တပ်မတော်ဘက်က တောင်းဆိုထားသည့်အတိုင်း လက်နက်စွန့်ရန်ဆိုသည့်ကိစ္စမှာ လုံးဝမဖြစ်နိုင်ဟု ရက္ခိုင့်တပ်မတော် (အေအေ)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က Myanmar Now သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားထားသည်။
“တပ်မတော်ဘက်က ပြောထားတဲ့ လက်နက်စွန့်ရမယ်ဆိုတဲ့ကိစ္စက အရမ်း အတားအဆီးဖြစ်နေတယ်။ လုံးဝမဖြစ်နိုင်ဘူး။ ဒီကိစ္စကို ဖြေရှင်းနိုင်မှပဲ ကျန်တဲ့အဆင့်တွေကို လုပ်လို့ရနိုင်မယ်ထင်တယ်” ဟု ၎င်းကပြောကြားခဲ့ကြောင်း အဆိုပါ သတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ဇွန် ၂၀ ရက်နေ့က ရေးသားထားသည်။
“ငြိမ်းချမ်းရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း ခြားနားနေတာတွေ ရှိနေတယ်။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက လက်နက်စွန့်ရင် ငြိမ်းချမ်းမယ်ဆိုတာ ဖြစ်နေတယ်။ ကျွန်တော်တို့ ယူဆထားတာက နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်” ဟု ၎င်းကပြောကြားသည်။
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကျင်းပရန် စီစဉ်နေသည့် ၂၁ ရာစု ပင်လုံညီလာခံအား တက်ရောက်ရန် အေအေအဖွဲ့အား ဖိတ်ခေါ်ထားခြင်းလည်းမရှိသေးဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။
“ညီလာခံတက်ပါလို့ ဖိတ်ခေါ်တဲ့ အဆင့်အထိတော့ မရှိဘူး။ အလွတ်သဘော ပြောတာလောက်ပဲ ရှိတာ” ဟု ၎င်းက အင်တာဗျူးတွင် ပြောကြားထားသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်မယ်လို့ မျှော်လင့်ချက် ထားပါတယ်။ သိပ်လည်းမယုံရဲဘူး။ ဘာလို့ဆိုရင် တပ်မတော်အပေါ်မှာ အစိုးရရဲ့ သြဇာသက်ရောက်မှုနဲ့ တပ်ဘက်က အစိုးရကို နာခံမှု အတိုင်းအတာက အဆုံးအဖြတ် ဖြစ်လိမ့်မယ်။ ပြီးရင် ဒီအစိုးရက တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာ ဖယ်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ပါမယ်လို့ ပြောထားပြီးမှ လုပ်ပုံလုပ်နည်း လွဲချော်နေတာတွေရှိတယ်။ ကျွန်တော်ရည်ညွှန်းတာက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေမှာပါ။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေမှာ ဗဟိုအစိုးရက ချုပ်ကိုင်ထားတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က သူတို့ပြောတာနဲ့ လုပ်တာမှာ ခြားနားနေတာတွေကို အဓိပ္ပာယ် ကောက်ယူရမှာပဲ။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ လက်ထက်မှာ ဒီကိစ္စ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ (သေချာပေါက်) မပြောရဲဘူး”ဟုလည်း ၎င်းကပြောကြားသည်။
လက်ရှိအခြေမှာ ခန့်မှန်းရခက်နေသေးသလို အခြေအနေများမှာ လူထုမေ ျှာ်လင့်ထားသလောက် မကောင်းသေးဟု ၎င်းကပြောကြားသည်။
“ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီး အောက်မှာပဲ ရှိရမယ်။ စစ်သေနာပတိချုပ်ဆိုတာ နိုင်ငံတော်သမ္မတပဲ ဖြစ်ရမယ်။ ကိုယ်စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေနဲ့ အမြင့်ဆုံးနေရာကို ယူပြီးမှ ဥပဒေနဲ့အညီပါဆိုပြီး ဒီစာအုပ်ကိုပဲ ကိုးကားနေလို့ကတော့ မရဘူး။
“သူ့သဘောထားက ခန့်မှန်းရခက်တယ်။ ငြိမ်းချမ်းရေး လိုချင်တယ်လည်း ပြောတယ်၊ အပြုတ်တိုက်မယ်လို့လည်း ပြောတယ်။ လက်ရှိအစိုးရအနေနဲ့ သတိထားရမယ်ထင်တယ်။ သူတို့ပြောတဲ့လေသံက ဘယ်သူ့ကိုမဆို အပြုတ်တိုက်မယ်ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခြေအနေတွေက လူထုမျှော်လင့်ထားသလောက် မကောင်းသေးပါဘူး” ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောကြားသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကာ ၂၁ ရာစု ပင်လုံညီလာခံဟု ခေါ်ဆိုမည့် ငြိမ်းချမ်းရေး ညီလာခံအား ဇူလိုင်လအကုန်၊ သြဂုတ်လအတွင်း ကျင်းပနိုင်ရန်အတွက် ပြင်ဆင်မှုများနှင့် အကြိုတွေ့ဆုံ ညှိနှိုင်းမှုများကို လုပ်ဆောင်နေပြီ ဖြစ်သည်။
ထိုညီလာခံသို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအပြင် လက်မှတ် ထိုးမထားသည့် အဖွဲ့များကိုပါ ပါဝင်စေမည်ဟု ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ရန်အတွက် တပ်မတော်က ခွင့်မပြုသည့် ကိုးကန့်၊ တအာင်းပလောင်နှင့် အေအေတပ်ဖွဲ့များ ပါဝင်တက်ရောက်နိုင်ရေးအတွက်လည်း နည်းလမ်းရှာဖွေသွားမည်ဟု ပြောကြားထားမှုများ ရှိနေသည်။
တပ်မတော်အနေဖြင့် အဆိုပါအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးမှု မပြုလုပ်လိုသော်လည်း ဒေါ်အောင်စုကြည်ကမူ ဆွေးနွေးလိုသည်ဟု တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဂျပန် Nikkei Asian မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားသည်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးကိစ္စကို နိုင်ငံရေး တွေ့ဆုံစကားပြောမှုနဲ့ ဖြေရှင်းလိုပါတယ်။ ကျွန်တော်ထင်တာတော့ တပ်မတော်အနေနဲ့လည်း ဒါကို လက်ခံသင့်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။