Novice monks attend an informal tuition class in Aung Myay Thar Yar monastery in Kyaukme Township, Shan State, on August 6. Like other monastic schools, Aung Myay Thar Yar has been unable to resume formal lessons because of COVID-19. (Hkun Lat | Frontier)
ကျောက်မဲမြို့နယ်၊ အောင်မြေသာယာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ယူနေသည့် ကိုရင်ငယ်များကို ဩဂုတ်လတွင်း မြင်တွေ့ရစဉ်။ နိုင်ငံတစ်ဝန်းရှိ ဘကကျောင်းများကဲ့သို့ အောင်မြေသာယာကျောင်းတိုက်သည်လည်း ကိုဗစ်-၁၉ဒုတိယလှိုင်းကြောင့် စာသင်မှုကို ရပ်နားထားရသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရှမ်းမြောက်က ပျော်စရာမကောင်းသော ကျောင်းပိတ်ရက်ရှည်

ကိုဗစ်-၁၉ရောဂါကြောင့် ကျောင်းပိတ်ရက်ရှည် ကြာမြင့်ခဲ့ပြီဖြစ်သည်။ စာနှစ်သစ်ကို ရပ်ဆိုင်းထားသဖြင့် အခြားဒေသက ကလေးသူငယ်များမှာ ပျော်ရွှင်ကောင်းပျော်နေလိမ့်မည်။ သို့သော် ပညာရေးအပြင် ဘဝလုံခြုံရေးအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အားကိုးရှာရသည့် ရှမ်းပြည်တစ်ခွင်ရှိ ကလေးငယ်များအတွက်တော့ အခြေအနေက မရိုးရှင်းလှပေ။

ဟိန်းသာ ရေးသားသည်။

ခါတိုင်း ဒီအချိန်ဆိုလျှင် လားရှိုးမြို့က စိတ္တသုခဘုန်းတော်ကြီးကျောင်းအတွင်း ရာနှင့်ချီသည့် ကျောင်းသား၊ ကျောင်းသူများ ပြေးလွှားဆော့ကစားနေကျဖြစ်သည်။  စိတ္တသုခကျောင်းတိုက်သည် တောင်တန်းများကို နောက်ခံပြုလျက် အေးချမ်းလှပြီး ကျယ်ဝန်းသည်။ ဤကျောင်းတိုက်ကြီးသည် မူလတန်းမှ အထက်တန်းအဆင့်အထိ စာသင်ကြားပေးသည့် ရှမ်းပြည်မြောက်ပိုင်းရှိ အကြီးဆုံး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း) ဖြစ်သည်။

စိတ္တသုခကျောင်းသည် နှစ်စဉ် ကျောင်းသားပေါင်း ၂,၀၀၀ခန့် လက်ခံလေ့ရှိပြီး ရှမ်းပြည်တစ်ခွင်ရှိ ဆင်းရဲနွမ်းပါးသော၊ ပဋိပက္ခဒေသများက လူလားမမြောက်သေးသည့် ကျောင်းနေအရွယ် ရှမ်း၊ ပလောင်၊ ပအိုးဝ် ကလေးငယ်များအတွက် ကျောင်းအိပ်၊ ကျောင်းစား ပညာနို့ရည်တိုက်ကျွေးရာ အရပ်ဒေသတစ်ခုဖြစ်နေသည်။

ယခုနှစ်တွင်မူ ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါက စိတ္တသုခကျောင်းတိုက်၏ ကျောင်းတံခါးများကိုပိတ်ပစ်လိုက်သည်။ အမြဲလိုလို ကြားနေရသည့် ဆူညံနေသော စာအံသံများလည်း ဆိတ်သုဉ်းသွားသည်။ စိတ္တသုခကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများမရှိတော့။ ကိုရင်ငယ်၊ သီလရှင်ငယ်တို့ သင်္ကန်းခို၍ စာမသင်နိုင်ကြတော့ပေ။

“ကိုဗစ်လုပ်လိုက်တာ အားလုံးရှုပ်ကုန်တာပါပဲ”ဟု စိတ္တသုခဘကကျောင်း၏ ပဲ့ကိုင်ရှင် ဆရာတော်ဦးပုညက ပြောပါသည်။ သက်တော်၅၆နှစ်ရှိပြီဖြစ်သည့် ဆရာတော်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကော်မတီ၏ဥက္ကဋ္ဌဆရာတော်လည်းဖြစ်သည်။

မြို့ကြီးများတွင်ရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ဝေးလံခေါင်ဖျားပြီး ကျေးလက်ဒေသများမှ ပညာသင်စရိတ်မတက်နိုင်သော ကလေးသူငယ်များ၏ ရှေ့ရေးအတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည်။ 

၁၉၉၃တွင်စစ်အစိုးရသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အစိုးရကျောင်းများနှင့် တစ်တန်းထဲထားပြီး အစိုးရသင်ရိုးကို သင်ကြားစေခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်ကြီးများသည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဘကကျောင်းများကို ကောင်းမွန်စွာထောက်ပံ့ပေးခဲ့သည်။

ဥပမာအားဖြင့် မရမ်းကုန်းမြို့နယ်ရှိ နာဂလှိုင်ဂူ(ကလေးဝဘုန်းတော်ကြီးသင်ပညာရေးကျောင်း)ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေစက်ချလှူဒါန်းခဲ့ပြီး ဝ’ဒေသက ကလေးသူငယ်များကို ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်လာ၍ ရန်ကုန်၏ ပထမဆုံးနှင့် အကြီးဆုံးဖြစ်သည့် အဆိုပါဘကကျောင်းကြီးတွင် ပညာသင်ယူစေခဲ့သည်။

ထိုကာလက စစ်အစိုးရသည် ဖွံဖြိုးတိုးတက်မှုနိမ့်ပါးသည့် နယ်စပ်ဒေသက ကလေးသူငယ်များ ပညာသင်ကြားနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဘကကျောင်းများ တည်ဆောက်ဖွင့်လှစ်ခဲ့သော်လည်း အခုအချိန်အထိ နယ်စပ်ဒေသက ကလေးငယ်များမှာ ပညာရေးအတွက် ဘကကျောင်များကိုသာ မှီခိုရဆဲဖြစ်သည်။

တစ်နိုင်ငံလုံးရှိ အစိုးရကျောင်းများအပါအဝင် ဘကကျောင်းများသည် ပုံမှန်ဆိုလျှင် ဇွန်တွင် ပြန်လည်ဖွင့်လှစ်ကြသည်။ သို့သော် ယခုနှစ်ကျောင်းဖွင့်ချိန်တွင်မူ ကိုဗစ်-၁၉ရောဂါပျံ့နှံမှု မြင့်မားလာသဖြင့် အစိုးရက ဘကကျောင်းများအပါအဝင် တစ်နိုင်ငံလုံးက စာသင်ကျောင်းများကို ပိတ်ထားခဲ့သည်။ 

ပညာရေးဝန်ကြီးဌာနက အချို့အထက်တန်းကျောင်းများကို ကိုဗစ်-၁၉ကာကွယ်ရေး စံနှုန်းသတ်မှတ်ချက် များနှင့်အညီ ပြန်ဖွင့်ခွင့်ပေးမည်ဟုဆိုပြီး စည်းကမ်းချက် ၆၀နီးပါးကို ထုတ်ပြန်ခဲ့သေးသည်။

သို့သော်  ဩဂုတ်လလယ်တွင် ရခိုင်ပြည်နယ်မှစတင်သည့် ကိုဗစ်-၁၉ဒုတိယလှိုင်းသည် ပထမလှိုင်းထက် ပိုမိုပြင်းထန်သည့်အပြင် လူအများအပြားကို အချိန်တိုအတွင်း အလျင်အမြန်ကူးစက်ပျံ့နှံ့ခဲ့သဖြင့် အစိုးရက စာသင်ကျောင်းများအားလုံးကို ဩဂုတ်၂၇ရက်တွင် ပြန်လည်ပိတ်ပင်ခဲ့သည်။ ယင်းကျောင်းများတွင် ဘကကျောင်းများလည်း အပါအဝင်ဖြစ်သည်။

ဘကကျောင်းများသည် အများအားဖြင့် ကျောင်းအိပ်ကျောင်းစားလက်ခံပြီး ကျောင်းသားများကို စာသင်ပေးသည်။ ရန်ကုန်မြို့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဘုတ်အဖွဲ့၏ စာရင်းများအရ ဝေးလံခေါင်ဖျားသောဒေသမှ ကလေးငယ်သောင်းနှင့်ချီ၍ နှစ်စဉ်ရန်ကုန်ရှိ ဘကကျောင်းများတွင် လာရောက်ပညာသင်ကြားလေ့ရှိသည်။၂၀၁၈တွင် ဘကကျောင်းသားဦးရေ ၈၀,၀၀၀ကျော်ရှိပြီး အများစုမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှလာသည့် ရှမ်း၊​ ပလောင်နှင့် ပအိုးဝ် ကလေးငယ်များဖြစ်ကြသည်။ 

၎င်းတို့သည် ရန်ကုန်သို့ ပညာတော်သင် လာရောက်ကြရာတွင် ရန်ကုန်ဘကကျောင်းများ၏ သံမဏိစည်းမျဉ်းတစ်ခုကိုမူ လိုက်နာရသည်။ ယင်းမှာ ဘကကျောင်းသို့ လာတက်သူမှန်သမျှ ကိုရင် (သို့မဟုတ်)​ သီလရှင်ဝတ်ရခြင်းဖြစ်ပြီး လူဝတ်ကျောင်းသား လက်ခံလေ့မရှိပေ။

၂၀၁၄အတွင်း နမ့်ဆမ်မြို့နယ်၊ ဟိုမိန်းဒေသတွင် ကျင်းပခဲ့သည့် ၅၁နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် ချီတက်နေသော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်သားများကို မြင်တွေ့ရစဉ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်တွင် လှုပ်ရှားမှုရှိပြီး အစိုးရ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့နှင့် မကြာခဏ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားလေ့ရှိသည်။ (အေအက်ဖ်ပီ)

ရန်ကုန်အပါအဝင် မန္တလေး၊ ပဲခူးနှင့် မြို့ကြီးများတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရာနှင့်ချီရှိနေပြီး ကျောင်းသား၊ ကျောင်းသူစုစုပေါင်းပမာဏမှာ သိန်းနှင့်ချီရှိနိုင်သည်။ အများစုမှာ ပဋိပက္ခဖြစ်ပွားရာဒေသများက လာရောက်ကြသည့် ကလေးသူငယ်များဖြစ်သည်။

ကိုဗစ်-၁၉ကြောင့် တစ်နိုင်ငံလုံးက စာသင်ကျောင်းများကို ပိတ်လိုက်ခြင်းက သာမန်ကျောင်းသူ၊ ကျောင်းသားများအတွက် အခက်အခဲတစ်စုံတစ်ရာ ရှိနိုင်မည်မဟုတ်သော်လည်း ဘကကျောင်းများတွင် တက်ရောက်နေသည့် ကလေးငယ်များအဖို့ အခြေအနေမှာ တစ်မျိုးတစ်ဖုံဖြစ်သည်။

၎င်းတို့သည် ဇာတိမြေတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားသောကြောင့် ယင်းဒေသများကို စွန့်ခွာ၍ မြို့ကြီးပြကြီးသို့ ပညာတော်သင် လာရောက်ကြသည်ဖြစ်ရာ ကိုဗစ်-၁၉ကြောင့် လက်ရှိတက်ရောက်နေသော ဘကကျောင်းများကို အစိုးရက ပိတ်လိုက်ချိန်တွင် ၎င်းတို့မှာ ခိုကိုးရာမဲ့ဖြစ်ကြရသည်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ္မတူနှင့် မူဆယ်ဒေသတစ်ဝိုက်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်မတော်တို့အကြား တစ်နှစ်ပတ်လုံးလိုလို တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘကကျောင်း ၄၀ခန့်ရှိပြီး မူလတန်းနှင့် အလယ်တန်းကျောင်းသား ၁၂,၀၀၀ နီးပါးရှိသည်ဟု ရှမ်းပြည်နယ်လုံးဆိုင်ရာ ဘကကျောင်းဘုတ်အဖွဲ့၏ စာရင်းများကဆိုသည်။ အထက်တန်းကျောင်းသားဦးရေမှာ ၅,၀၀၀နီးပါးရှိသည်။

“ဆင်းရဲတဲ့ တိုင်းရင်းသားတွေက ကလေးတွေကို ကျွေးမွေးဖို့တောင် အနိုင်နိုင်။ တစ်ချို့ကလည်း တိုက်ပွဲကြားက ရွာတွေမှာ ပြေးရ၊ လွှားရနဲ့ ကလေးကိုစိတ်မချလို့ ရွာမှာမထားချင်ဘူး။ တစ်ချို့ကလည်း လက်နက်ကိုင်က ခေါ်သွားမှာဆိုးလို့။ တစ်ချို့ကလည်း မူးယစ်ဆေးစွဲမှာစိုးလို့ ဘုန်းကြီးကျောင်းပဲပို့ချင်ကြတာ”ဟု ကျောက်မဲမြို့ရှိ ငြိမ်းချမ်းရေးကုန်းဆရာတော်ဦးသုမနက မိန့်သည်။

ဦးသုမန၏ ဘကကျောင်းတွင် နှစ်စဉ်ကျောင်းသား၄၀၀ဝန်းကျင် လက်ခံသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းတိုက်တွင် သံဃာအနည်းငယ်သာကျန်ရှိတော့သည်။ ကျောင်းသားများကို ကျောင်းအိပ်၊ ကျောင်းစားလက်မခံတော့ပေ။

“တစ်ချို့က အတင်းတောင်းပန်ပြီးလာပို့ကြတယ်။ ဒါပေမဲ့ စာလည်းမသင်တော့ ဘယ်သူမှ လက်မခံထားနိုင်ဘူး။ အကုန်လုံးပြန်လွှတ်ရတာပဲ”ဟု ဆရာတော်ဦးသုမနကမိန့်သည်။

ယခုနှစ်စက်တင်ဘာနှင့်အောက်တိုဘာ လများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ ကွတ်ခိုင် နှင့်မူဆယ်မြို့နယ်များတွင် တပ်မတော်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့်လည်းကောင်း၊  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်လည်းကောင်း တိုက်ပွဲများ တစ်ဖွဲ့လျှင်၁၀ကြိမ်ထက်မနည်း ဆင်နွှဲခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၄,၀၀၀ကျော်ရှိခဲ့ပြီး အရပ်သားသေဆုံးမှုများလည်း ရှိခဲ့သည်။

ကိုဗစ်-၁၉ကြောင့် စာသင်ကျောင်းများပိတ်ထားသဖြင့် ကလေးသူငယ်များမှာ ၎င်းတို့နေထိုင်ရာအရပ်တွင်သာ နေထိုင်ကြရသည်။ ဩဂုတ်လအတွင်း ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာအတွင်းက ကလေးငယ်များကို မြင်တွေ့ခဲ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာတွင် နေထိုင်သည့် ရှမ်းအမျိုးသမီးဒေါ်နန်းဝါသည် ၎င်း၏ ကျောင်းနေအရွယ် သားနှင့်သမီးတို့ကို နှစ်စဉ်လားရှိုးမြို့ပေါ်ရှိ ဘကကျောင်းများသို့ ပို့ထားလေ့ရှိသော်လည်း ယခုနှစ်တွင် ယခုနှစ်တွင်မူ ကိုဗစ်-၁၉ကြောင့် မလွှတ်နိုင်တော့ပေ။

ဇူလိုင်လလယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခု ပန်ကျင်ကျေးရွာသို့ ရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့ရာ ဒေါ်နန်းဝါသည် ၎င်း၏ကလေးငယ်နှစ်ဦးကို ချီပိုး၍ ရွာသားများနှင့်အတူ ဘေးလွတ်ရာသို့ ပြေးလွှားခဲ့ရသည်။ ၎င်း၏ ရင်သွေးငယ်များကို အလားတူအဖြစ်မျိုး ထပ်မံဖြစ်လာမည်ကို ဒေါ်နန်းဝါက အလွန်စိုးရိမ်နေသည်။

“ဘုန်းကြီးကျောင်းမှာ ကောင်းကောင်းလည်းစားရတယ်။ ကောင်းကောင်းလည်း နေရသေးတယ်။ အခုက အရမ်းအန္တရာယ်များလွန်းတယ်”ဟု ဒေါ်နန်းဝါကပြောသည်။

တိုက်ပွဲများကြားတွင် မြေစာပင်ဖြစ်လေ့ရှိသည့် ရွာများမှအထက်တန်းကျောင်းသားများတွင်လည်း ဒေါ်နန်းဝါတို့ ပန်ကျင်ရွာသားများနည်းတူ စိုးရိမ်မှုတစ်ခုရှိနေသည်။ ယင်းမှာ လက်နက်ကိုင်အဖွဲ့များ၏ တပ်သားအဖြစ် စုဆောင်းခံရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကျောင်းများပိတ်ထားသည်ဖြစ်ရာ ဆယ်ကျော်သက်အရွယ် ရောက်ပြီဖြစ်သည့် အထက်တန်းကျောင်းသားအများစုသည် ၎င်းတို့၏ ရွာများသို့ ပြန်ရောက်နေပြီဖြစ်သည်။​ မိဘများကမူ ၎င်းတို့၏ သားသမီးများကို လက်နက်ကိုင်အဖွဲ့များက လူသစ်စုဆောင်းမည်ကို အလွန်စိုးရိမ်လျက်ရှိကြသည်။

“မြို့ပေါ်မှာ ကိုရင်ဝတ်ခိုင်းထားရင် မခေါ်တော့ဘူးလေ။ ဒါကြောင့် တိုက်ပွဲတွေဖြစ်ဖို့ အသံကြားလာရင် မြို့ပေါ်ကိုပဲ ပို့လိုက်ချင်တာပဲ”ဟု ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာမှ သားရှင်တစ်ဦးဖြစ်သူ ဦးစိုင်းထွန်းကပြောသည်။

စစ်ရေးပဋိပက္ခများသည် အသက်အရွယ်ကြီးရင့်သည့် ဒေသခံများ၏ ဘဝများကို ပြောင်းလဲနိုင်သည်အထိပင် သက်ရောက်မှုကြီးမားသည်ဖြစ်ရာ လူလားမမြောက်သေးသည့် ကလေးသူငယ်များသည် ပဋိပက္ခ၏ ဘက်ပေါင်းစုံသက်ရောက်မှုများကို ခံစားရလေ့ရှိသည်။ ဇူလိုင်လကုန်တွင် ကွတ်ခိုင်မြို့နယ်အတွင်း မြေမြှုပ်မှိုင်းနင်းမိသဖြင့် ကျောင်းနေအရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာရခဲ့သည်။

သေဆုံးသူကလေးငယ်၏ မိသားစုနှင့်ရင်းနှီးသော ဒေသခံတစ်ဦးဖြစ်သည့် ဦးစိုင်းမြတ်ကျော်၏ အဆိုအရ ဖြစ်စဉ်တွင် ပါဝင်သည့်ကလေးငယ်များ၏ မိဘများသည် ၎င်းတို့ကို ပြင်ဦးလွင်ရှိ ဘကကျောင်းတစ်ခုသို့ နှစ်စဉ် စေလွှတ်လေ့ရှိသော်လည်း ယခုနှစ်တွင် ကျောင်းများပိတ်ထားသဖြင့် ၎င်းတို့သည် ကွတ်ခိုင်တွင်သာ နေထိုင်ရာမှ ယင်းအဖြစ်ဆိုးနှင့် ကြုံကြိုက်ရခြင်းဖြစ်ကြောင်းဆိုသည်။

“တိုက်ပွဲတွေကြောင့် အမြဲတစ်ပူပေါ် နှစ်ပူဆင့်ရတာပါပဲ။ ဒါဘုန်းကြီးတို့ တစ်သက်ရှိပြီ”ဟု ကျောက်မဲမြို့ရှိ ငြိမ်းချမ်းရေးကုန်းဆရာတော်ဦးသုမနကမိန့်သည်။

ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုနှုန်းက ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးပါ။

ပညာရေးဝန်ကြီးဌာနက ကျန်းမာရေးစည်းမျဉ်းများနှင့် ပြည့်စုံသော ကျောင်းများကို ပြန်လည်ဖွင့်ခွင့်ပေးမည်ဆိုဦးတော့ ကျောင်းသားဦးရေ သိပ်သည်းထူထပ်သော ဘကကျောင်းများမှာ တစ်ဦးနှင့်တစ်ဦး အကွာအဝေးခြားရန်မှာ မဖြစ်နိုင်သဖြင့် ပြန်လည်ဖွင့်လှစ်ရန်မှာ ဖြစ်နိုင်ချေမရှိသေးကြောင်း ရှမ်းမြောက် ဘကကျောင်းများကော်မတီဥက္ကဋ္ဌဆရာတော်ဦးပုညက သုံးသပ်မိန့်ကြားသည်။

စာသင်ကျောင်းများ ကာလကြာရှည်စွာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသည်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မလုံခြုံသောဒေသက ကျောင်းသားလူငယ်များအတွက်မူ ပျော်ရွင်စရာကျောင်းပိတ်ရက်ရှည် ဖြစ်မည်မဟုတ်ပေ။

Hein Thar

Hein Thar

Hein Thar is a reporter at Frontier. He become a journalist in 2014 and previously worked at 7Day as a senior reporter, where he wrote features.
Share on facebook
Share on twitter
Share on email

More stories

ကိုဗစ်-၁၉ကန့်သတ်ချက်များကြောင့် ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားတွင် မဲဆွယ်စည်းရုံးရာ၌ အခက်အခဲများ ကြုံနေရသည်ဟု ပါတီများကဆိုသည်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar