၂၀၂၃၊ အောက်တိုဘာ၁၅ရက်တွင် နေပြည်တော်၌ ကျင်းပသည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

လမ်းဆုံးရောက်တော့မယ့် စစ်ခေါင်းဆောင်

အယ်ဒီတာ့အာဘော်

တရုတ်၏ ထောက်ခံမှုကြောင့် နိုင်ငံရေးအရအသက်ရှူချောင်ခဲ့သည့်တိုင် စစ်ခေါင်းဆောင်သည် ပြည်တွင်းရေးအဖြေရှာရာတွင် ရလဒ်ကောင်းများပြသရန် ဖိအားပေးခံနေရသည်။ သို့သော် ၎င်းကျင်းပရန် စီစဥ်ထားသည့် ရွေးကောက်ပွဲသည် တစ်နေ့ထက်တစ်နေ့ ဖြစ်နိုင်ခြေ ပိုမိုနည်းပါးလာသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းပြည်ကို အစီအစဉ်မဲ့ စိတ်ထင်တိုင်း အုပ်ချုပ်ခဲ့သည်။ ၂၀၂၁၊ အာဏာသိမ်းသည့်နေ့တွင် တစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ်ကျင်းပမည်ဟု ကြွေးကြော်ခဲ့ကာ နောက်ပိုင်းတွင် အာဏာသိမ်းဦးစီးအဖွဲ့ကို “အိမ်စောင့်အစိုးရ” ဟုပင် ခေါ်ဆိုခဲ့သည်။ သို့်တိုင် နောက်ထပ်လေးနှစ်ကြာသည်အထိ အချိန်ဆွဲနေခဲ့သည်။

အရေးအပေါ်အခြေအနေကို ခြောက်လတစ်ကြိမ် အဖန်တလဲလဲ သက်တမ်းတိုးရခြင်းအကြောင်းအား ကျိုးကြောင်းညီညွတ်စေရန် စစ်တပ်သည် ၎င်းရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြက်ရယ်ပြုစရာကောင်းသည်အထိ လိုရာဆွဲအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ထိုသို့ သက်တမ်းတိုးခြင်းသည် အာဏာဆက်လက် ဆုပ်ကိုင်ထားရန် စစ်တပ်ကပေးသည့် အဓိပ္ပာယ်မရှိသော ဥပဒေအကြောင်းပြချက်ဖြစ်သည်။ နိုင်ငံ့အရင်းအမြစ်များကို အားကိုးနိုင်ခွင့်မရှိဘဲ လူထု၏ ကိုယ်ထူကိုယ်ထ ငွေကြေးထောက်ပံ့မှုနှင့် ဆန္ဒအလျောက် ပါဝင်သူများဦးဆောင်မှုဖြင့် ပေါ်ပေါက်လာသည့် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများနှင့် စစ်မက်ခင်းရာတွင် အချိန်သည် မိမိဘက်၌ရှိသည်ဟု စစ်ခေါင်းဆောင်က ယူဆခဲ့ပုံရသည်။

သို့သော် အာဏာသိမ်းသက်တမ်း ငါးနှစ်အတွင်း ဝင်ရောက်လာသောအခါ ၂၀၂၁ကထက်စာလျှင် စစ်ကောင်စီတွင် ထိန်းချုပ်နယ်မြေ၊ ဘဏ္ဍာရန်ပုံငွေနှင့် အခြားအရင်းမြစ်များ အကြီးအကျယ် လျော့နည်းလာသည်။ ယမန်နှစ်အတွင်း တိုင်းစစ်ဌာနချုပ်နှစ်ခု လက်လွှတ်ခဲ့ရသလို ရှမ်းနှင့် ကချင်ပြည်နယ်များရှိ တရုတ်မြန်မာနယ်စပ်ဒေသတွင် သာမက ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလား ပင်လယ်အော်တစ်လျှောက်တွင် မဟာဗျူဟာအရ အရေးပါသည့် နယ်မြေအများအပြား ဆုံးရှုံးခဲ့ရသည်။ ယခင်က နှစ်ပေါင်းများစွာ ၎င်းအတွက် ငွေဝင်ပေါက်ဖြစ်ခဲ့သည့် သတ္တုတွင်းများ၊ သစ်တောများနှင့် အခြားသဘာဝသယံဇာတများထွက်ရှိရာ ဒေသများကိုလည်း စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

တချိန်တည်းတွင် ယခင်က မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးခဲ့သည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်တွင်လည်း ဓာတ်ငွေ့အထွက်နှုန်း တဖြည်းဖြည်း လျော့နည်းလာသည့်အပြင် နိုင်ငံ့စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာအောင် စစ်ကောင်စီက လုံးဝ မစွမ်းဆောင်နိုင်ခဲ့ပေ။ အကျိုးဆက်အားဖြင့် နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ပြတ်တောက်မှုကြုံတွေ့နေရပြီး စစ်ကောင်စီသက်တမ်း တစ်လျှောက် လျှပ်စစ်မီးရရှိမှုနှုန်းသည် ပြန်လည်မြင့်တက်လာဖွယ်မရှိပေ။

ထိုသို့ အကျပ်အတည်းအရပ်ရပ်အတွင်း ကျရောက်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးအဖို့ ဝမ်းသာစရာ ကိစ္စအချို့ ရှိနေသည်။  အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် ပျက်ကွက်သဖြင့် လပေါင်းများစွာ တရုတ်နိုင်ငံ၏ အမျက်ထွက်မှုကို ကြုံတွေ့ရပြီးနောက် စစ်ကောင်စီသည် ယမန်နှစ် ဩဂုတ်တွင် တရုတ်ထံမှ  အသက်ဆက်ဖို့ရာ အကူအညီတစ်ခု ရရှိခဲ့သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်)က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ကို သိမ်းပိုက်သောအခါ ဘေဂျင်းအစိုးရ တုန်လှုပ်သွားပုံရသည်။ ရှမ်းမြောက်မြို့ကြီး တစ်မြို့ဖြစ်သည့် လားရှိုးသည် တရုတ်-မြန်မာကုန်သွယ်ရေးအတွက် အရေးပါသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိသည့်အပြင် စစ်တပ်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဌာနေလည်းဖြစ်သည်။ လားရှိုးကို ဆုံးရှုံးသဖြင့် စစ်ကောင်စီ၏ ရှင်သန်ရပ်တည်နိုင်စွမ်းအပေါ် ဘေဂျင်းရှိ တရုတ်ထိပ်သီးခေါင်းဆောင်များအကြား သို့လောသို့လောဖြစ်လာသည်။ တရုတ်ခေါင်းဆောင်များတွင် မြန်မာစစ်ဗိုလ်ချုပ်များအပေါ် အကောင်းမြင်သူ အနည်းငယ်သာ ရှိသည့်တိုင် အခြားအင်အားစုများထက် စစ်တပ်အား နိုင်ငံကိုကိုယ်စားပြုသည့် အာဏာပိုင်တစ်ရပ်အဖြစ် ဘေဂျင်းက ရွေးချယ်ထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းထံမှ စာနာထောက်ထားမှု အများအပြားရရှိထားသော်လည်း စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ပအစိုးရများ ၎င်းကို ပုံအောထောက်ခံလာအောင် စည်းရုံးရာတွင် ရုန်းကန်နေရဆဲဖြစ်သည်။ စစ်ဗိုလ်ချုပ်များက နေပြည်တော်အစိုးရရုံး အဆောက်အဦများတွင် အကျအန ရုံးထိုင်နေချိန်တွင် အတိုက်ခံစင်ပြိုင်အစိုးရသည် အများအားဖြင့် ပြည်ပတွင် အခြေချသည်ဖြစ်ရာ အနောက်နိုင်ငံခေါင်းဆောင်များသည် ပြည်ပတွင်သာ အဆုံးသတ်သွားသည့် ဗင်နီဇွဲလား အတိုက်ခံခေါင်းဆောင်၏ အဖြစ်အပျက်ကို အမှတ်ရကြပေမည်။ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွဏ်ဂွိုင်ဒိုသည် နိုင်ငံတကာအသိုင်းအဝိုင်းက အပြည့်အဝ ထောက်ခံခဲ့သည့်တိုင် လက်တွေ့တွင် ၎င်းသည် နိုင်ငံ၏မည်သည့်နယ်နိမိတ်ကိုမျှ ထိန်းချုပ်နိုင်စွမ်း မရှိရာ ထိုနိုင်ငံတကာအသိအမှတ်ပြုမှုများသည် အချည်းအနှီးသာဖြစ်ရသည်။

တရုတ်အစိုးရသည် မြန်မာနိုင်ငံကို ၎င်း၏လွှမ်းမိုးမှုစက်ဝန်းထဲက အစိတ်အပိုင်းတစ်ခုအဖြစ် သဘောထားသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အနောက်နိုင်ငံများနှင့် အကန့်အသတ်ရှိသော ဆက်ဆံရေးသည်ပင် ဘေဂျင်းအဖို့ အတော်သဘောမတွေ့စရာ ဖြစ်စေသည်။ စစ်ခေါင်းဆောင်ကို သဘောမကျသည့်တိုင် ၎င်းရင်းနှီးကျွမ်းဝင်မှုမရှိသော အခြားအင်အားစုများထက်စာလျှင် စစ်တပ်နှင့် ဆက်ဆံရသည်မှာ ပို၍လုံခြုံကောင်းမွန်သည်ဟု ယူဆသဖြင့် တရုတ်အစိုးရသည် ညီနောင်မဟာမိတ်(၃)ဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အပေါ် ပြင်းထန်သော ကန့်သတ်မှုများ ချမှတ်ခဲ့သည်။ ထိုကန့်သတ်မှုများတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို ပိတ်ပင်ခြင်းနှင့် စစ်ကောင်စီကို စစ်ရေးအကူအညီများ တိုးမြှင့်ပေးအပ်ခြင်းတို့ ပါဝင်သည်။

ထိုအရေးယူပိတ်ဆို့မှုများသည် စစ်ပွဲများ၏ လားရာကို ပြောင်းလဲစေခဲ့သည်။ ယမန်နှစ်၊ ဩဂုတ်တွင် ညီနောင်မဟာမိတ်များသည် ရှမ်းမြောက်မှတစ်ဆင့် မန္တလေးမြို့အထိ ချီတက်၍ ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့ပုံပေါ်သည်။ သို့သော် မကြာသေးမီလများအတွင်း ကိုးကန့်နှင့် တအာင်းတပ်မတော်များသည် ဘေဂျင်း၏ ဖိအားကြောင့် စစ်ပြေငြိမ်းရေး ခြေလှမ်းအစပြုလာသည်။ ကိုးကန့်တပ်မတော်သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ထိုသဘောတူညီချက်အရ ၎င်းတို့သည် လားရှိုးမှ ပြန်လည်ဆုတ်ခွာမည်ဟု သတင်းရင်းမြစ်အချို့က ဆိုသည်။ မြန်မာနိုင်ငံအတွင်း အခြားနေရာများတွင် ထိန်းချုပ်နယ်မြေများ အကြီးအကျယ် ဆက်လက်ဆုံးရှုံးနေသည့်တိုင် ထိုအပစ်အခတ်ရပ်စဲမှုက စစ်ကောင်စီ ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုကို လျှော့ချပေးခဲ့သည်။

သို့သော် စစ်ကောင်စီသည် ခေတ္တမျှသာ အသက်ရှူချောင်ပေလိမ့်မည်။ စစ်ကောင်စီကို သက်ကယ် အထောက်အပံ့ ပေးအပ်သည့်နောက်ပိုင်း တရုတ်အစိုးရက ၎င်းထံမှ မြန်မာ့အရေးအဖြေရှာရာတွင် ရလဒ်ကောင်းများ မျှော်လင့်ထားသည်။ ထိုသို့မျှော်လင့်ကြောင်းကိုလည်း ဘေဂျင်းက အတိအလင်း ဆိုထားပြီးဖြစ်သည်။

ဘေဂျင်း၏ တရုတ်အထူးကိုယ်စားလှယ်များသည် မင်းအောင်လှိုင်က ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ထောက်ခံအားပေးလာကြသည်။ စစ်တပ်က ထိုရွေးကောက်ပွဲများတွင် အတိုက်အခံများကို လုံးဝယှဉ်ပြိုင်ခွင့်မပြုဘဲ အခြေခံ လွတ်လပ်ခွင့်များကိုလည်း ပိတ်ပင်နိုင်ဖွယ်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတစ်ဦးတည်းက သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးနှစ်ခုကို တစ်ပြိုက်နက် ရယူခွင့်မရှိရာ ရွေးကောက်ပွဲအလွန်တွင် မင်းအောင်လှိုင်၏ စစ်ခေါင်းဆောင်နေရာကို အစားထိုးမည့်သူ ပေါ်လာလိမ့်မည်၊ ထိုသို့မဟုတ်ပါကလည်း အနည်းဆုံး ၎င်းတစ်ဦးတည်း ချုပ်ကိုင်ထားသည့် အာဏာကို လျှော့ချသင့်သည်ဟု တရုတ်အစိုးရက မျှော်လင့်နေကြောင်း လေ့လာသုံးသပ်သူအချို့က ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်တို့သည် စစ်ခေါင်းဆောင်၏ အတောမသတ်နိုင်သော အရေးပေါ်အခြေအနေဖြင့် အုပ်ချုပ်မှုကို စိတ်ကုန်လာသည့်အပြင် မြန်မာနိုင်ငံတွင် လက်ရှိအနေအထားထက်စာလျှင် အပေါ်ယံအားဖြင့် ပိုမိုကောင်းမွန်သည့် အသွင်ဆောင်သော အခြေခံဥပဒေနှင့်အညီဖွဲ့စည်းသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ဆန္ဒရှိသည်။

ရွေးကောက်ပွဲကျင်းပရာတွင် မသမာသည့် နည်းလမ်းများစွာ သုံးနိုင်သော်လည်း နိုင်ငံတစ်ဝန်း ရာနှင့်ချီသော မြို့များနှင့် ထောင်နှင့်ချီသော ကျေးရွာများတွင် မဲရုံအများအပြား တည်ဆောက်ပြီး ဝန်ထမ်းအင်အားအရေအတွက် လုံလုံလောက်လောက်ဖြင့် မဲပေးမှုကို ကြီးကြပ်ရန်မှာ အလွန်တရာကြီးမား၍ လက်တွေ့ကျသော လုပ်ငန်းစဉ်များဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ရာတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၏ အကူအညီများစွာ လိုအပ်မည်ဖြစ်သည်။ ထိုရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များကို အာဏာသိမ်းစဉ်မှစ၍ စစ်တပ်ဆန့်ကျင်ရေး အင်အားစုများက အစဉ်တစိုက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်နယ်မြေများကို နှိုင်းယှဉ်ပြသထားသည့် အဖွဲ့အစည်းအသီးသီး၏ မြေပုံများ မှိုလိုပေါက် ထွက်ပေါ်လာသော်လည်း ၎င်းတို့သည် အချက်အလက်ကျကျ ခွဲခြမ်းစိတ်ဖြာခြင်းထက် နိုင်ငံတကာထောက်ခံမှုရရှိအောင် စည်းရုံးရန် ရေးဆွဲထားသည့် မြေပုံများဖြစ်နေပြီး ပြောက်ကျားစစ်၏ ရှုပ်ထွေး၍ သိမ်မွေ့နက်နဲသော သဘော၊ သဘာဝကို မျက်ကွယ်ပြုကြလေ့ရှိသည်။ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ ကျုံ့ဝင်သွားကြောင်းပြသသည့် ပို၍ယုံကြည်စိတ်ချရသော သက်သေတစ်ခုမှာ ယမန်နှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ရှိသည့်အနက် သန်းခေါင်စာရင်းကို ၁၄၅မြို့နယ်တွင်သာ ကောက်ယူနိုင်ခဲ့သည်။ ထို့ပြင် ၁၂၇မြို့နယ်တွင် တစ်စိတ်တစ်ပိုင်းသာ ကောက်ယူနိုင်ခဲ့ပြီး ကျန်၅၈မြို့နယ်တွင် “လုံခြုံရေးအခြေအနေကြောင့်” ဟုဆိုကာ လုံးဝ မကောက်ယူနိုင်ခဲ့ပေ။

တိကျသည့် မဲစာရင်းရရှိရန် သန်းခေါင်စာရင်းကောက်ယူသည်ဟု စစ်ကောင်စီက ဆိုသည်။ သို့သော် နိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၁ဒသမ၃သန်းရှိသည့်အနက် ၃၂ဒသမ၂သန်းကိုသာ သန်းခေါင်စာရင်း ကောက်ယူနိုင်သည်ဖြစ်ရာ တိကျပြည့်စုံသည့် မဲစာရင်းရရှိရန် အလွန်ခက်ခဲပေမည်။ ထို့ကြောင့် မဲစာရင်းအမှားများလွန်းသည်ဟုဆိုကာ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြုတ်ချပြီး မှန်ကန်၊ တိကျသည့် မဲစာရင်းပြုစုပါမည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီအဖို့ ယခုအခြေအနေက အကျပ်ရိုက်စရာ ဖြစ်နေသည်။ ထို့ပြင် သန်းခေါင်စာရင်းကောက်ယူရန်ပင် လုံခြုံမှုမရှိပါက မကောက်ယူနိုင်သည့်မြို့နယ်များတွင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေးမှာ မေးစရာမလိုအောင် ခက်ခဲနိုင်ဖွယ်ရှိသည်။

ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီက အရိပ်အမြွက်ဆိုထားသော်လည်း ပို၍ “တည်ငြိမ်အေးချမ်း” မှသာ ထိုကိစ္စဖြစ်နိုင်ဖွယ်ရှိသည်။ ပွင့်လင်းရာသီရောက်သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီသည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ ဆုံးရှုံးနယ်မြေအများအပြားကို ပြန်လည်ရယူရန် တန်ပြန်ထိုးစစ် မဆင်နိုင်သေးပေ။ တစ်ဆက်တည်းတွင် အင်အားကြီးလက်နက်ကိုင်တပ်ဖြစ်လာသည့် ရက္ခိုင့်တပ်တော်သည် ရခိုင်မြေမှ ကျော်လွန်၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ပါ စစ်ရေးနယ်မြေ ချဲ့ထွင်လာသည်။ ကယားပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက် စိုးမိုးနိုင်ခဲ့သည့်တိုင် အခြေအနေအရပ်ရပ်က စစ်ကောင်စီသည် အဖတ်ဆယ်မရနိုင်သည့် အကျဘက်သို့ ရောက်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲကို နောက်နှစ်၊​ နှစ်ဆန်းပိုင်းသို့ ထပ်မံရွှေ့ဆိုင်းဖွယ်ရှိကြောင်း ရင်းမြစ်ဖော်ပြမထားသည့် သတင်းများ မကြာသေးမီက ထွက်ပေါ်လာသည်။ ထိုလုပ်ရပ်က တရုတ်အစိုးရ၏ သည်းခံနိုင်စွမ်းကို စမ်းသပ်ပေလိမ့်မည်။ ထိုသတင်းများသည် တရားဝင် အတည်ပြုချက်များမဟုတ်သဖြင့် ၎င်းတို့ကို သတိထားယုံကြည်သင့်ပါသည်။ သို့တိုင် ထိုသတင်းများကို မင်းအောင်လှိုင်ကြုံတွေ့နေရသည့် လက်ရှိအကျပ်အတည်းများနှင့် ချိန်ထိုးကြည့်ပါက ဆီလျော်မှုရှိနေသည်။ လွန်ခဲ့သည့်လေးနှစ်လုံး ဆက်တိုက်ပြုလုပ်ခဲ့သည့် အမှားများကို ဝန်ခံရန် မာနကြီးလွန်းသဖြင့်၊ သို့တည်းမဟုတ် သဘောထားသေးသိမ်လွန်းသဖြင့် နိုင်ငံရေးအရ အနှစ်သာရပြည့်ဝသည့် အပေးအယူလုပ်ရန် လုံးဝဆန္ဒမရှိသော ဗိုလ်ချုပ်မှူးကြီးတွင် ရွေးချယ်စရာ များများစားစား မရှိတော့ဘဲ ဒုက္ခချောက်ထဲပြုတ်ကျရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar