လိင်ကိစ္စနှင့် ထိရှလွယ်မှု အနေအထား

မြန်မာနိုင်ငံတွင် ကလေးငယ်များအား လိင်နှင့်မျိုးဆက်ပြန့်ပွားမှု ကျန်းမာရေးအကြောင်း သင်ကြားပေးမည့် အစီအစဉ်တစ်ရပ် အစမ်းသဘော စတင်ခဲ့ပြီးဖြစ်သော်လည်း အမြစ်တွယ်နေသည့် ရှေးရိုးစွဲ အမူအကျင့်များကို ကျော်လွှားရန်မှာ စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။ 

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဓာတ်ပုံ – မာရိုဗာလီ 

လိင်မှုဆိုင်ရာ တစ်နေ့တာ သင်ခန်းစာ ပြီးဆုံးသွားသောအခါ ဒေါက်တာနေဝင်း၏ ကျောင်းသားများက နေ့စဉ် “စိတ်ခံစားမှုရေချိန်”နှင့်ပတ်သက်၍ စတစ်ကာများ ခင်းကျင်းကာ ၎င်းတို့ခံစားနေရပုံကို ပြသခဲ့ကြသည်။

၎င်းတို့သည် မြန်မာနိုင်ငံ ဆရာဝန်အသင်းတွင် ကျင်းပသည့် သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲ၌  ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းနှင့် အိပ်ချ်အိုင်ဗီပိုးတို့ကဲ့သို့သော ခေါင်းစဉ်များအကြောင်း သင်ကြားရန် ဂိမ်းများကစားခြင်းနှင့် သီချင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက်တွင် ကော်ဇောပေါ်ရှိ စက်ဝိုင်းတစ်ခုအတွင်း၌ ထိုင်နေသည့် ယောကျ်ားလေးများ၊ မိန်းကလေးများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ငယ်များအဖြစ် ခွဲထုတ်လိုက်ပြီး သစ်သားတုတ်လုံးပေါ်တွင် ကွန်ဒုံးများစွပ်ခြင်းကို လေ့ကျင့်ခဲ့ကြသည်။

“ကျွန်တော်တို့တွေ ‘မိမိခန္ဓာကိုယ်’အကြောင်းကို ပြောနေတုန်းက တင်ပြဆွေးနွေးတာမျိုးနဲ့ စတင်ခဲ့တာ မဟုတ်ပါဘူး။ ကတ်နဲ့ကစားတဲ့ဂိမ်းတွေကို ကျွန်တော်တို့ ကစားခဲ့ကြတာပါ”ဟု ဦးနေဝင်းက ဆိုသည်။

တနည်းအားဖြင့် သင်တန်းသားများက သက်သောင့်သက်သာ အရှိဆုံးသောအနေအထားတစ်ရပ်ဖြင့် သင်ယူမှု အတွေ့အကြုံများ ရရှိစေရန် ဤသင်တန်းကို ဂရုတစိုက် စီစဉ်ထားခြင်း ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ လိင်အကြောင်းမှအပ အခြားအကြောင်းအရာများကိုသာ ပြောဆိုသွားဖွယ်ရှိသည့် လူ့အသိုင်းအဝိုင်း၌ သင်ကြားရခြင်းကြောင့်ပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် အဖွဲ့အစည်းအဆင့်တွင် လိင်နှင့် မျိုးဆက်ပြန့်ပွားမှု ကျန်းမာရေးဆိုင်ရာ ရင်းမြစ်များနှင့် ပညာပေးရေးတို့၌ ထိုက်သင့်အားလျော်စွာ ခရီးရောက် အောင်မြင်နေပြီ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကျေးလက်ဒေသများတွင် လူငယ်သတင်းအချက်အလက်နှင့် ရင်းမြစ်ပိုင်းဆိုင်ရာ အများပြည်သူစင်တာများ ဖွဲ့စည်းခဲ့ပြီးဖြစ်သကဲ့သို့ ထပ်မံအထောက်အကူဖြစ်စေရန် အင်န်ဂျီအိုများနှင့်လည်း လက်တွဲဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ဘဏ် စာရင်းဇယားများအရ အရွယ်ရောက်ပြီးသူများ သားဖွားနှုန်းမှာ ၂၀၁၅ ခုနှစ်၌ လူ ၁,၀၀၀ လျှင် ၁၇ ဦးနှုန်းမျှသာ ရှိခဲ့သည်။ ထိုင်းနိုင်ငံတွင်မူ လူ ၁,၀၀၀ လျှင် ၄၅ ဦးမျှ ရှိသည်။

အရွယ်ရောက်ပြီးသူများ သားဖွားမှုနှုန်း နိမ့်ကျသည်မှာ မှန်သော်လည်းလိင်မှုကိစ္စ အသိပညာမှာ စာသင်ခန်းများ၊ လက်ဖက်ရည်ဆိုင်များနှင့် တစ်နိုင်တစ်ပိုင် လယ်ယာများတွင် အဆိုးဘက်တိမ်းသည့် ကောလာဟလများနှင့် အမှန်တဝက်သာပါသည့် ဖော်ပြချက်များသာ ဖြစ်နေသေးသည်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA ၏ ဆန်းစစ်အကဲဖြတ်ချက်များအရ လူငယ်များစွာမှာ ဓမ္မတာလာခြင်း၊ သို့မဟုတ် ပဋိသန္ဓေတားဆေးများ၏ အာနိသင်တို့ကို အခြေခံမျှပင် နားမလည်ကြောင်း တွေ့ရှိထားသည်။ လူငယ်များမှာအေ့ဒ်စ် AIDS ရောဂါဖြစ်ပွားစေသည့် အိပ်ချ်အိုင်ဗီရောဂါပိုးအကြောင်း သိရှိကြသော်လည်း လိင်မှတဆင့် ကူးစက်သည့် အခြားကူးစက်ရောဂါများအကြောင်း မဆိုစလောက်သာ သိရှိကြသည်။

mv_sex_education-5.jpg

မြန်မာနိုင်ငံ ဆရာဝန်အသင်း ရုံးခန်း နံရံတစ်ခုပေါ်တွင် သတင်းစကားများကို ခင်းကျင်းပြသထားစဉ် (ယာဘက်)။ ဓာတ်ပုံ – မာရိုဗာလီ

လက်မထပ်ရသေးသည့် အမျိုးသမီးများမှာ တိုက်တွန်းစေ့ဆော်သော ကိုယ်ဝန်ဖျက်ချမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု လူမှုဝန်းကျင် လေ့လာဆန်းစစ်သည့် အဖွဲ့များက ရှာဖွေဖော်ထုတ်ခဲ့သည်။ သို့သော် လက်မထပ်မီ လိင်ဆက်ဆံသော အမျိုးသမီးငယ်များ အလွန်နည်းပါးသေးသည်ဟုလည်း ပြောဆိုထားသည်။

“အရေးပေါ်သန္ဓေတားဆေးတွေအကြောင်းကို မင်းတို့သိလားလို့ ဆယ်ကျော်သက်တွေကို ခင်ဗျားမေးကြည့်ရင် ‘သိပါတယ်’လို့ သူတို့ဖြေကြမှာပါ။ အဲဒါမျိုးတွေသုံးတဲ့ သူငယ်ချင်းတွေကောရှိလားလို့ မေးရင်လည်း ‘ရှိပါတယ်’လို့ပဲ ဖြေကြမှာပါ။ ဒါပေမဲ့ လိင်ဆက်ဆံတဲ့အခါတိုင်းမှာ တစ်လုံးသောက်ရမယ်လို့ သူတို့ ထင်နေပါတယ်။ ဒါကြောင့် တစ်နေ့ကို သုံးကြိမ်လောက် လိင်ဆက်ဆံခဲ့မယ်ဆိုရင် သူတို့က သုံးလုံးသောက်မှာပါ”ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့၏ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်မှ ဒေါက်တာစည်သူဆွေက ဆိုသည်။

“သုတေသနလုပ်တာ အရမ်းနည်းပါတယ်”ဟုလည်း ဒေါက်တာစည်သူဆွေက ဆိုသည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လိင်ပညာပေးရေး အစီအစဉ်တွေက မြန်မာနိုင်ငံသားတွေအကြားမှာ တော်တော်လေး ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရတာပါ”ဟုလည်း ၎င်းက ဆိုသည်။

UNFPA ၏ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်က ကျေးလက်နှင့် မြို့ပြလူမှုအသိုင်းအဝိုင်းများ၌ မွမ်းမံသင်တန်းများ ပေးအပ်ခဲ့သည်မှာ ရှစ်နှစ်ကြာခဲ့သော်လည်း ထိုကြိုးပမ်းမှုတွင် ယင်းအပေါ် ခိုင်ခိုင်မာမာ ဖုံးလွှမ်းထားသည့် လူမှုရေးနှင့် နိုင်ငံရေး နှောင်ဖွဲ့မှုများ ရှိနေခဲ့သည်။ ယခင်အစိုးရစနစ်ဟောင်းအတွင်းတွင် လူငယ်များ အတူတကွ စုစည်းနေခြင်းကို စစ်အစိုးရက မလိုလားခဲ့ပေ။

လိင်မှုရေးရာမှအပ

ယခုအခါတွင် သင်တန်းပို့ချခြင်းများကို အာဏာပိုင်များက လိုလိုလားလား ခွင့်ပြုလာသော်လည်း သင်တန်းများ တက်ရောက်ရန် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များနှင့် မိဘများက ဆန့်ကျင်လျက်ရှိသည်။

“လူငယ်တွေအနေနဲ့ သူတို့ဘေးမှာ လူကြီးတွေ၊ ဒါမှမဟုတ် တခြားလူငယ်တွေ ထိုင်နေတဲ့အခါ မေးခွန်းတွေ မေးလို့ မရပါဘူး”ဟု ဒေါက်တာစည်သူဆွေက ဆိုသည်။

ကွန်ဒုံးအသုံးပြုပုံကို သရုပ်ဖော်ပြသခြင်းနှင့်ပတ်သက်၍မူ “ရံဖန်ရံခါမှာ ကျွန်တော်တို့ သရုပ်ပြတဲ့အခါ မိဘတွေ၊ အရွယ်ရောက်ပြီးသူတွေ၊ အုပ်ထိန်းသူတွေက ‘မင်းတို့ကောင်တွေက ငါတို့ကလေးတွေကို ညစ်ညမ်းတဲ့ အကြောင်းအရာတွေ သင်ဖို့ကြိုးစားနေတာပဲ’လို့ ပြောကြပါတယ်။ ကျွန်တော်တို့ကိုလည်း မောင်းထုတ်ကြပါသေးတယ်။ ကျွန်တော်တို့တွေ ထွက်တောင် ပြေးခဲ့ရတယ်”ဟု ဖွင့်ဟပြောပြခဲ့သည်။

မအေးလှရီမှာ ဦးနေဝင်း၏ မြန်မာနိုင်ငံ ဆရာဝန်အသင်းက ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲ တစ်ခုတွင် သင်တန်းသားအဖြစ် တက်ရောက်ပါဝင်ခဲ့ပြီး ယခုအခါ ဝန်ထမ်းနည်းပြ တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

“တခါတလေမှာ သူတို့နားမလည်ဘူးဆိုတာကို အိမ်ထောင်ရှင် အမျိုးသမီးတွေဆီကတောင် ကျွန်မတို့တွေ ကြားရပါတယ်။ သူတို့က လိင်ဆက်ဆံပြီး ကလေးတစ်ယောက်လောက် မွေးရုံလောက်ပါပဲ”ဟု သူက ဆိုသည်။

မအေးလှရီ၏ အဆိုအရ မိဘများစွာမှာ လိင်မှုကိစ္စ ပြဿနာများကို ၎င်းတို့၏ သားသမီးများက လျစ်လျူရှုမည်ကို မလိုလားကြသည့်တိုင် ထိုကိစ္စများအကြောင်း ဆွေးနွေးရမည့်အရေးအတွက်မူ ရှက်ရွံ့တတ်ကြပြန်သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အလုပ်ရုံဆွေးနွေးပွဲများတွင် သင်တန်းတက်ရန် စောင့်ဆိုင်းနေသူ လူငယ် ၂၀၀ ခန့်ရှိပြီးသူတို့ထဲက အများစုအား လိင်မှုကိစ္စ သိနားလည်စေလိုသဖြင့် မိဘများကိုယ်တိုင်က စေလွှတ်လိုက်ကြသော်လည်း ၎င်းတို့ကိုယ်တိုင် ဆွေးနွေးပါက ၎င်းတို့အား မလေးမစား ဖြစ်သွားမည်ကို မိဘများ စိုးရိမ်ခဲ့ကြသည်။

ဦးနေဝင်း၏သင်တန်းသို့ သူ မတက်ရောက်မီ ဓမ္မတာလာခြင်းမှသည် မျိုးဆက်ပွားမှု ထိန်းချုပ်ရေးအထိ သူသိခဲ့ဖူးသမျှ အရာတိုင်းမှာသူငယ်ချင်းများ၊ သို့မဟုတ် သူ့ထက်အသက်ကြီးသူများထံမှ သိရှိခဲ့ခြင်းသာ ဖြစ်သော်လည်း မိဘများထံမှ သိခဲ့ရသည်တော့ မဟုတ်ပေ။

အခြားမိန်းကလေးများကို သင်ကြားပေးသောအခါ “သူတို့က ကိုယ်ခန္ဓာ အစိတ်အပိုင်း၊ အထူးသဖြင့် လိင်အင်္ဂါတွေကို မြင်မြင်ချင်းမှာ ရှိုးတိုးရှန်းတန်း ဖြစ်ကြပါတယ်။ ဒါပေမဲ့ နည်းနည်းကြာလာတဲ့အခါ ခုလို သတင်းအချက်အလက်မျိုး မိသားစုဆီက မရရှိနိုင်ခဲ့တာကြောင့် ကျေနပ်နှစ်သက်လာကြပါတယ်”ဟု ဦးနေဝင်းက ဆိုသည်။

ဦးနေဝင်း၏ အဆိုအရ ဆေးပညာဖြင့် အသက်မွေးနေသူများပင်လျှင် လိင်ပညာပေးရေးအကြောင်း ဆွေးနွေးရန် တွန့်ဆုတ်တတ်ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ မွမ်းမံသင်တန်း အစီအစဉ်ကို အသင်းဝင်များ၏ ကလေးငယ်များနှင့် စတင်ခဲ့ခြင်းဖြစ်သည်။

“ဒါက ကျွန်တော်တို့ ယဉ်ကျေးမှုမှာ အရမ်းကို ခက်ခဲပါတယ်”ဟု ၎င်းက ဆိုသည်။ “တခါတလေ ကိုယ့်ကလေးတွေရှေ့မှာ လိင်မှုကိစ္စအကြောင်း ပြောလို့ရှိရင် သူတို့အပေါ် မလေးစားတော့ဘဲ အရိုအသေ တန်သွားလိမ့်မယ်လို့ ခံစားမှတ်ယူကြပါတယ်”ဟုလည်းထပ်လောင်းပြောကြားသည်။ 

mv_sex_education-6.jpg

ဓာတ်ပုံ – မာရိုဗာလီ

ကျန်နေသေးသောအရာမှာ အလွတ်သဘော သူငယ်ချင်းများနှင့်ဆက်သွယ်သည့် ကွန်ရက် တစ်ရပ်ဖြစ်ပြီး လတ်တလော၌ မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များ တင်ပေးထားသည့် အင်တာနက်တို့ပင် ဖြစ်သည်။

ယင်းတွင် မိန်းကလေးများအတွက် “ပန်းရောင်လိုင်း”ဆိုသည့်လိုင်းနှင့် ယောကျ်ားလေးများအတွက် “အဖြူရောင်လိုင်း”ဆိုသည့်လိုင်း ဟူ၍ လိင်မှုကိစ္စနှင့် မျိုးဆက်ပြန့်ပွားမှု ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုင်း နှစ်လိုင်း ထားရှိပြီး ဝန်ထမ်းများနှင့် ကျောင်းသားများအဖြစ် စတင်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများမှာ ကျောင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ ကုန်တိုက်များနှင့် လူငယ်များ ဆုံစည်းလေ့ရှိသော နေရာများတွင် ရွယ်တူချင်း သင်တန်းပေးလျက်ရှိသည်။

ရန်ကုန်မြို့ပြင်ပတွင်မူ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ UNFPA နှင့် အင်န်ဂျီအိုအချို့ကကျေးလက်ဒေသများရှိ အရွယ်ရောက်ပြီးသူများနှင့် ဆယ်ကျော်သက်များအတွက် သင်တန်းများ ပို့ချပေးလျက်ရှိသည်။ ဥပမာအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆားမလောက် လူငယ်သတင်းရပ်ဝန်းသို့ သင်တန်းအစီအစဉ်များ တင်သွင်းရန်၊ မေးခွန်းများ မေးမြန်းရန်နှင့် ရင်းမြစ်များ ရှာဖွေရန် ရွာသူရွာသားများက လှေများဖြင့် လာရောက်လျက်ရှိသည်။

သို့ရာတွင် ဒေါက်တာစည်သူဆွေက“ကျွန်တော်တို့မှာ လိင်ပညာပေးရေးအတွက် စံလမ်းညွှန်ချက်တစ်ရပ် မရှိသေးပါဘူး။ အဖွဲ့အစည်းအမျိုးမျိုးက သရုပ်ပြပုံစံအမျိုးမျိုး အသုံးပြုနေကြတာပါ”ဟုပြောသည်။

ယဉ်ကျေးမှုအရ ထိလွယ်ရှလွယ်ဖြစ်ခြင်း

အမျိုးသားလိင်မှုကိစ္စနှင့် မျိုးဆက်ပြန့်ပွားမှု မူဝါဒမှာ သန္ဓေတည်ကာစပင် ရှိသေးသည်။ UNFPA နှင့် အင်န်ဂျီအိုများက ၁၉၉၄ ခုနှစ်တွင် ကိုင်ရိုမြို့၌ ပြုလုပ်ခဲ့သည့် လူဦးရေဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာညီလာခံမှ အတည်ပြုခဲ့သော လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နေသည့်တိုင် ဒေါက်တာစည်သူဆွေ အဆိုအရ မြန်မာနိုင်ငံတွင် ယင်းတို့ကို“တိုက်ရိုက်”အသုံးမပြုနိုင်သေးကြောင်း သိရသည်။ “ကျွန်တော်တို့က ယဉ်ကျေးမှုအရ ထိလွယ်ရှလွယ်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ သီးသန့်ကိုက်ညီမှုရှိတဲ့ လမ်းညွှန်ချက်တွေကို ရေးဆွဲဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။

အမြင့်ဆုံးလူနေမှုအဆင့်မှာပင် လိင်မှုကိစ္စနှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးအကြောင်း သင်ကြားခြင်းဆိုင်ရာ တိုးတက်မှုမှာ အခြားနည်းလမ်းတစ်ရပ်ကိုသာ ရှာဖွေသွားဖွယ်ရှိသည့် ယဉ်ကျေးမှုတစ်ရပ်နှင့် ထိပ်တိုက်တိုးလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနက ကုလသမဂ္ဂ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF မှ ဖော်ဆောင်ပေးထားသော “ဘဝနေထိုင်မှု တတ်သိပညာ”သင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေးရေးကိုထည့်သွင်းကာ နိုင်ငံပိုင်ကျောင်းများ၌ စတင်သင်ကြားခဲ့ပြီး ဖြစ်သော်လည်းယင်းမှာ ဖြည့်စွက်သင်ရိုးညွှန်းတမ်းတစ်ခုသာ ဖြစ်သည်။

“စာမေးပွဲအတွက်တော့ ဒါကို လေ့လာဖို့ မလိုပါဘူး။ ဒါကြောင့် ဆရာတွေက ဒီကိစ္စအပေါ်မှာ အာရုံစိုက်တာမျိုး မရှိပါဘူး။ ဆရာမအများစုက အမျိုးသမီးတွေ ဖြစ်တာကြောင့် သူတို့က သူတို့ရဲ့ ကျောင်းသားတွေကြားမှာ လိင်ကျန်းမာရေးကိစ္စရပ်တွေအကြောင်း ပြောဖို့ တွန့်ဆုတ်နေကြပါတယ်”ဟု ဒေါက်တာစည်သူဆွေက ဆိုသည်။

အစိုးရဘက်တွင်မူ လိင်ကျန်းမာရေး ပညာပေးဆိုင်ရာ သင်ရိုးညွှန်းတမ်းတစ်ရပ်နှင့် အစီအစဉ်များ လိုအပ်မှုအတွက် ရှေးရိုးစွဲဝါဒီအရာရှိများအား အောင်နိုင်ရန်မှာ အစဉ်အမြဲဆိုသလို ခက်ခဲသော တိုက်ပွဲတစ်ရပ် ဖြစ်သည်။ သို့သော် အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင် ပိုမိုလွယ်ကူလာခဲ့ပြီ ဟု ဒေါက်တာစည်သူဆွေက ဆိုသည်။ 

mv_sex_education-17.jpg

မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးကို တွေ့ရှိရစဉ်။ ဓာတ်ပုံ – မာရိုဗာလီ

၎င်းအဆိုအရ ယင်းနှင့် ယင်း၏လုပ်ဖော်ကိုင်ဖက်များမှာ လိင်ပညာပေး သင်ရိုးညွှန်းတမ်းတစ်ရပ် သို့မဟုတ် ရင်းမြစ်စင်တာများ ပိုမိုများပြားလာရေး တို့အတွက်သာ မဟုတ်ဘဲဝန်ကြီးဌာနများ၊ အင်န်ဂျီအိုများ၊ ရင်းမြစ်စင်တာများ၊  လူငယ်များနှင့် ဆက်စပ်သည့် အခြားအရာများကို အတူတကွ ဆောင်ကျဉ်းပေးမည့် အထွေထွေ အမျိုးသားလူငယ် မူဝါဒတစ်ရပ်ကို စောင့်ဆိုင်းနေခဲ့ကြပြီး ဖြစ်သည်။

ဤမူဝါဒမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိရမည်ဖြစ်သည်။ လိင်မှုကိစ္စနှင့် မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ ကျန်းမာရေးမှာ ကျယ်ပြန့်သောအရေးကိစ္စ တစ်ရပ်ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။ ယင်းမှာ ကွန်ဒုံးအသုံးပြုပုံကို သိရှိခြင်းထက် ပိုမိုလေးနက်သည်။

“ကျွန်တော်တို့က‘လိင်မှုကိစ္စနဲ့ မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ ကျန်းမာရေးပညာပေး’အကြောင်းပြောတဲ့ အခါတိုင်းမှာ ဒါက လိင်မှုကိစ္စတစ်ခုတည်း အကြောင်းသာ မဟုတ်ပါဘူး”ဟု ဒေါက်တာစည်သူဆွေက ဆိုသည်။

“ဒီကိစ္စက ဘဝနေထိုင်မှု တတ်သိပညာရပ်တွေ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့ကိစ္စ၊ အကြပ်ရိုက်စရာ ဖိအားပေးလာမယ့် ကိစ္စတွေလည်း ဖြစ်ပါတယ်။ ချစ်သူကောင်လေးက ဧည့်ဂေဟာခေါ်သွားပြီး လိင်ဆက်ဆံဖို့ တောင်းဆိုလာနိုင်ပါတယ်။ တချိန်ချိန်မှာတော့ ဒီမိန်းမငယ်လေးက သူ့နောက်ကို လိုက်မယ်၊ မလိုက်ဘူးဆိုတာ ဆုံးဖြတ်ရတော့မှာပါ။ သူ့မှာသာ ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းရည်မျိုး မရှိဘူးဆိုရင် သူက ကောင်လေးနောက်ကို လိုက်မယ်၊ လိင်ဆက်ဆံမယ်၊ ပြီးတော့ ကိုယ်ဝန်လည်း ရသွားနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

ဦးနေဝင်း ပြောသကဲ့သို့ပင်။ “ဆုံးဖြတ်ချက် တစ်ချက်တည်းနဲ့ သူတို့ဘဝ ပြောင်းသွားနိုင်ပါတယ်”

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရှေးရိုးစွဲဆန်သော မြန်မာနိုင်ငံတွင် လိင်ပညာပေးရေးမှာ အတော်လေး အသစ်အဆန်း ဖြစ်နေသော အလေ့အထတစ်ရပ် ဖြစ်သည်။ ဓာတ်ပုံ – မာရိုဗာလီ

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar