လူမှုကွန်ယက်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုရေးသားခဲ့သည်ဟုဆိုသူ အစိုးရဝန်ထမ်းတစ်ဦးအား ဖမ်းဆီးထားသည်ဟု ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၅ ရက်နေ့က ပြောသည်။
ဗြိတိသ ျှလူမျိုးအား လက်ထပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ယခင်စစ်အစိုးရလက်ထက်က ခေါ်ဝေါ်ခဲ့သည့် ကုလားမဟူသည့်အသုံးအနှုန်းဖြင့် လူမှုကွန်ယက်ပေါ်တွင် ရေးသားခဲ့သည်ဆိုသည့် စလင်းမြို့နယ် စီမံကိန်း ဦးစီးဌာနမှ အရာရှိတစ်ဦးကို ဇူလိုင် ၄ ရက်နေ့တွင် တရားရုံးတင် စစ်ဆေးခဲ့သည်။
“သူ့ကို ဇူလိုင် ၁ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ တရားရုံးကို ဇူလိုင် ၄ ရက်နေ့မှာ ရုံးတင်ခဲ့ပါတယ်” ဟု စလင်းမြို့နယ်မှ ရဲအရာရှိဝင်းတင်က အေအက်ဖ်ပီကို ပြောသည်။
အဆိုပါအမှုအား ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ လူမှုကွန်ယက်တွင် ရေးသားမှုကြောင့် ပြည်သူများက ဒေါ်သထွက်နေကြသည်ဟုလည်း ၎င်းက အေအက်ဖ်ပီကိုပြောသည်။
“တိုင်းပြည်ခေါင်းဆောင်ကို သူကစော်ကားတာပါ။ ကျွန်တော်တို့ အမှုမဖွင့်ရင် ပြည်သူတွေရဲ့ဒေါသက ပိုကြီးလာလိမ့်မယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက ပြောသည်။
ဇူလိုင် ၁ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကာ အဆိုပါနေ့တွင်ပင် တိုင်ကြားခံရသည့် စလင်းမြို့နယ်၊ စီမံကိန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းမင်းလတ်ကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ကိုးကားကာ 7Day သတင်းစာက ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား လူမှုကွန်ယက်ပေါ်တွင် ဆဲဆိုသည့် စာသားများ ရေးသားခဲ့သည်ဆိုသည့် ဦးထွန်းမင်းလတ်အား တရားစွဲဆိုရန် စလင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတာက အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသည်။ ၎င်းအား ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့် အရေးယူထားခြင်းလည်း ဖြစ်သည်။
ဇွန် ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲပြုလုပ်စဉ် လွှတ်တော်ကိုယ်စားလှယ်များက အချိန်နောက်ကျ၍ ရောက်လာခဲ့သည်ဟုဆိုကာ ဦးထွန်းမင်းလတ်က လူမှုကွန်ရက်ပေါ်တွင် ဆဲဆိုရေးသားခဲ့သည်ဟုဆိုသည်။
သတင်း- Frontier