မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၉ ခုနှစ်မှာ ရွှေတန်ချိန် ၂၀ အထိ ပြည်ပကို တရားဝင် တင်ပို့နိုင်ဖွယ်ရှိတယ်လို့ ရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၅၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြည်ပကို တရားဝင် ရွှေတင်ပို့ခွင့်ကို ယခုနှစ် အစောပိုင်းမှာပဲ မြန်မာအစိုးရက ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ကီလိုဂရမ် အနည်းငယ်ကိုပဲ တရုတ်နိုင်ငံကို တင်ပို့နိုင်ပါသေးတယ်။ ပြည်ပကို တင်ပို့လိုသူတွေအနေနဲ့ ဓာတ်ခွဲခန်းတွေကနေ လိုအပ်တဲ့ အသိအမှတ်ပြု လက်မှတ်ရရှိဖို့ ကြိုးစားနေကြဆဲဖြစ်တယ်လို့ ရိုက်တာက ရေးသားထားပါတယ်။
အသင်းရဲ့ စီးပွားရေးလုပ်ငန်းခွဲဖြစ်တဲ့ မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လိမိတက်ရဲ့ အဆင့်မြင့်အကြံပေးဖြစ်သူ Marcus Loke က အခုလို တရားဝင်တင်ပို့မှု မြင့်တက်လာရင် တရုတ်၊ ထိုင်းနဲ့ အိန္ဒိယကို တရားမဝင် တင်ပို့မှုတွေ လျှော့ချနိုင်မှာဖြစ်တယ်လို့ ပြောကြားကြောင်း ရိုက်တာက ရေးသားထားပါတယ်။
“မြန်မာနိုင်ငံက လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ရွှေတူးဖော်ခဲ့တာပါ။ အခုဆို အသေးစား ရွှေထုတ်လုပ်သူတွေ အများကြီး ရှိနေပါပြီ။ ဒါပေမယ့် သူတို့မှာ ကျွမ်းကျင်မှုနဲ့ စံနှုန်းတွေ မရှိကြသေးပါဘူး” လို့ Loke က အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကိုချီမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပတဲ့ India International Gold Convention မှာ ပြောကြားခဲ့ပါတယ်။
“အားလုံး အဆင်ပြေချောမွေ့မယ်ဆိုရင် နောက်နှစ်မှာ မြန်မာနိုင်ငံက ရွှေ ၁၀ တန်ကနေ တန် ၂၀ အထိ ပြည်ပတင်ပို့ နိုင်ပါလိမ့်မယ်” လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာ ကမ္ဘာပေါ်မှာ ရွှေအသုံးပြုဆုံး နိုင်ငံကြီးနှစ်ခု ဖြစ်ပါတယ်။ တရုတ်က ကမ္ဘာပေါ်မှာ ရွှေဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယက ဒုတိယလိုက်နေပါတယ်။
မြန်မာနိုင်ငံမှာ ရွှေသတ္တုသိုက် တန်ချိန် ၁ ဒသမ ၃ ဘီလျံလောက်ရှိပြီး အဲဒီထဲက ငါးရာခိုင်နှုန်းလောက်ပဲ ထုတ်ယူရသေးတယ်လို့ Loke က ပြောပါတယ်။