အရင်အစိုးရ ဝန်ကြီးဟောင်း တစ်ယောက်ရဲ့သားထံက လက်နက်၊ ခဲယမ်း၊ ဆက်သွယ်ရေးစက်၊ မူးယစ်ဆေး၊ ဒရုန်းယာဉ်တွေ ဖမ်းဆီးရမိတဲ့ကိစ္စကြောင့် တပ်မတော် စုံစမ်းထောက်လှမ်းရေး စရဖ အဖွဲ့၊ အထူးရဲတပ်ဖွဲ့တွေရဲ့ အနေအထားကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က အစိုးရရုံးစိုက်ရာ နေပြည်တော် လေဆိပ်မှာ လက်နက်ခဲယမ်းတချို့ ဖမ်းဆီးရမိခဲ့ပါတယ်။ ပိုင်ရှင်ကတော့ အရင် အစိုးရလက်ထက်က ဝန်ကြီးဟောင်း တစ်ယောက်ရဲ့ သားလည်းဖြစ်၊ ကိုယ်တိုင်လည်း အာဏာလက်လွတ်သွားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အမတ်လောင်း တစ်ယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ဟိုတယ်လုပ်ငန်းပိုင်ရှင် သူဌေး တစ်ယောက်ပါ။
သူ့ဖခင်နာမည်က ဦးတင့်ဆန်း ဖြစ်ပြီး လက်နက်တွေနဲ့ ဖမ်းမိသူကတော့ ဦးဖြိုးကိုကိုတင့်ဆန်း ဖြစ်ပါတယ်။ အဲလို ဖမ်းဆီးရမိပြီးနောက်ပိုင်း နေပြည်တော်က သူပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ ရန်ကုန်က သူနေထိုင်တဲ့ အိမ်တွေကို ရဲက ဝင်ရောက် ရှာဖွေရာမှာ နောက်ထပ် လက်နက်ခဲယမ်းတွေ ထပ်ပြီးမိပါတယ်။ အောက်တိုဘာ ၁၈ ရက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဦးဖြိုးကိုကိုတင့်ဆန်း အမှုကနေ ချေမှုန်းရေး ရိုင်ဖယ်သေနတ် ၆ လက်၊ ပစ္စတိုသေနတ် ၁၃ လက်၊ ဓာတ်ငွေ့ Gas နဲ့ ဘောစေ့ထည့်ပြီး ပစ်ရတဲ့ သေနတ် ၄ လက်၊ ခဲယမ်းတွေ၊ ဆက်သွယ်ရေးစက်တွေ၊ ဒရုန်းယာဉ်တွေ သိမ်းဆည်းရမိခဲ့ပြီ ဖြစ်ပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတာက ဝန်ကြီးဟောင်းသား၊ ပြည်ခိုင်ဖြိုး အမတ်လောင်းဟာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဘာလုပ်ဖို့ အဲဒီလက်နက်တွေ စုဆောင်းထားသလဲဆိုတာပါ။ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက စစ်ပွဲတွေမှာ အသုံးပြုတဲ့ အဲဒီ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ ပစ္စတိုတွေ စုဆောင်းထားတာကို တပ်မတော် စုံစမ်းထောက်လှမ်းရေး စရဖ အဖွဲ့ဝင်တွေ၊ အထူးရဲတပ်ဖွဲ့ဝင်တွေ လုံးဝ မသိကြဘူးလား ဆိုတာပါ။ လတ်တလော ဒီအမှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ကိုင်တွယ်နေပုံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် ဒီအမှုအကြောင်း လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။
အခုအမှု ဖြစ်ပေါ်လာပုံက နေပြည်တော်လေဆိပ်မှာ နေပြည်တော်- ရန်ကုန်သွားမယ့် လေယာဉ်ပေါ် တင်မယ့် အိတ်တစ်အိတ်ကို X-ray ဓာတ်မှန်စက်နဲ့ စစ်ဆေးရာကနေစပြီး ပေါ်ပေါက်လာတာပါ။ အမှုနဲ့ပတ်သက်ပြီး နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် ပြောတာကတော့ တကယ်တော့ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အဖွဲ့ဟာ ဒီအိတ်ကို လေယာဉ်နဲ့ တင်ဖို့မဟုတ်ဘူး၊ ကားနဲ့ တင်သွားဖို့ဖြစ်တယ်၊ ဒါပေမဲ့ မှားပြီး လေယာဉ်ပေါ်တင်မယ့် အထုတ်အဖြစ် လေဆိပ်ထဲ ယူအလာမှာ ကံအားလျော်စွာ ဖမ်းဆီးရမိလိုက်တယ် ဆိုတာပါပဲ။
ပြောရရင် မတော်တဆ ဖမ်းဆီးရမိလိုက်လို့ ပေါ်ပေါက်လာတဲ့ အမှုပါ။ တကယ်လို့သာ သူတို့ နဂိုစီစဉ်တဲ့အတိုင်း ဒီအထုတ်တွေကို ကားနဲ့သွားမယ့်သူကပဲ တင်ယူသွားမယ်ဆိုရင် အခုအမှု လုံးဝ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ဒီကနေတဆင့် ကောက်ချက်ချရရင် ဦးဖြိုးကိုကိုတင့်ဆန်းဆီမှာ လက်နက်ခဲယမ်းတွေ ရှိနေတယ်ဆိုတာ တပ်မတော် စရဖနဲ့ ပြည်ထဲရေး SB (Special Branch) အထူးတပ်ဖွဲ့ လုံးဝ မသိတာ၊ ဒါမှမဟုတ် သိရက်နဲ့ မသိကျိုးကျွန်ပြုနေတာ တစ်ခုခု ဖြစ်ဖို့ပဲ ရှိပါတော့တယ်။
အခု ဦးဖြိုးကိုကိုတင့်ဆန်း အမှုမှာလည်း ပုဂ္ဂလိက လုံခြုံရေး အဖွဲ့တစ်ခု တည်ထောင်ဖို့ လက်နက်တွေ စုဆောင်းထားသယောင်ယောင် ခပ်ဖော့ဖော့ ပြောသူက ပြောနေပြန်ပါပြီ။ အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရထားခြင်း မရှိသေးတဲ့ National Security Council (NSA) တံဆိပ်တပ်ထားတဲ့ ကားတွေကိုတောင် လိုင်စင်ရှိ ကားတွေဆိုပြီး သိမ်းတောင် မသိမ်းဆည်းပါဘူး။
တကယ်တော့ ဦးဖြိုးကိုကိုတင့်ဆန်းဟာ ဒီအမှု မဖြစ်ခင်ကတည်းက သူပိုင်ဆိုင်တဲ့ ပစ္စတိုနဲ့ အမ် ၁၆ M-16 လို မောင်းပြန်ရိုင်ဖယ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားပြီးသားလည်း ဖြစ်ပါတယ်။ ဒီ လူမှုကွန်ရက်က ပုံတွေကို တပ်မတော် စရဖနဲ့ ပြည်ထဲရေး SB အဖွဲ့ဝင်တွေ မတွေ့ မမြင်၊ မသိလိုက်ဘူး ဆိုတာကတော့ သိပ်ပြီးမဖြစ်နိုင်ပါဘူး။ သိတယ်ဆိုရင် ဒါဟာ တကယ်သေနတ်တွေလား၊ ဒါမှမဟုတ် ပုံစံတူတွေလားဆိုတာ စုံစမ်းဖို့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ အဲလိုမလုပ်ခဲ့ကြပါဘူး။ ဘာကြောင့်ပါလဲ။
ဒီပြဿနာနဲ့ပတ်သက်ရင် တပ်မတော် စရဖနဲ့ ပြည်ထဲရေး SB အဖွဲ့တွေရဲ့ စောင့်ကြည့်မှုပုံစံ ထူးခြားနေတာ ဖြစ်နိုင်ပါတယ်။ ခုဆိုရင် တိုင်းပြည်မှာ အစိုးရ တစ်ရပ် ပြောင်းလဲသွားပါပြီ။ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီက အုပ်ချုပ်နေပြီး တပ်မတော်ကလည်း တိုင်းပြည်အာဏာတချို့ ဆုပ်ကိုင်ထားဆဲပါ။
ဒီအခြေအနေမျိုးမှာ တပ်မတော် စရဖနဲ့ ပြည်ထဲရေး SB အဖွဲ့တွေရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်း၊ ရန်သူ စတာတွေကို စောင့်ကြည့်မှု ပြောင်းလဲဖို့လိုပါတယ်။ အင်န်အယ်လ်ဒီ အစိုးရနဲ့ တပ်မတော်ကို အကာအကွယ်ပေးရမယ်ဆိုတဲ့ ဦးတည်ချက်ထားဖို့ လိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက်က အဲဒီအစိုးရကို ဘယ်သူတွေက ဆန့်ကျင်မလဲ၊ ဘယ်သူတွေက ရန်ပြုလာနိုင်သလဲ အမြဲမပြတ် လေ့လာစောင့်ကြည့်၊ လိုအပ်ရင် လိုအပ်သလို အရေးယူခဲ့သလို၊ အင်န်အယ်လ်ဒီ အစိုးရ တက်လာချိန်မှာ ဘယ်သူတွေဟာ ဆန့်ကျင်မလဲ၊ ဘယ်သူတွေက ရန်ပြုမလဲဆိုတာကို စုံစမ်းထောက်လှမ်းနေဖို့ လိုပါတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ဘူးဆိုတာ အင်န်အယ်လ်ဒီ ဥပဒေအကြံပေးပုဂ္ဂိုလ် ဦးကိုနီ လုပ်ကြံခံရမှုနဲ့ အခု ဦးဖြိုးကိုကိုတင့်ဆန်းမှာ လက်နက်အများအပြား မတော်တဆ မိလိုက်တဲ့အမှုက သက်သေခံနေပါတယ်။ အင်န်အယ်လ်ဒီ အစိုးရ တက်မလာခင်ကတည်းက ဦးကိုနီဟာ စောင့်ကြည့်ခံရသူဖြစ်ပြီး နောက်ပိုင်း အင်န်အယ်လ်ဒီ အစိုးရ တက်လာချိန်လည်း စောင့်ကြည့်ခံရ၊ နောက်ဆုံး စစ်ဗိုလ်ဟောင်းတွေရဲ့ စီစဉ်မှုနဲ့ လုပ်ကြံခံလိုက်ရတဲ့ အခြေအနေ ဆိုက်သွားသည်အထိ ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတာ တစ်ချက်က ဦးကိုနီအမှုနဲ့ ဦးဖြိုးကိုကိုတင့်ဆန်းအမှု ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်ပုံပါ။ ဦးကိုနီအမှုတုန်းက ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လုပ်ကြံသူတွေကို လူငယ်လေးတွေ အမှားလုပ်မိကြတယ်ဆိုတဲ့ မှတ်ချက်မျိုးပေးပြီး အပြစ်သိပ်မကြီးသယောင် ခပ်ဖော့ဖော့ ပြောခဲ့ကြပါတယ်။
အခု ဦးဖြိုးကိုကိုတင့်ဆန်း အမှုမှာလည်း ပုဂ္ဂလိက လုံခြုံရေး အဖွဲ့တစ်ခု တည်ထောင်ဖို့ လက်နက်တွေ စုဆောင်းထားသယောင်ယောင် ခပ်ဖော့ဖော့ ပြောသူက ပြောနေပြန်ပါပြီ။ အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရထားခြင်း မရှိသေးတဲ့ National Security Council (NSA) တံဆိပ်တပ်ထားတဲ့ ကားတွေကိုတောင် လိုင်စင်ရှိ ကားတွေဆိုပြီး သိမ်းတောင် မသိမ်းဆည်းပါဘူး။
တကယ်လို့များ အရင် စစ်အာဏာရှင်တွေခေတ်တုန်းကသာ လူတစ်ယောက်၊ လူတစ်ဖွဲ့ဆီမှာ ခုလို လက်နက်ခဲယမ်းတွေ အများကြီး ဖမ်းမိတယ်ဆိုရင်၊ အမှုကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံ့ခေါင်းဆောင်ကို လုပ်ကြံရန် ကြံစည်မှုစတဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ဥပဒေ တစ်ခုခု၊ ဒါမှမဟုတ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ စတာတွေနဲ့ အမှုတည်ဆောက်မှာ ဖြစ်ပေမဲ့ အခု ဦးဖြိုးကိုကိုတင့်ဆန်း အမှုကိုတော့ အမြင့်ဆုံး ပြစ်ဒဏ် ၇ နှစ်လောက်ပဲ ချနိုင်တဲ့ တရားမဝင် လက်နက်ကိုင်ဆောင်မှုလောက်နဲ့ပဲ အရေးယူဖို့ အမှုကို တည်ဆောက်နေသလား မေးခွန်းထုတ်စရာ ရှိနေပါတယ်။
ပြောရရင် အင်န်အယ်လ်ဒီ အစိုးရတက်လာလို့ အာဏာနဲ့ အခွင့်အလမ်း ဆုံးရှုံးပြီး ကိုယ်ကျိုးစီးပွား မလုပ်နိုင်တော့တဲ့ အသိုင်းအဝိုင်းနဲ့ လူပုဂ္ဂိုလ်တွေကြားမှာ ဦးဖြိုးကိုကိုတင့်ဆန်းလို လူတွေ၊ ဦးကိုနီကို လုပ်ကြံခဲ့သူတွေနဲ့ ကြံရာပါလိုလူတွေ အုပ်စုတွေ အများကြီး ရှိနေနိုင်ပါသေးတယ်။ နိုင်ငံ့လုံခြုံရေးကို စောင့်ကြည့် ထိန်းသိမ်းနေရတဲ့ တပ်မတော် စရဖနဲ့ ပြည်ထဲရေး SB အဖွဲ့တွေဟာ တပ်မတော်နဲ့ တည်ဆဲအစိုးရကို ကာကွယ်ဖို့ တာဝန်ရှိတာကြောင့် အဲလို လူ၊ အုပ်စုတွေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်၊ ကြိုတင်ကာကွယ် အရေးယူသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။