လူကြုံ သယ်ဆောင်လာသည်ဟူသည့် ဖိနပ်များအတွင်း သိုဝှက်ထားသည့် စိတ်ကြွဆေးများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရှိဖမ်းဆီးခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောကြားသည်။
သြဂုတ် ၁၄ ရက်နေ့၊ ည ၁၀ နာရီခွဲအချိန်တွင် အဆိုပါစိတ်ကြွဆေးများအား မလေးရှားသို့ သွားရောက်မည့် ခရီးသည်တစ်ဦးထံမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည်များ၏ ခရီးဆောင်အိတ်များအား စစ်ဆေးစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ခရမ်းခြံကျေးရွာနေ အသက် ၃၀ နှစ်အရွယ် အောင်မျိုးမင်းအမည်ပါ အိတ်အတွင်းမှ မသင်္ကာဖွယ် ပုံရိပ်ကို မူးယစ်တပ်ဖွဲ့စု(၄၅)၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)နှင့် ပူးပေါင်းအဖွဲ့တို့က တွေ့ရှိခဲ့သည်ဟုဆိုသည်။
ထိုနောက် စစ်ဆေးမေးမြန်းခဲ့ရာ အိတ်ပိုင်ရှင်မှာ ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနေ ဒေါ်မြမြဝင်း၊ အသက် ၅၂ နှစ်ဖြစ်ပြီး အဆိုပါအိတ်အား မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ အောင်ချမ်းသာလမ်းနေ ဒေါ်ခင်မာလာ(ခ)မော်လီ(၄၁)နှစ်က လူကြုံယူသွားပေးရန် လေဆိပ် ပြည်ပ ထွက်ခွာဆောင် Terminal-1 သို့ လာရောက်ပေးသဖြင့် ယူဆောင်လာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့နောက် ပူးပေါင်းအဖွဲ့က အိတ်အား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ အိတ်အတွင်း၌ ရောင်စုံ မိန်းမစီး ကတ္တီပါ ဖိနပ် အရံ ၄၀ ပါရှိသည့်အနက် ဖိနပ် ၁၁ ရံ၊ ၂၂ ဖက်အတွင်း အံဝှက်ပြုလုပ် ထည့်သွင်းထားသည့် WY နှင့် R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ အပြာရောင်ကပ်ခွာအိတ် ၆၆ အိတ် စုစုပေါင်းဆေးပြား ၁၃,၂၀၀ ပြားအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အောင်မျိုးမင်း၊ ဒေါ်မြမြဝင်းနှင့် ဒေါ်ခင်မာလာ(ခ)မော်နီတို့ သုံးဦးအား မင်္ဂလာဒုံ မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်နေပြီး ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုသည်။