နေပြည်တော်၊ အောက်တိုဘာ ၁၈
နေပြည်တော်နဲ့ ရန်ကုန်မြို့မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ လက်နက်များစွာကို မြဝတီလမ်းကြောင်းကတစ်ဆင့် တင်သွင်းခဲ့တာလို့ ဦးဖြိုးကိုကိုတင့်ဆန်းက ထွက်ဆိုထားကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က Frontier ကို ပြောပါတယ်။
“မြဝတီလမ်းကြောင်းက သွင်းတယ်လို့ လောလောဆယ် ပေါ်ပေါက်တယ်။ နေပြည်တော်ကို သူက ဘောလုံးအသင်းဥက္ကဋ္ဌလည်းဖြစ်တော့ သူ့အဖွဲ့တွေလာတဲ့အခါ သူ့တပည့်တစ်ယောက်ကို သယ်သယ် လာခိုင်းတာပေ့ါ”လို့ ရဲမှူးကြီးက ပြောပါတယ်။
နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာ ၁၅ ရက်က မူးယစ်ဆေးဝါးအနည်းငယ်နဲ့အတူ လက်နက်အချို့ ရှာဖွေတွေ့ရှိပြီးတဲ့နောက် ပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ သက်ဆိုင်တဲ့ ရန်ကုန်နဲ့ နေပြည်တော်က နေရာတွေမှာ ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေရာမှာ သုံးရက်အတွင်း ပစ္စတိုနဲ့ မောင်းပြန်ရိုင်ဖယ်စတဲ့ သေနတ်စုစုပေါင်း ၂၁ လက်အထိ ရှာဖွေတွေ့ရှိထားတာပါ။
ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဖမ်းဆီးရမိမှုစာရင်းထဲမှာ စနိုက်ပါမှန်ပြောင်း ၅ လက်အထိပါဝင်ပေမယ့်လို့ ဒီကနေ့အထိတော့ အဲဒီမှန်ပြောင်းတပ်ပြီး အဝေးကနေချောင်းမြောင်းပြီး ပစ်ခတ်လို့ရတဲ့ အသံတိတ်သေနတ် အမျိုးအစားမျိုးတွေ သိမ်းဆည်းရမိခြင်းတော့ မရှိသေးပါဘူး။
ရဲမှူးကြီးဇော်ခင်အောင်ကတော့ “စနိုက်ပါပစ်တဲ့သေနတ်တော့ မပါသေးပါဘူးခင်ဗျ။ မှန်ပြောင်းတွေက သေချာ မသိသေးဘူး။ ဘယ်သေနတ်မှာ တပ်မှန်း၊ M 16 တို့ဘာတို့မှာ တပ်သလားပေ့ါ။ ဆက်ပြီး စစ်ဆေးနေပါတယ်”လို့ Frontierကို ပြောပါတယ်။
ဒီသေနတ်တွေထဲက အချို့ကို ဦးဖြိုးကိုကိုတင့်ဆန်းက ဝယ်ယူထားတာဖြစ်ပြီး အချို့ကတော့ လက်ဆောင် ရရှိထားတဲ့အကြောင်း ကနဦးစစ်ဆေး ပေါ်ပေါက်ထားတယ်လို့ သိရပါတယ်။
ဘယ်လိုလူမျိုးက လက်ဆောင်ပေးပါသလဲဆိုတာကိုတော့ “ပိုက်ဆံရှိတဲ့သူတွေကျတော့ဗျာ တပည့်တွေကို မုန့်ဖိုးတွေအများကြီး ပေးနိုင်တာကိုး။ အဲဒီတော့ တစ်ခါတစ်လေ သူ့တပည့်တွေက လက်ဆောင် ဝယ်ပေးတယ်ပေ့ါ”လို့ ရဲမှူးကြီးက ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့အထိ ရှာဖွေမှုတွေအရ သေနတ်တွေအပြင် ကျည်အိမ်တွေ၊ ကျည်ဆံတွေ၊ ဆက်သွယ်ရေးစက်တွေ၊ မှန်ဘီလူး၊ ဒရုန်း၊ မော်တော်ယာဉ်၊ သေနတ်ထည့်တဲ့အိတ်၊ ကျည်ကာအကျီ၊ စိတ်ကြွဆေးစတာတွေ သိမ်းဆည်းရမိထားပါတယ်။ လတ်တလော ရှာဖွေတွေ့ရှိထားတယ်လို့ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအရ ကျည်ဆန်အရေအတွက်ဟာ ၁,၀၀၀ ကျော်အထိရှိတယ်။
ရဲတပ်ဖွဲ့ကတော့ ဖော်ထုတ်ဖမ်းဆီးမှုနဲ့ အသေးစိတ်အကြောင်းအရာတွေကို မကြာမီထုတ်ပြန်ပေးနိုင်ဖွယ် ရှိတယ်လို့ဆိုပါတယ်။
“တောက်လျှောက်တော့ ထပ်ရှာနေတယ်။ တော်တော်များများတော့ ရှာပြီးသွားပြီ”လို့ ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ နံနက်ပိုင်းအထိ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုတွေအရ ဒီအမှုမှာ ဦးဖြိုးကိုကိုတင့်ဆန်းအပါအဝင် စုစုပေါင်း ၁၂ ဦးအထိ ဖမ်းဆီး စစ်ဆေးနေပါတယ်။
ဦးဖြိုးကိုကိုတင့်ဆန်းဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ဟိုတယ်နှင့် ခရီးသွားရေး၊ အားကစားစတဲ့ ဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့သူလည်းဖြစ်၊ နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင်တွေထဲက တစ်ဦးလည်းဖြစတဲ့ ဦးတင့်ဆန်းရဲ့ သားဖြစ်ပါတယ်။
သူကိုယ်တိုင်လည်း ပြီးခဲ့တဲ့အစိုးရ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)လက်ထက်ကျင်းပတဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ဖူးပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ ဦးဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးကတည်းက နုတ်ထွက်ထားသူဖြစ်တဲ့အတွက် ပါတီနဲ့ သက်ဆိုင်သူတစ်ဦး မဟုတ်တော့ဘူးလို့ မီဒီယာတွေကို ထုတ်ဖော်ပြောကြားထားပါတယ်။
ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါတွေကို လတ်တလောမှာ မူးယစ်ဥပဒေ၊ လက်နက်ဥပဒေတွေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း