အတန်းကို ထပ်မံတိုးမြှင့်ရန် ပြင်ပအကူအညီအပေါ် မှီခိုရဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟုလည်း IFI Watch က ပြောထားသည်။
CDD ချဉ်းကပ်မှုသည် လူမှုအသိုင်းအဝိုင်းများကို ယင်းတို့၏ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ယူစေရန် အားပေးသည်။ သတင်းအချက်အလက် မရှိသလောက်နည်းပါးခြင်းကြောင့် မိမိတို့ထိန်းချုပ်နိုင်သည်ဟူသော ခံစားမှုတစ်ရပ်ကို သက်ဆိုင်ရာဒေသခံများ မခံစားရပါက ထိုစီမံချက်မှာလည်း ကျရှုံးနိုင်ခြေရှိသည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန်အခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးအကြံပေးသူ မစ္စတာ ဖီလစ် ဟတ်စ်မှာလည်း ဝေဖန်သူများထဲတွင် တစ်ဦးဖြစ်ပြီး ၎င်းက ယင်းစီမံချက်များသည် ငွေကြေးကူပံ့ပေးခြင်းနှင့် အလွန်အမင်း လိုအပ်သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထောက်ကူပေးခြင်းအားဖြင့် လူမှုအသိုင်းအဝိုင်းများကို စွမ်းရည်တည်ဆောက်ပေးစဉ် “ပြင်ပအထောက်အပံ့ကို မှီခိုနေရ၍ အရှည်သဖြင့်တည်တံ့သော ဖြေရှင်းချက် တစ်ရပ်အဖြစ် ကိုယ်စားပြုခြင်းမရှိပေ။” ပိုမိုလက်တွေ့ကျသည့် အရှည်သဖြင့် တည်တံ့သော ဖြေရှင်းချက်တစ်ရပ်မှာ “ခိုင်မာသော စီးပွားရေး စီမံကိန်း”မှတဆင့် လူမှုအသိုင်းအဝိုင်း အဖွဲ့ဝင်များ၏ ဝင်ငွေရရှိမှုအဆင့်ကို တိုးမြှင့်ခြင်းပင် ဖြစ်ပေလိမ့်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ CDD စီမံချက်များ၏ စွမ်းဆောင်ရည်ကိုလည်း ၎င်းက သံသယဖြစ်လျက်ရှိသည်။ နှစ်ပေါင်းများစွာကြာ အထီးကျန်နေလာခဲ့၍ အထူးသဖြင့် ကျေးလက်ဒေသများမှ ဒေသခံများစွာ၏ လက်ဝယ်တွင် စိုက်ပျိုးရေးနည်းပညာသစ်များ၊ သို့မဟုတ် မျိုးစေ့သစ်များကဲ့သို့ အလားအလာရှိသည့် အသွင်ပြောင်းနည်းပညာများ၊ သို့မဟုတ် အယူအဆများဆိုင်ရာ သတင်းအချက်အလက်များ မရှိသလောက် နည်းပါးပေလိမ့်မည်။ ယင်းမှာ ၎င်းတို့၏ ရေရှည်အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စွမ်းရည်ကို အားပေးမြှင့်တင်ရန် အခက်အခဲ ဖြစ်စေသည်ဟုလည်း ၎င်းက ထပ်လောင်းရှင်းပြခဲ့သည်။
NCDPP တွင် ကမ္ဘာ့ဘဏ်ပါဝင်ခြင်းမှာ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ယင်းစီမံချက်များနှင့်ပတ်သက်၍ တိုးတက်မှုများပိုမိုရရှိစေရန် အချိန်ရပေသေးသည်။ အီတလီနိုင်ငံက ယင်းစီမံချက်အတွက် အတိုးမဲ့ချေးငွေ ယူရို သန်း ၂၀ (ကျပ်ငွေ ၂၇ ဒသမ ၆ ဘီလျံ) ကို ယမန်နှစ်အတွင်း ကူပံ့ပေးခဲ့ပြီး ဂျပန်နိုင်ငံကလည်း ပါဝင်ဆောင်ရွက်ရန် စဉ်းစားလျက်ရှိသည်။ သို့သော် ဤစီမံချက်မှာ ၂၀၂၁ နောက်ပိုင်းတွင် မည်သို့ ဖြစ်လာမည်ဆိုသည်မှာမူ ဝိုးတဝါးဖြစ်နေသေးသည်။
အောင်မင်း ဘာသာပြန်သည်။
ခေါင်းစီးဓာတ်ပုံ – သိမ့်မွန်စိုး (J)