ရန်ကုန်၊ မတ် ၂၈
ပြည်သူများအပေါ် လက်နက်အသုံးပြု၍ အကြမ်းဖက်ခြင်းကို ကန့်ကွက်ရှုံ့ချကြောင်း အကြမ်းဖက်မှု ဆန့်ကျင်ရေး ဆန္ဒပြထုတ်ဖော်မှုကို နိုင်ငံရေးနှင့် လူငယ်အဖွဲ့အစည်းများ ပူးပေါင်းလျက် မတ် ၂၈ ရက်နေ့က လှိုင်မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။
“မတ်လ ၂၃ ရက်နေ့က လက်ပံတောင်းမှာ ရဲတွေက ပြည်သူတွေကို သေနတ်ပစ်ခတ်ခဲ့တာကို ကျွန်တော်တို့အနေနဲ့ လုံးဝကန့်ကွက်တယ်။ လက်ပန်းတောင်ပြည်သူတွေဟာ နေ့စဉ် လူမှုဘဝအကုန်လုံးကို ထိန်းချူပ်ခံနေရတာကို ဖြေရှင်းပေးဖို့ မကြိုးစားတဲ့အပြင် ဒီလိုမျိုး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြည်သူအပေါ် သေနတ်နဲ့ ပစ်ခတ်တဲ့အထိ ကျူးလွန်တဲ့ အစိုးရရဲ့လုပ်ရပ်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ စည်းရုံးရေးကော်မတီဝင်ဖြစ်သူ ကိုကျော်ကိုကိုက ပြောကြားသည်။
ထို့ပြင် ထိုကဲ့သို့ အကြမ်းဖက်ခဲ့သည့် လုပ်ရပ်အတွက် တရားခံအစစ်အမှန်ကို ဖော်ထုတ် အရေးယူပေးရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် မတ် ၂၃ ရက်နေ့က မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသအတွင်း ဝမ်ပေါင်ကုမ္ပဏီ၏ ကျောက်သယ်ယာဉ်များကို ပိတ်ဆို့တားဆီးဆန္ဒပြနေသည့် မိုးကြိုးပြင်ရွာမှ ဒေသခံများကို ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည့်အတွက် ဒေသခံ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိမှုဖြစ်ပွားပြီး လေးရက်အကြာတွင် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်စဉ်အတွင်း “မတရားသောအမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ၊ လက်နက်အားကိုး အနိုင်ကျင့်မှုမှန်သမျှ အလိုမရှိ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အလိုမရှိ၊ ဦးပိုင်ဝမ်ပေါင် အလိုမရှိ၊ တိုင်းပြည်နစ်နာစေမည့် စီမံကိန်းများ ချက်ချင်းရပ်” ဟူသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ လှိုင်မြို့နယ် ဆင်ရေတွင်းမှတ်တိုင်မှ လှည်းတမ်းစိန်ဂေဟာရှေ့အထိ အင်းစိန်လမ်းမကြီးတစ်လျောက် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
“လက်ပံတောင်းတောင် ဒေသခံ တောင်သူတွေရဲ့ သူတို့မြေယာအပေါ် ကာကွယ်ချင်တဲ့ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ တားဆီးခွင့်တွေကို ပိတ်ပင်ကန့်သတ်ရုံတင်မကပဲနဲ့ သူတို့က လက်နက်ကိုအသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းလာတာ။ ဒါတွေကိုမှ ဆက်ပြီးငြိမ်ခံနေအုံးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လယ်သမားတွေ၊ အလုပ်သမားတွေ ဘယ်လောက်များ ဆက်ပြီး စတေးခံ ထိခိုက်နစ်နာနေရအုံးမှာလဲ။ အဖိနှိပ်ခံ ပြည်သူတွေအပေါ် ပိုပိုပြီး ဖိနှိပ်လာတာကို ကျွန်တော်တို့ လက်ပိုက်ကြည့်မနေနိုင်ဘူးဆိုတာ ဖော်ထုတ်ပြတာဖြစ်တယ်”ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချူပ်၊ ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ကိုကောင်းထက်ကျော်က ပြောသည်။
“၂၀၀၈ အခြေခံဥပဒေကို မဖျက်သိမ်းသ၍ ဒီလိုမျိုး အလားတူဖြစ်ရပ်မျိုးတွေ၊ ဒီထက်ပိုဆိုးတဲ့ ဖြစ်ရပ်တွေ ဖြစ်လာအုံးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေဟာ စစ်ကျွန်စနစ်ကို ပိုပြီးခိုင်မြဲအောင် အသက်သွင်းထားတာ ဖြစ်တယ်။ အဲဒီတော့ ဘယ်သူပဲ တက်တက်၊ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး၊ ဘယ်သူပဲ အစိုးရဖြစ်ဖြစ်၊ ဒီအခြေခံဥပဒေရဲ့ စနစ်ကြီး လည်ပတ်နေအုံးမယ်ဆိုရင် ပြည်သူတွေဟာ ခွဲခြား ဖိနှိပ်ခံနေရအုံးမှာပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါအကြမ်းဖက်မှုဆန့်ကျင်ရေး ဆန္ဒပြမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချူပ်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်လူငယ်အဖွဲ့နှင့် အလုပ်သမားရေး၊ လယ်သမားရေး လှုပ်ရှားတက်ကြွသူများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့အကျိုးစီးပွားကာကွယ်ရေးဖိုရမ်အဖွဲ့ဝင်များက ဦးဆောင်ခဲ့ကြခြင်း ဖြစ်သည်။
လူအင်အား ၃၀ ခန့် ပါဝင်ခဲ့သော ၎င်းတို့၏ ဆန္ဒထုတ်ဖော်မှုစတင်သည့်နေရာ ဆင်ရေတွင်း မှတ်တိုင်မှအထွက်တွင် ဆန္ဒပြပွဲအတွက် တရားဝင် ခွင့်ပြုချက်ရထားခြင်းမရှိသည့်အတွက် ကမာရွတ်ရဲစခန်းမှ တာဝန်ရှိသူများက လာရောက်တားဆီးခဲ့သည်။
“ကျွန်တော်တို့က ပုဒ်မ ၁၈ ငြိမ်းစုနဲ့ ဆန္ဒပြတာမဟုတ်ဘူး။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာနဲ့ ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ ကိုကျော်ကိုကိုက Frontier ကို ပြောသည်။
သတင်း-ထူးထက်နိုင်