မြန်မာနိုင်ငံ၏ လူကုန်ကုူးမှု တိုက်ဖျက် ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောကြားစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံမှ ပြန်လည်ရရှိသည့် တုံ့ပြန်မှုကြောင့် ၎င်းအနေဖြင့် ”တစ်နည်းတစ်ဖုံ စိတ်ပျက်မိသည်” ဟု အမေရိကန် ဆီးနစ်လွှတ်တော် အမတ်တစ်ဦးက ပြောကြားကြောင်း သတင်းများက ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်းဒင်တို့နှင့် စက်တင်ဘာ ၁၄ ရက်နေ့က နံနက်စာစားသုံးရင်း အစည်းအဝေးပြုလုပ်စဉ် အဆိုပါကိစ္စကို ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရီပတ်ပလီကန်ဆီးနစ်လွှတ်တော်အမတ် ဘော့ကော်ကာက ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သေချာစွာ ဖြစ်ပေါ်စေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့တာတွေကို ကျွန်တော်တို့ အသေအချာကို အသိအမှတ်ပြုနေတဲ့ တစ်ချိန်တည်းမှာပဲ သူမရဲ့ နိုင်ငံက လူကုန်ကူးမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ဒီမနက် ပြောကြားတာတွေကို အထင်အမြင်သေးစွာ တုံ့ပြန်ခဲ့မှုအတွက် ကျွန်တော် တစ်နည်းအားဖြင့် စိတ်ပျက်မိပါတယ်” ဟု ၎င်းက အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။
“ဒီကိစ္စမှာ မြန်မာနိုင်ငံရဲ့ စိတ်ပျက်စရာ မှတ်တမ်းနဲ့ ပတ်သက်ပြီး သူမက သတိပြုမိမှု မရှိဘူးဆိုတာကို မျက်မြင်တွေ့ရှိပြီးတဲနောက် အပြစ်မရှိတဲ့ လူသားတွေကို အတင်းအဓမ္မ စေခိုင်းဖို့နဲ့ လိင်ကျေးကျွန်တွေအဖြစ် ကုန်ကူးနေတာတွေကို တားဆီးဖို့ သူမအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အနီးကပ် သေချာစွာ စောင့်ကြည့်သွားမယ်လို့ ကျွန်တော်စီစဉ်လိုက်ပါတယ်” ဟု သြဇာအာဏာကြီးမားသည့် ဆီးနစ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ၎င်းကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အရေးမပါသကဲ့သို့ တုန့်ပြန်ကာ စိတ်ပူပန်မှု မရှိသည့်အတွက် ၎င်းအနေဖြင့် မသက်မသာ ခံစားရသည်ဟုလည်း ၎င်းက ပြောကြားကြောင်း ဝါရှင်တန် သတင်းစာတစ်စောင်ဖြစ်သည့် Roll Call က ရေးသားထားသည်။
ပြီးခဲ့သည့် ဇွန်လတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ၌ မြန်မာနိုင်ငံအား အနိမ့်ဆုံးအဆင့်ဖြစ်သည့် အဆင့် (၃) တွင် သတ်မှတ်လိုက်သည်။ အဆိုပါ အစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ထိရောက်စွာ မဆောင်ရွက်သည့် နိုင်ငံများအား စောင့်ကြည့် ထုတ်ပြန်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ယခင်က အဆင့် (၂) တွင် ရှိနေခဲ့ရာမှ အဆင့်နိမ့်ကျသွားခြင်း ဖြစ်သည်။
ထိုသို့ အဆင့်နှိမ့်ချလိုက်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုစဉ်က ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုနှင့် အဓမ္မခိုင်းစေမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ်၊ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ၌ မြန်မာကို အဆင့် (၂)စောင့်ကြည့် စာရင်းမှ အဆင့် (၃) သို့ လျှော့ချခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်မိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာတွင်ပါရှိသည့် အကြံပြုချက်များကို အလေးအနက်ထား စဉ်းစားပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သလို လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုကိစ္စရပ်များကို နိုင်ငံတကာ မိတ်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်သွားမည်ဟုလည်း ဖော်ပြထားသည်။
အစီရင်ခံစာပါ အကြံပြုချက်များကို လာမည့် တတိယငါးနှစ် စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်အလိုက် ချမှတ်ထားသည့် လုပ်ငန်းစီမံချက်များကို ကဏ္ဍငါးရပ် ထည့်သွင်း ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတ ဟန်နရီဗန်ထီးယူက စက်တင်ဘာ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် ငါးနှစ်စီမံကိန်းကို ၂၀၀၇ ခုနှစ်ကစ၍ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ယခုနှစ်(၂၀၁၂-၁၆) သည် အမျိုးသားအဆင့် ဒုတိယ ငါးနှစ်စီမံကိန်း၏ ပဉ္စမနှစ်လည်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်သည် ဒုတိယနှစ် စီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်သည့်အတွက် တတိယငါးနှစ် စီမံကိန်း ရေးဆွဲသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
သက်ဆိုင်ရာ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများ၏ ၆၂ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခံရခြင်း ဖြစ်သည်။