ရန်ကုန်၊ ဧပြီ ၇
ပြီးခဲ့သည့်လများကကဲ့သို့ မငြိမ်မသက်မှုများ ထပ်မံဖြစ်ပေါ်လာပါက နှစ်နိုင်ငံနယ်စပ်အား ပိတ်ပစ်ရေးအတွက် စဉ်းစားရန် ဘင်္ဂလားဒေရှ့်နှင့် မြန်မာတို့ သဘောတူညီခဲ့ကြသည်ဟု ဘင်္ဂလားဒေရှ့်သတင်းစာတစ်စောင်က ရေးသားထားသည်။
ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်အဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိကြီးများ တက်ရောက်ကာ ဒါကာမြို့တွင် ခြောက်ရက်ကြာကျင်းပခဲ့သည့် အစည်းအဝေးအပြီး ဧပြီ ၆ ရက်နေ့တွင် အဆိုပါ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်ဟု Dhaka Tribune သတင်းစာက ရေးသားထားသည်။
တရားမဝင် ဝင်ရောက်လာသူများအား တားဆီးရန်အတွက် လိုအပ်သည့်အချိန်တွင် နယ်စပ်ကို ပိတ်ပစ်ရန်နှင့် သတင်းအချက်အလက်များ ဖလှယ်ရန် အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်ဟု ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်အဖွဲ့မှ ဦးဆောင်ညွှန်ကြားရေးဖြစ်သူ Anisur Rahman က ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့ရသည့် မြန်မာနယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအပြီး စစ်တပ်က လများစွာဆောင်ရွက်ခဲ့သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများအတွင်း နိုင်ငံမဲ့ ရိုဟင်ဂျာ ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားကြသည်။ ထို့ပြင် ရိုဟင်ဂျာ ခုနှစ်သောင်းခွဲနီးပါးသည် အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်ဟုဆိုသည်။
“သူ့တို့ရဲ့နေရာမှာ ဖိနှိပ်မှုတွေ၊ ချုပ်ခြယ်မှုတွေကို အမြဲတမ်းခံနေရတာကြောင့် ကြောက်လန့်ပြီး သူတို့ထွက်ပြေးလာကြတာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားကြောင်း သတင်းစာတွင် ရေးသားထားသည်။
“ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို မြန်မာနိုင်ငံကို ရှင်းပြခဲ့ပါတယ်။ အခြေအနေတွေကို ဖြေရှင်းပြီးဖြစ်သလို အဲဒီနယ်မြေဟာ အခုဆို လုံးဝအေးချမ်းနေပြီလို့ သူတို့က ပြောကြားပါတယ်” ဟု ၎င်းကပြောကြားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသည့် ရဲမှူးချုပ် မျိုးဆွေဝင်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် အခြေအနေများ တည်ငြိမ်နေပြီဟု ပြောကြားသည်။
အဆိုပါကိစ္စအပြင် နယ်စပ်တစ်လျောက်တွင်ရှိနေသည့် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား ရှင်းလင်းရန်လည်း လိုအပ်နေသည်ဟု ဘင်္ဂလားဒေရှ့်နှင့် မြန်မာတို့ သဘောတူညီခဲ့ကြသည်။
အဆိုပါပစ္စည်များက မည်သူတို့က မြှုပ်နှံထားရှိခဲ့သည်နှင့် ထိုပစ္စည်းများ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မည်မျှရှိခဲ့သည်ကိုလည်း ၎င်းတို့က ပြောကြားခြင်းမရှိပေ။
မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကိုလည်း ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်အဖွဲ့က ဆွေးနွေးခဲ့သလို ၎င်းတို့နိုင်ငံသို့ မှောင်ခိုတင်သွင်းနေသည်ဟု သံသယရှိသည့် စိတ်ကြွဆေးစက်ရုံ ၄၉ ရုံ၏ စာရင်းကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ ၎င်းတို့က ပေးအပ်ခဲ့သည်။