စစ်ပွဲဆန့်ကျင်သူသုံးဦအား ထောင်ချလိုက်မှုကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ဒီဇင်ဘာ ၁၁ ရက်နေ့က လူရာပေါင်းများစွာ စုဝေးချီတက်ပြီး ကန့်ကွက်ခဲ့ကြသည်။
ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီ၏ ခေါင်းဆောင်များဖြစ်သည့် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်နှင့် ဒေါ်နန်ပူတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးမျိုးမင်းဦးက တရားလိုပြုလုပ်ကာ ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် မြစ်ကြီးနားမြို့နယ်တရားရံုံးက ထောင်ဒဏ်ခြောက်လနှင့် ဒဏ်ငွေကျပ်ငါးသိန်းစီကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တို့အကြား တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲပြုလုပ်ခဲ့သည့် ပြီးခဲ့သည့်မေလအတွင်းက သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ ပြောဆိုမှုများကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အသရေဖျက်မှုနှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
၎င်းတို့ လွတ်မြောက်ရန်နှင့် အမှန်တရား ဖော်ထုတ်ပေးရန် တောင်းဆိုသည့် လူထုဆန္ဒဖော်ထုတ်ပွဲကို မြစ်ကြီးနားတွင် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပွဲစီစဉ်သူများက လူပေါင်း ၄,၀၀၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသော်လည်း ရဲတပ်ဖွဲ့ကမူ လူ ၁,၇၀၀ ခန့်ပါဝင်ခဲ့သည်ဟု ပြောကြားသည်။ သို့သော်လည်း နောက်ပိုင်းတွင် လူများ ထပ်မံပူးပေါင်းပါဝင်လာကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
ဆန္ဒထုတ်ဖော်ချိန်တွင် အသုံးပြုခဲ့သည့် ကချင်အမျိုးသားအလံ၊ IS DEMOCRACY Falling? စာတမ်းနှင့် Failed Law စာတမ်းပါ ဆိုင်းဘုတ်တို့အပြင် ထောင်ချခံထားရသူသုံးဦး၏ ပုံများ ပါဝင်သည့် ဆိုင်းဘုတ်များမှာ ကြိုတင်ခွင့်ပြုချက်တောင်းခံရာတွင် ထည့်သွင်း တင်ပြခဲ့ခြင်းမရှိသောကြောင့် ခွင့်မပြုကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု သိရသည်။
“ကျွန်မတို့လူတွေကို ချက်ချင်းလွှတ်ပေးဖို့ အာဏာပိုင်တွေကို ကျွန်မတို့ တောင်းဆိုလိုပါတယ်” ဟု ဆန္ဒပြပွဲကိုဦးဆောင်သူ နော်အောင်က ဆန္ဒပြပွဲအပြီးတွင် အေအက်ဖ်ပီကို ပြောကြားသည်။
ဆန္ဒဖော်ထုတ်ရေး အစီအစဉ် ဖြစ်မြောက်ရေးကော်မတီကလည်း တရားမျှတမှုမရှိပဲ ထောင်ချခံထားရသည့် ၎င်းတို့ သုံးဦးကို ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်နှင့် တရားမျှတမှုကို ဖော်ဆောင်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။