လမုတောများ စိုက်ပျိုး၍ အသက်ကယ်ခြင်း

ဧရာဝတီတိုင်းဒေသကြီးမှ အာဏာပိုင်များသည် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအတွင်း အသက်များစွာကို ကယ်တင်ပေးနိုင်မည့် လမုတောများ ပြန်လည်စိုက်ပျိုးရေး အစီအစဉ်ကို ပိတ်ဆို့ခဲ့သည်ဟု စွပ်စွဲခံရလျက် ရှိသည်။

ကျော်ရဲလင်း/ Frontier ရေးသားသည်။

“ဒီအပင်တွေက ကျွန်တော်တို့ အသက်ကို ကယ်ဆယ်လိုက်တာပဲ” ဟု ဦးမြင့်စိုးက ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ သူ၏ ရွာအနီးမှ လမုတောများကို ညွှန်ပြရင်း ပြောဆိုသည်။

၂၀၀၈ ခုနှစ် မေလ အစောပိုင်းတွင် ဆိုင်ကလုန်း နာဂစ်သည် မြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက် လူအများအပြား သေဆုံးစေခဲ့ပြီး အပျက်အစီး မြောက်မြားစွာ ဖြစ်စေခဲ့သော်လည်း ဒေးဒရဲ မြို့နယ်အတွင်းမှ အလယ်ကုန်းရွာနှင့် အခြား နှစ်ရွာသည် အပျက်အစီး အနည်းငယ်မျှသာ ရှိခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ရွာ ခုနစ်ရွာအနက် ကျန် လေးရွာမှာမူ ပင်လယ်ပြင်နှင့် ရွာအကြား လမုတောများဖြင့် ကာကွယ်ထားခြင်း မရှိသောကြောင့် ကံဆိုးကြရရှာသည်။

“အဲဒီရွာ လေးရွာက နာဂစ်ကြောင့် ပြားပြားဝပ်သွားရတယ်။ လူအယောက် ၁၀၀ လောက် သေဆုံးခဲ့ရတယ်” ဟု ဦးမြင့်စိုးက ပြောပြသည်။

“ဆိုင်ကလုန်းက ကျွန်တော်တို့ ဆွေမျိုးတွေကို သတ်ခဲ့တာ မဟုတ်ဘူး။ လူတွေက သတ်လိုက်တာ” ဟု သူက ဆိုင်ကလုန်း၏ ဖျက်ဆီးနိုင်စွမ်းရည်ကို ပိုမိုမြင့်မားစေသော လုပ်ရပ်ဖြစ်သည့် လမုတောများ ရှင်းလင်းပစ်ခြင်းကို ရည်ညွှန်းပြောဆိုခဲ့သည်။

နာဂစ်သည် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး သဘာဝကပ်ဘေးအဖြစ် လူသိများကြသည်။ ယင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့ရပြီး အများစုမှာ မြစ်ဝကျွန်းပေါ်ဒေသတွင် ဖြစ်သည်။ ထို့ပြင် လူပေါင်း ၂ ဒသမ ၄ သန်း နေရာပြောင်းရွှေ့ခဲ့ရသည်။ ဆိုင်ကလုန်းကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ (၁၂၄ မိုင်) အထိရှိပြီး ပင်လယ်ရေများကို ကုန်းတွင်း ကီလိုမီတာ ၄၀ (၂၅ မိုင်) ခန့်အထိ ရောက်ရှိစေခဲ့သည်။

ယင်းမှာ သဘာဝ အကာအရံ အတားအဆီးများဖြစ်သော လမုတောများကို ရှင်းလင်းထားသဖြင့် ပင်လယ်ရေသည် ကုန်းတွင်းပိုင်းအထိ ဝင်ရောက်လာပြီး လူ့အသက်ဇီဝိန်များ ချွေပစ်ကာ အိမ်ရာများ  ဖျက်ဆီးပစ်၍ လယ်ယာများကိုလည်း ပျက်စီးစေခဲ့သည်။

ပြီးခဲ့သော စစ်အစိုးရ လက်ထက်တွင် ကြီးမားကျယ်ပြန့်လှသော လမုတောများကို အခြားစိုက်ခင်းများအဖြစ် မပြောင်းလဲခဲ့ပါက နာဂစ်မုန်တိုင်း၏ အထိအခိုက် အပျက်အစီးသည် ဤမျှ များပြားလိမ့်မည် မဟုတ်ပေ။

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ မြို့နယ်ရှိ လမုတောများသည် အစိုးရမြေတွင် ၈၈၄ ဟက်တာ (၂,၀၈၄ ဧက) ပါဝင်နေပြီး အစိုးရသည် အနီးအနားရွာများက ကန့်ကွက်သည့်ကြားမှ ယင်းကို အခြားစိုက်ခင်းများအဖြစ် ၁၉၉၀ ပြည့်နှစ်တွင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်စိုးနှင့် အခြားရွာသားများသည် လမုတောများကို တတ်နိုင်သမျှ ထိန်းသိမ်းနိုင်အောင် အတိုက်အခံလုပ်၍ ကြိုးပမ်းခဲ့ကြသေးသည်။ ၎င်းတို့က လမုတောများကို ခုတ်ထွင်ဖယ်ရှားလိုက်ပါက ပင်လယ်ပြင်မှ သဘာဝ ဘေးဒဏ်များကို ပိုမိုခံရမည်ကို သိရှိသောကြောင့် ဖြစ်သည်။

“ဒီလမုတောတွေက ကျွန်တော်တို့ကို အရာအားလုံး ပေးထားတယ်။ အစားအစာ၊ ထင်းနဲ့ သဘာဝ ကပ်ဘေးကလည်း ကာကွယ်ပေးထားတယ်” ဟု ဦးမြင့်စိုးက ပြောပြသည်။

“ကျွန်တော်တို့ ဒီလမုတောတွေကို အဆုံးရှုံး မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ လုံခြုံမှုပေးတဲ့ အကာအကွယ်မရှိဘဲ ကျွန်တော်တို့ မနေချင်လို့ပါ။ ဒါကြောင့် လမုတောကို ကာကွယ်နိုင်ဖို့ အတိုက်အခံ လုပ်နေတာပါ” ဟု ၎င်းက ပြောပြသည်။

မြို့နယ်အာဏာပိုင်များက ၎င်းတို့၏ တောင်းဆိုမှုကို လျစ်လျူရှုသောအခါ ၎င်းတို့သည် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်တို့ထံ စာရေးတောင်းဆိုခဲ့သည်။

စစ်တပ်ထောက်လှမ်းရေးက ဦးမြင့်စိုးနှင့် အခြားစာရေးတောင်းဆိုသူများကို သီတင်းပတ် အတန်ကြာ ထိန်းသိမ်းထားခြင်းဖြင့် တုန့်ပြန်ခဲ့သည်ဟု ဦးမြင့်စိုးက ပြောပြသည်။

“သူတို့က ကျွန်တော်တို့ကို မနှိပ်စက်ပါဘူး။ နေ့ရော ညရော မေးခွန်းတွေ မေးနေတယ်။ ထိန်းသိမ်းထားတုန်းမှာ တစ်နေ့ကို ထမင်းတစ်နပ်ပဲ ကျွေးတယ်” ၎င်းက ပြောသည်။

သူတို့ကို လွှတ်ပေးပြီးနောက် သူတို့ရွာနှင့်နီးသော နေရာများမှ လမုတော ဟက်တာ ၂၀ (ဧက ၅၀) ခန့်ကို ထိန်းသိမ်းထားပေးမည်ဟု ပြောခဲ့သည်။

“တခြားသူတွေက ဒီလမုတော နေရာမဆိုစလောက်ကလေးအတွက် အာဏာပိုင်တွေကို တိုက်ခိုက်တာ ကျွန်တော်တို့ မိုက်မဲလှတယ်လို့ ထင်ကြတယ်” ဟု ဦးမြင့်စိုးက ဆိုသည်။

“ကျွန်တော်တို့ တိုက်ခိုက်မှုက ထိုက်တန်တယ်ဆိုတာ နာဂစ်မုန်တိုင်းက သက်သေပြပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် မပျော်နိုင်ပါဘူး။ တခြားရွာမှာ ရှိနေတဲ့ ကျွန်တော့် မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကို ကျွန်တော် ဆုံးရှုံးခဲ့ရတယ်လေ” ဟု ၎င်းက ဆို့ဆို့နင့်နင့် ပြောပြသည်။

မပြီးဆုံးသေးသော ထူထောင်မှုလုပ်ငန်းစဉ်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန Ministry of Environmental Conservation and Forestry မှ ကိန်းဂဏန်းများသည် အနှစ် ၃၀ အတွင်း လမုတောများ အကြီးအကျယ် ပျက်စီးမှုကို မီးမောင်းထိုးပြသထားသည်။

ယင်းဝန်ကြီးဌာနက ခန့်မှန်းရာတွင် ၁၉၈၀ ပြည့်နှစ်တွင် လမုတောများသည် ၆၅၉,၀၃၂ ဟက်တာ (ဧက ၁ ဒသမ ၆၂ သန်း) အထိ ရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ထက်ဝက်ကျော်အထိ ကျဆင်းသွားပြီး ၃၁၂,၄၄၂ ဟက်တာခန့်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။

၁၉၈၀ ပြည့်နှစ်တွင် လမုတောများသည် ဧရာဝတီတိုင်း၌  ၃၀၃,၁၅၅ ဟက်တာရှိပြီး ၎င်းမှာ စုစုပေါင်း တည်ရှိသော လမုတောများ၏ ၄၆ ရာခိုင်နှုန်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ၂၄၃,၈၄၂ ဟက်တာ၊ ၃၇ ရာခိုင်နှုန်းရှိပြီး ရခိုင်ပြည်နယ်တွင် ၁၁၂,၀၃၅ ဟက်တာ၊ ၁၇ ရာခိုင်နှုန်း ရှိသည်။

၂၀၁၂ ခုနှစ်တွင် အဆိုပါဝန်ကြီးဌာန၏ ကိန်းဂဏန်းများက ဧရာဝတီတိုင်းတွင် လမုတောများ ဧရိယာ လျော့ကျသွားခဲ့ပြီး ၂၄,၈၄၇ ဟက်တာသာ ကျန်ရှိတော့ကြောင်းဖော်ပြသည်။ ယင်းမှာ စုစုပေါင်း လမုတောများ၏ ရှစ် ရာခိုင်နှုန်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ၁၉၀,၀၇၇ ဟက်တာ ကျန်ရှိပြီး ယင်းမှာ စုစုပေါင်း လမုတောများ၏ ၆၁ ရာခိုင်နှုန်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ၉၇,၅၁၈ ဟက်တာ ကျန်ရှိပြီး ၃၁ ရာခိုင်နှုန်း ဖြစ်သည်။

လမုတော ထိန်းသိမ်းသူ ဦးမြင့်စိုးကို နာဂစ်ဆိုင်ကလုန်းဒဏ်မှ သူ့ရွာကို ကာကွယ်ပေးခဲ့သော လမုတောထဲ လမ်းလျှောက်ထွက်နေခိုက် တွေ့ရစဉ်။ ဓာတ်ပုံ - တေလာ ဝီဒင်

လမုတော ထိန်းသိမ်းသူ ဦးမြင့်စိုးကို နာဂစ်ဆိုင်ကလုန်းဒဏ်မှ သူ့ရွာကို ကာကွယ်ပေးခဲ့သော လမုတောထဲ လမ်းလျှောက်ထွက်နေခိုက် တွေ့ရစဉ်။ ဓာတ်ပုံ – တေလာ ဝီဒင်

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၄ ခုနှစ် မေလတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဒေသတွင်းရှိ လမုတောများကို ထိန်းသိမ်းခြင်း၏ အရေးပါပုံကို ပြောကြားသွားခဲ့သည်။

“လမုတောတွေက ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချပေးရုံသာမက မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှုဒဏ်ကို လျှော့ချပေးပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ပထမဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။ ထိုအစည်းအဝေးတွင် သမ္မတက အာဆီယံဒေသတွင်း လမုတောများကို စနစ်တကျ ပြန်လည်ပျိုးထောင်ကြရန် နှိုးဆော်ထားသည်။

ဦးသိန်းစိန်က ပြောကြားရာတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှ လမုတောများ အားလုံး၏ ၈ ဒသမ ၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း၊ ထို့ပြင် လမုတောများကို ထိန်းသိမ်းခြင်း စီမံခန့်ခွဲခြင်းဆိုင်ရာ မဟာဗျူဟာများလည်း ချမှတ်ထားပြီးဖြစ်ကြောင်း၊ ယင်းတို့တွင် ကာကွယ်စောင့်ရှောက်ရေး ဧရိယာများ သတ်မှတ်ပေးခြင်း၊ လမုတောများ ထိန်းသိမ်းခြင်း၊ ပျိုးထောင်ခြင်းတို့ ပါဝင်သည်။

ထိုသို့ မဟာဗျူဟာများ ချမှတ်ပြီး သမ္မတကြီး ဦးသိန်းစိန်က အာရုံစိုက်လုပ်ဆောင်မှုများ ရှိသော်လည်း ဧရာဝတီတိုင်း ဒေသခံပြည်သူများကမူ ထိုဒေသမှ အာဏာပိုင်များသည် လမုတော ပြန်လည်စိုက်ပျိုးရေးကို ထောက်ခံအားပေးမှု မရှိကြကြောင်း ဆိုသည်။

“နာဂစ်ဖြစ်ပြီးတော့ ကျွန်တော်တို့ လမုတောတွေ ပြန်စိုက်ပျိုးချင်လာတယ်။ ဒီသစ်တောတွေ မရှိရင် ကျွန်တော်တို့က သဘာဝဘေးကို ကြောက်ရွံ့နေရတယ်” ဟု ဒေးဒရဲ မြို့နယ်အတွင်းက လမုတောများကြောင့် အပျက်အစီး သိပ်မရှိခဲ့သော ရွာ သုံးရွာထဲမှ တစ်ရွာဖြစ်သည့် ညောင်လိမ်ကုန်းရွာမှ ကိုဇော်ဝင်းက ပြောသည်။ လမုတောများ ပြန်စိုက်ရန် ကြိုးပမ်းခဲ့သည့် ဦးမြင့်စိုး၏ အမည်ကိုယူ၍ ပြန်လည်စိုက်ပျိုးသော လမုတောများကို ဦးစိုးတောဟု ခေါ်ဝေါ်ကြသည်။

ကိုဇော်ဝင်းက ပြောကြားရာတွင် ရွာသားများသည် စားကျက်မြေများ၌ ဦးစိုးတောများ ထပ်မံစိုက်ပျိုး လိုကြသည်ဟု ဆိုသည်။ ယခင်က ထိုနေရာများတွင် လမုတောများ ရှိခဲ့ပြီး ယခုမူ စပါးစိုက်ခင်းများပင် ဖြစ်နေပြီ ဟု ဆိုသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အခြေစိုက်သော လူ့အခွင့်အရေး လှုပ်ရှားမှုကွန်ရက် Human Rights Activity Network အဖွဲ့ဝင်များ၏ အကူအညီဖြင့် ရွာသားများသည် ထိုမြေများတွင် လမုတောများ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြသည်။

ယင်းကွန်ရက်အဖွဲ့ဝင် ကိုထွန်းထွန်းဦးက ၂၀၁၄ ခုနှစ် ဧပြီလ အစည်အဝေးတစ်ခုတွင် ဧရာဝတီတိုင်းဝန်ကြီး ဦးသိန်းအောင်သည် ထိုစားကျက်မြေများတွင် လမုတောများ ပြန်လည်တည်ဆောက်ရန် ခွင့်ပြုခဲ့သည်ဟု ပြောပြသည်။

၎င်းက အဆိုပါကွန်ရက်သည် ရွာသားများ၏ အကူအညီဖြင့် ၂၀၁၄ ဇူလိုင်လတွင် လမုပင် မျိုးစေ့ ၉၀,၀၀၀ ခန့်ကို စားကျက်မြေများတွင် ကြဲနိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ဒေသခံ အာဏာပိုင်များသည် နောက် ၂ ရက်အကြာ၌ လာရောက်ဖျက်ဆီးသွားခဲ့သည်။

“ပြီးတော့ သူတို့က ကျွန်တော့်ကို ဥပဒေ ပုဒ်မ ၆ မျိုးနဲ့ တရားစွဲဆိုတယ်။ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု၊ ပိုင်နက်ကျူးကျော်မှု၊ ရွာသားများကို လှုံ့ဆော်မှု စတာတွေနဲ့ ဖြစ်တယ်” ဟု ကိုထွန်းထွန်းဦးက Frontier ကို ပြောပြသည်။

“ကျွန်တော့်ကို ၁၄ လနဲ့ ၂၈ ရက် ထိန်းသိမ်းထားခဲ့ပါတယ်” ဟု ပြီးခဲ့သော အောက်တိုဘာလက လွတ်မြောက်လာသော ၎င်းက ပြောသည်။ သူ၏ နောက်ဆုံးစွဲချက်ကိုမူ ဒေးဒရဲ ခရိုင် တရားရုံးက ပယ်ချခဲ့သဖြင့် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

“သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းဒေသကြီးဝန်ကြီး ဦးသိန်းအောင်တို့က လမုတော ပြန်လည်တည်ဆောက်ရေးကို ထောက်ခံတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒေသအာဏာပိုင်တွေက ကျွန်တော်နဲ့ တခြားရွာသား တချို့ကို လမုတော စိုက်ပျိုးလို့ ထောင်ချလိုက်တယ်” ဟု ၎င်းက ပြောသည်။

လမုတောများအတွက် မျှော်လင့်ချက်သစ်

“လမုတောတွေ ပျက်စီးနေတဲ့ နှုန်းက ကြောက်စရာ ကောင်းပါတယ်” ဟု မြန်မာ့ သဘာဝပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ရက် Myanmar Environment Rehabilitation Conservation Network ၏ ဥက္ကဋ္ဌ ဒေါက်တာကျော်တင့်က ပြောကြားသည်။ ယင်းအဖွဲ့အစည်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း ၂၁ ခုကို ပေါင်းစည်းထားသော မဟာမိတ်အဖွဲ့ ဖြစ်သည်။

၎င်းက Frontier ကို ပြောပြရာတွင် ထင်းအတွက် လမုတောများကို အလွန်အကျွံ ခုတ်ခြင်း၊ စိုက်ပျိုးမြေ တိုးချဲ့ခြင်း၊ ငါးနှင့် ပုစွန်ကန်များ တည်ဆောက်ခြင်းသည် လမုတောများ ပျက်စီးရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု ဆိုသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် မြန်မာ့ သဘာဝပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ရက်နှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ပြန်လည်တည်ဆောက်ခြင်း ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် ဒေသခံလူ့အဖွဲ့အစည်းများ၏ အသက်မွေးဝမ်းကျောင်းမှုများ၊ အစားအစာ လုံခြုံမှုများ ပိုမိုတိုးတက်လာခဲ့သည်။

သို့သော် လမုတောများကို ပြန်လည်ထူထောင်မှုသည် လုံလောက်မှု မရှိသေးကြောင်း ဒေါက်တာ ကျော်တင့်က ဆိုသည်။

“ကမ်းရိုးတန်းဒေသ အများစုမှာက အားနည်းနေတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုသဘာဝပတ်ဝန်းကျင် ကော်မတီသည် ယခုလ အစောပိုင်းတွင် သက်ဆိုင်ရာ ပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်။ ယင်းမှာ ပါတီ၏ ရွေးကောက်ပွဲ ကတိဖြစ်သော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လုပ်ပေးပါမည်ဟူသော ကတိကို ဖြည့်ဆည်းရန် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်သည်။

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းတွေက အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ပိုမိုအထောက်အပံ့တွေ ရလာမယ်လို့ ထင်ပါတယ်။ အင်န်အယ်လ်ဒီက အောက်ခြေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ လက်ရှိ အစိုးရထက် ပိုသိပါတယ်” ဟု ကိုထွန်းထွန်းဦးက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar