ရွှံ့နွံတွေ၊ ချွေး မျက်ရည်တွေနဲ့

ဆန် ပိုမိုတင်ပို့နိုင်စေဖို့ အမာခံကျောရိုးတွေ ဖြစ်ကြတဲ့ လယ်သမားတွေကို ရာသီဥတုရဲ့ဖေးမမှုနဲ့ နိုင်ငံတော် ရဲ့ကူပံ့မှုတွေကသာ အခွင့်သာအောင် ဖန်တီးပေးလာမယ်လို့ မျှော်လင့်နိုင်ကြပါတော့တယ်။

ဂျာရတ်ဒေါင်းနင်း ရေးသားသည်။

 class=

class=

နိုင်ငံရဲ့ တခြားနေရာအနှံ့ကို ရေလွှမ်းစေခဲ့တဲ့ မိုးရေဟာ ရှမ်းတောင်တန်းပေါ်က ပြောင်းပင်တွေကိုပဲ ဖြစ်ထွန်းစေခဲ့ပါတယ်။ စိုင်းအမ်က အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပေမယ့် သူ့ပိုင်ဆိုင်တဲ့ ယာမြေတွေမှာတော့ မဟုတ်ပါဘူး။ အသက် ၁၀၁ နှစ်ရှိတဲ့ သူ့ရဲ့ယောက်ခထီးအိုကြီး သေဆုံးပြီးစ ဖြစ်လို့ တခြား လယ်သမားတွေက ဆန် မစိုက်ခင်မှာ သူတို့ရဲ့ပြောင်းပင်တွေကို အလုအယက် ရိတ်သိမ်းနေချိန် စိုင်းအမ်၊ သူ့ဇနီးနဲ့ သမီးနှစ်ဦးဟာ ဆွမ်းသွတ်အတွက် ရက်သတ္တ တစ်ပတ်လောက် အချိန်ပေး ပြင်ဆင်ခဲ့ရပါတယ်။

စိုင်းအမ်ရဲ့ ယောက်ခထီးဖြစ်သူ ဦးဘအေးဟာ အာရှရဲ့ဆန်အိုးကြီးအဖြစ် မြန်မာနိုင်ငံ ရပ်တည်စဉ် အခါက လယ်သမားတစ်ဦးပါ။ အသက် ၅၂ နှစ်အရွယ် စိုင်းအမ်ဟာ ရွာရဲ့ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး သခင်သစ်က သခင်ဟောင်းရဲ့ နောက်ဆုံးခရီးကို ထုံးစံအတိုင်း လိုက်ပါပို့ဆောင်နေပါပြီ။

ယခုအချိန်မှာ ဦးဘအေးပိုင်ယာမြေကို မျိုးဆက်နဲ့ချီပြီး လက်ဆင့်ကမ်းခဲ့ပြီးပါပြီ။ ဒါဟာ မြန်မာ့ အလုပ် သမား စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံနီးပါးအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနေတဲ့ လုပ်ကွက်ကျဉ်း လယ်သမား တွေအကြားမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ၁၉၃၀ ပြည့်နှစ်တွေနဲ့ ၁၉၄၀ ပြည့်နှစ်တွေမှာ ကမ္ဘာ့ဆန်တင်ပို့သူများရဲ့ ဦးဆောင်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍဟာ နောက်ဆုံးမှာ နှစ် ငါးဆယ်လောက် အထီးကျန် ရပ်တည်နေခြင်း၊ နိုင်လိုမင်းထက် ပြုမူသောစနစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေ ခြင်းကနေ ပြန်လည် နိုးထလာလျက်ရှိပါတယ်။ တရားဝင် စာရင်းဇယားတွေအရ မြန်မာနိုင်ငံဟာ နှစ်စဉ် ဆန် တန်ချိန် ၁၂ ဒသမ ၅ သန်း ထုတ်လုပ်ပြီး ကမ္ဘာ့အဆင့် ၅ ရှိ ဆန်စပါးတင်ပို့သူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ ပဲအမျိုးမျိုး တင်ပို့တဲ့ ဦးဆောင်နိုင်ငံအဖြစ် နှစ်ရှည်လများ ရပ်တည်ခဲ့ပြီး ဖြစ်သော်လည်း ပြောင်းနဲ့ ပဲပိစပ်တို့လို တခြားကောက်ပဲသီးနှံတွေ ထုတ်လုပ်မှုမှာလည်း တိုးမြင့်နေပါတယ်။

အကြီးစား စီးပွားရေးဦးပိုင်လုပ်ငန်း အနည်းငယ်သာ ရှိတာကြောင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍဟာ လယ်ယာမြေ သုံး ဧက (၁ ဒသမ ၂ ဟက်တာ)၊ ကျွဲခြောက်ကောင်နဲ့ မိသားစုတစ်စုကို ပိုင်ဆိုင်ထားသူ စိုင်းအမ်လို လုပ်ကွက်ကျဉ်းတဲ့ လယ်သမားတွေအပေါ်မှာ လုံးဝနီးပါး မှီခိုနေရပြီး ယခုအခါမှာ နည်းနည်းတောင် ပိုကျဉ်းလာပါသေးတယ်။

 class=
ဦးဘအေးက တော်ဝင်ရှမ်းမျိုးနွယ်တစ်ဦး ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ မိသားစုရဲ့ သီပေါမြို့ ယာမြေဟာ ဒုဋ္ဌဝတီမြစ်ကို မျက်နှာချင်းဆိုင်လျက်ရှိပြီး အသုဘပို့ ဧည့်ပရိသတ်အများစုကလည်း ရေလမ်း တစ်လျှောက်မှာ ထွန်ယက်စိုက်ပျိုးကြလေ့ ရှိပါတယ်။ စိုင်းအမ်ရဲ့ ရွာက ဧရာမ ဝက်ကြီး တစ်ကောင်အတွက် ငွေကြေးစုဆောင်းခဲ့ပါတယ်။ ဧည့်ပရိသတ်က စိုင်းအမ်ရဲ့ခြံထဲမှာ ဆောက်ထားတဲ့ ရောင်စုံတဲတွေအောက်က ဝက်သားဟင်းနဲ့ ရှမ်းဆန်ထမင်း စားကြရင်း သွားလေသူအကြောင်း အမှတ်တရတွေကို ပြောနေ ဆိုနေကြပါ တယ်။ အဲဒီပူဇော်ပွဲရဲ့ အဓိကအရာကတော့ ပိုက်ဆံ၊ အစားအစာ၊ မီးဖိုဆောင်သုံးပစ္စည်းနဲ့ တခြားလှူဖွယ်ဝတ္ထု တွေနဲ့ အလှဆင်ထားတဲ့ ဝါးခြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ အောက်ခံဘောင်တစ်ခုဖြစ်တဲ့ အဖြူရောင်နဲ့ ရွှေရောင် ပါတဲ့ ပဒေသာပင်ပဲ ဖြစ်ပါတယ်။ နောက်ဘဝကို ကူးသွားတဲ့ သေဆုံးသူအတွက် ဝတ်ပြုဆုတောင်းပေးမယ့် သံဃာတော်တွေကို လှူဒါန်းဖို့ ရည်ရွယ်ထားတာပါ။

class=

“ သူက ကျဆန်းမင်းသားနဲ့ ပတ်သက်သူ ဆိုတာကို မင်းသိလား” လို့ ရှမ်းဖက်လိပ်ကို သွားကြားထဲမှာ ကိုက်ထားရင်း ဧည့်သည်အဖိုးကြီးက ပြောလိုက်ပါတယ်။

“ သူက သူရဲ့တူလေ” လို့ ရွှံ့ပေနေတဲ့လုံချည်ကို သိုင်းထားရာက ချွတ်ပစ်ပြီး သန့်ရှင်းတဲ့ ရှပ်အင်္ကျီ တစ်ထည် ဝတ်ထားလိုက်ပေမယ့် မြက်ဦးထုပ်ကိုတော့ ဆောင်းထားဆဲ ဖြစ်တဲ့ ဆိုင်းအမ်က ရယ်ရယ်မောမော ပြောလိုက်ပါတယ်။

သူက တခြားစားပွဲတစ်လုံးကနေ ဈာပနအခမ်းအနားကို လာရောက်တဲ့ ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ထသွားပါတယ်။ လယ်သမားအိုကြီးကတော့ နောက်ထပ်ရှမ်းဖက်လိပ် တစ်လိပ်ကို ထပ်မီးညှိလိုက်ပါတယ်။ အကောင်းဆုံးနှစ် တစ်နှစ် ဖြစ်ခဲ့ပြီလို့လည်း သူက ဆိုပါတယ်။ ပဲပိစပ်ထက် ပြောင်းစိုက်ဖို့ လုံလောက်တဲ့ မြေကြီးအစိုဓာတ်ကို ရရှိခဲ့ပါတယ်။ မြစ်နားက တောင်သူတွေအတွက်တော့ ပုံမှန်အနေနဲ့ အထွက်နှုန်း နှစ်ဆ တိုးလေ့ ရှိပါတယ်။ ပြီးတော့ ဒေသအသီးသီးမှာ ရေလွှမ်းမိုးမှုကလည်း ဆန်ဈေးကို ခေါင်ခိုက်လောက်အောင် မြှင့်တင်ပေးနေပါတယ်။

“ အောက်မြန်မာပြည်က ကောက်ပဲသီးနှံတွေ ပျက်စီးသွားရတဲ့ လယ်သမားတွေအတွက်တော့ ကျွန်တော် စိတ်မကောင်း ဖြစ်မိတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ ဆန်စပါးအားလုံးနီးပါးက ပြည်တွင်းစားသုံးမှုအတွက်ပါ။ ပြီးခဲ့တဲ့နှစ်က တိုင်းပြည်ရဲ့ စုစုပေါင်းထုတ်လုပ်မှုတန်ချိန် ၁၂ ဒသမ ၅ သန်းထဲက ၁ ဒသမ ၆ သန်းကို ပြည်ပ တင်ပို့ခဲ့ပြီး အဲဒီပမာဏဟာ စိုက်ပျိုးနိုင်တဲ့ မြေဧရိယာရဲ့ ထက်ဝက်လောက်မှာ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ ဒီလို မြေ အမျိုးအစားအများစုဟာ အပူအအေး မျှတတဲ့ ရှမ်းတောင်တန်းတောင်ဘက်က ဧရာဝတီ မြစ်ဝှမ်းလွင်ပြင်ဒေသ မှာ တည်ရှိနေတာပါ။ ဒီဒေသမှာ ဖောက်ပြန်တဲ့ ရာသီဥတုက နှစ်စဉ်ပုံမှန် စိုက်ပျိုးတဲ့ ကောက်ပဲသီးနှံတစ်မျိုး သို့မဟုတ် နှစ်မျိုးစလုံးကို ပျက်စီးစေနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ဆန်စပါး အဓိကစိုက်ပျိုးတဲ့ တခြား နေရာတွေမှာ ဒီနှစ်ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုဟာ မြန်မာ့သီးနှံအထွက်နှုန်းနဲ့ ကမ္ဘာ့ဈေးကွက်အတွင်းက မြန်မာ့ ဝေစုအပေါ် ကျိန်းသေပေါက် ထိခိုက်မှု ရှိပါတယ်။ ဆိုးရွားတဲ့ နှစ်အနည်းငယ်နဲ့ ပို့ကုန်စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုတို့အစား တိုင်းပြည်ရဲ့ အရေးပါဆုံး အဓိကအစားအစာ ပြတ်တောက်မှုအပေါ် စိုးရိမ်ကြောင့်ကျမှု ပေါ် ပေါက်လာပါလိမ့်မယ်။

“ လယ်သမားတွေက အလွန့်အလွန်ကို ထိလွယ်ရှလွယ် ဖြစ်ကြရပါတယ်။ သူတို့အတွက် လုံခြုံမှု မရှိ တာဟာလည်း ခဏခဏ ဆိုသလိုပါပဲ” လို့ စက်မှုလုပ်ငန်း အားပေးမြှင့်တင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အသင်း တစ်သင်းဖြစ်တဲ့ မြန်မာ့ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်ခေတ်ကာလမှာ ပုံဖော်ခဲ့တဲ့ ကျရှုံးနေတဲ့ စီးပွားရေးကို ၂၀၀၄ ခုနှစ်မှာ တံခါးဖွင့်ဈေးကွက်ဝါဒ စတင်မိတ်ဆက်ခြင်းအားဖြင့် တစ်ဖြည်းဖြည်း ချင်း ပြန်လည်ကုစားနိုင်ခဲ့ပြီးပါပြီ။ စိုက်ပျိုးရေးစနစ်ကို ဖျက်ဆီးခဲ့တဲ့ ဈေးနှုန်းသတ်မှတ်ချက်၊ ဈေးနှုန်းအညွှန်း တွေနဲ့ ရက်စက်တဲ့ ခွဲတမ်းချစနစ်တွေအားလုံး ပျောက်ကွယ်သွားပေမယ့် အခြေခံအားဖြင့် အဲဒီကဏ္ဍမှာ အစိုးရ ပါဝင်ဆောင်ရွက်မှု မရှိတာကြောင့် လုပ်ကွက်ကျဉ်းတဲ့ လယ်သမားတော်တော်များများဟာ ဈေးကွက်နဲ့ ရာသီ ဥတုရဲ့ သားကောင်တွေ ဖြစ်နေရပါတယ်။

“ စိန်ခေါ်မှုအများစုဟာ အခုအခါမှာ လုပ်ငန်းမတည်ငွေနဲ့ ဆက်စပ်နေပါတယ်” လို့လည်း ဦးချစ်ခိုင်က ဆိုပါတယ်။ “နည်းပညာ၊ သိုလှောင်မှု၊ အခြေခံ အဆောက်အအုံနဲ့ ကျွမ်းကျင်မှုတွေပါ” လို့လည်း ဆိုလိုက်ပါ သေးတယ်။

ပြီးခဲ့တဲ့နှစ်က လယ်သမားများ အကာအကွယ်ပေးရေးနှင့် စွမ်းရည်မြှင့်တင်ရေးဥပဒေကို အစိုးရက ပြဋ္ဌာန်း ပေးခဲ့ပါတယ်။ ဒီဥပဒေဟာ လယ်သမားတွေကို အမတော်ကြေး ပေးအပ်ခြင်းနဲ့ ဘဏ္ဍာရေးအရ အကာအကွယ်ပေးခြင်းတွေ ပါဝင်ပါတယ်။ သို့ပေမယ့် ဒီဥပဒေကို အဓိပ္ပာယ်ပြည့်ဝစွာ အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဦးချစ်ခိုင်က ဆိုပါတယ်။ မြန်မာ့စိုက်ပျိုးရေးဘဏ်က လုပ်ကွက်ကျဉ်းလယ်သမားတွေနဲ့ မြန်မာ့ဆန်ကုန်သည်များအသင်းတို့လို စက်မှုလုပ်ငန်းရှင်တွေအတွက် ချေးငွေထုတ်ချေးပေးလျက်ရှိပြီး များပြားလာတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေကလည်း အသေးစားချေးငွေနဲ့ နည်းပညာအကူအညီတွေ ပေးအပ်ဖို့ ဆောင်ရွက်နေကြပါတယ်။ သို့ပေမယ့် ဒါနဲ့လည်း လုံးလောက်နိုင်ဖွယ် မရှိပါဘူး။ “ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် သူတို့ကို အမတော်ကြေး ထုတ်ပေးဖို့ လိုပါတယ်” လို့လည်း ဦးချစ်ခိုင်က ဆိုပါတယ်။

စိုင်းအမ်က အစဉ်အလာအားဖြင့် မြက်တွေနဲ့ ပြည့်နေတဲ့ သူရဲ့လယ်ကွင်းထဲမှာ ထွန်ယက်မယ့် ဒီဇယ်ဆီသုံး “လယ်ထွန်စက်” ကို လက်ငင်းဝယ်ခဲ့ပါတယ်။ မိသားစုက သူတို့ရဲ့ စားသောက်စရိတ်ကို ကာမိဖို့ ကုန်စုံဆိုင် အသေးလေးနဲ့ နှစ်စဉ်ရိတ်သိမ်းလို့ ရတဲ့ထဲက ချန်ထားတဲ့ ဆန်အိတ်အနည်းငယ်နဲ့ ရပ်တည်နေရပါတယ်။ ကောက်ပဲသီးနှံရောင်းချရာကနေ ရရှိလာတဲ့ ဝင်ငွေကို စုရင်စု၊ မစုရင် စက်ပစ္စည်းအသစ်၊ မြေသြဇာနဲ့ နိုင်ငံတွင်း ကို တင်သွင်းလာတဲ့ မျိုးစေ့အတွက် ရင်းနှီးမြုပ်နှံရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်မှာ စိုင်းအမ်ဟာ သူ့အိမ်မှာ လျှပ်စစ်မီး တပ်ဆင်ခဲ့ပြီး ဆဲလ်ဖုန်းတစ်လုံးလည်း ဝယ်ယူခဲ့ပါတယ်။

စိုင်းအမ်ရဲ့လယ်ထွန်စက်က အသုဘကိစ္စ ရှိနေစဉ်အတွင်းမှာ အနားရနေပေမယ့် သူ့အိမ်နီးနားချင်း ဖြစ်သူရဲ့ လယ်ထွန်စက်ကတော့ အချိန်ပို အသုံးပြုနေရပါတယ်။ သူ့အိမ်နီးနားချင်းအနေနဲ့ စပါးကို စောစော ရနိုင်မယ်ဆိုရင် အကောင်းတကာ့ အကောင်းဆုံးဈေးကို ရရှိဖို့ မျှော်လင့်နိုင်ပါတယ်။ ထိုအိမ်နီးနားချင်းနဲ့ နေ့စား အလုပ်သမားတချို့ဟာ စပါးပျိုးပင်တွေကို ပျိုးခင်းထဲကနေ နှုတ်ဖို့ စိုင်းပြင်းနေကြစဉ်မှာ ဒူးလောက်မြုပ်တဲ့ ရွှံ့တောထဲက အမျိုးသမီးတစ်စုကတော့ အနီးနားက စပါးခင်းတွေထဲမှာ ပျိုးစပါးပင်တွေကို စိုက်ပျိုးနေကြပါ တယ်။

အလုပ်ကြမ်းသမား ရှားပါးခြင်းက စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်အတွင်းမှာ ဆန်စပါးစိုက်ပျိုးသူတွေအတွက် ပြဿနာကြီးတစ်ရပ် ဖြစ်နေပါပြီ။ လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့ အလုပ်သမားတွေက လယ်ကွင်းတွေထဲက ပင်ပန်းတဲ့အလုပ်တွေကို ရက်ပေါင်းများစွာ လုပ်နေရာကနေ မြို့ပေါ်က ကုန်ထုတ်လုပ်ရေး အလုပ်တွေမှာ ဝင်လုပ်ဖို့ စွန့်ခွာခဲ့ကြပါပြီ။

အမျိုးသားတစ်ယောက်ကတော့ ရပ်လိုက်ပါတယ်။ ပျိုးပင်တွေကို စုကိုင်ချည်ငင်ဖို့အတွက် လုပ်ငန်းသုံး လက် အိတ် အလုံအလောက် မရှိခြင်းက သူ့လက်ချောင်းတွေကို ကြမ်းတမ်းနေစေပါတယ်။ သူက လက်သမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုပေမယ့် ဝင်ငွေ အပိုအလျှံရဖို့အတွက် ယာထဲမှာလည်း လုပ်တယ်လို့ ဆိုပါတယ်။ သီပေါမြို့က တချို့သူတွေဟာ ရာသီချိန်အလုပ်တွေကို လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြပေမယ့် တော်တော်များများက မန္တလေးကို ထွက်သွားကြတယ်လို့လည်း သူက ဆိုပါသေးတယ်။

မြေပိုင်ရှင် တော်တော်များများတောင်မှ အလားတူ ထွက်ခွာနေကြတယ်လို့ ဦးချစ်ခိုင်က ပြောကြား ခဲ့ပါတယ်။ အစိုးရရဲ့ မက်လုံးပေးဆွဲဆောင်မှု၊ ဒါမှမဟုတ် အကာအကွယ်ပေးမှုတွေအစား တိုးချဲ့လာတဲ့ ကုန်ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းကဏ္ဍတွေမှာ သူတို့ရဲ့ကံကို ရိုးရိုးတန်းတန်း စမ်းသပ်ကြည့်ခြင်းက လုပ်ကွက်ကျဉ်း လယ်သမားတွေအတွက် ပိုမိုဆွဲဆောင်မှုရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နေပါတယ်။ သင်ကသာ ဆင်းရဲနွမ်းပါးနေမယ်ဆိုရင် သင်လည်း စမ်းတဝါးဝါး လျှောက်လုပ်နေရနိုင်ပါတယ်။

***
မည်းမှောင်နေတဲ့တိမ်တွေ တက်လာပါပြီ။ သံဃာတော်တွေက လယ်ထဲကအိမ်မှာ သရဏဂုံတင်လို့ ပြီးခဲ့ပါပြီ။ ရွက်ဖျင်တွေနဲ့ စားပွဲတွေကို လူငယ်တွေက ဖြုတ်သိမ်းနေတဲ့အချိန်မှာ ရှေ့ကျတဲ့ လူအနည်းငယ်က စိုင်းအမ်ရဲ့ ဧည့်ခန်းမှာ စီးကရက်တွေ သောက်နေကြပါတယ်။

စိုင်းအမ်ရဲ့ ဇနီးဖြစ်သူ ပမက်ကတော့ ရေနွေးယူလာပြီး ထိုင်ဖို့ ကြိုးစားလိုက်ပါတယ်။ “အစက ဝမ်းနည်းမိပေမဲ့ နောက်တော့ အလှုပ်ရှုပ်နေတာနဲ့ ဝမ်းနည်းဖို့တောင် သတိမရတော့ပါဘူး” လို့ သူက ဆိုလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ ငိုထားလို့ နီရဲနေတုန်းပါ။

သူ့ရဲ့ဖခင်ဟာ သီပေါမြို့မှာ အချမ်းသာဆုံး လယ်သမားတစ်ဦး ဖြစ်ပါတယ်။ စိုင်းအမ်ရဲ့ဖခင်က သူ့ဇနီး ကွယ်လွန်သွားပြီးချိန်မှာ သူပိုင်လယ်ကို ရောင်းချပြီးတဲ့နောက် ပမက်ဖခင်က စိုင်းအမ်ကို လယ်အကူအဖြစ် ငှားရမ်းခဲ့ပါတယ်။ စိုင်းအမ်က ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားတဲ့သူဖြစ်ပေမဲ့ ပါးရည်နပ်ရည်ရှိပြီး ရယ်ရယ် မောမောနဲ့ ဟာသလည်း နှောတတ်တယ်လို့ ပမက်က ဆိုပါတယ်။ လယ်ထဲမှာ အတူတူ အလုပ်လုပ်နေတဲ့ နှစ်တွေမှာပဲ ပမက်က သူနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။

စိုင်းအမ်ကတော့ ပခုံးတွန့်ပြီး ပြုံးလိုက်ပါတယ်။ “သူ့မှာ အားကိုးရမယ့်သူတစ်ဦးတော့ မဖြစ်မနေ ရှိသင့်ပါ တယ်” အဲဒီအချိန်တွေက အဆိုးရွားဆုံးနှစ်တွေရဲ့ အကောင်းဆုံးအချိန်တွေပါပဲ။ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး လူထုအုံကြွမှုကို အကြမ်းဖက်နှိမ်နှင်းလိုက်တဲ့အခါမှာ ရှမ်းပြည် စစ်ပွဲက နောက် စိုးရိမ်စရာ တစ်ခု ဖြစ်ပေမဲ့ အစိုးရက နေ့စဉ်အန္တရာယ်တစ်ခုပါ။

“ ကျွန်တော်တို့က အစိုးရကို သူတို့ပေးတဲ့ဈေးနဲ့ ရောင်းခဲ့ရတယ်။ တကယ်တန်တဲ့ ပမာဏရဲ့ ထက်ဝက် လောက်နဲ့ ရောင်းခဲ့ရပြီး ဘာမှလည်း ပြန်ပြောလို့ မရခဲ့ဘူး” လို့ စိုင်းအမ်ရဲ့ ဝရန်တာပေါ်က လယ်သမားတစ်ဦး ဖြစ်တဲ့ ဦးမြတ်သိန်းက ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်တို့က မရောင်းဘူးဆိုရင် သူတို့က ကျွန်တော်တို့လယ်ကို သိမ်းပြီးတော့ တခြားလယ်သမားတစ်ယောက်ကို ပေးပါလိမ့်မယ်။ ဘယ်ဟာကို စိုက်ရမလဲဆိုတာကို သူတို့က ပြောပြပြီး ကျွန်တော်တို့က မစိုက်ဘူးဆိုရင် သူတို့က ကျွန်တော်တို့မြေကို သိမ်းလိုက်ပါလိမ့်မယ်။

“ခရိုင်အာဏာပိုင်တွေကလည်း ဆိုးတာပါပဲ။ သူတို့က သူတို့ရဲ့ လူယုံတွေကို အကြံအဖန်လုပ်တဲ့အခွန်၊ ဒါမှမဟုတ် ပေါ်တင်လာဘ်တောင်းဖို့အတွက် စေလွှတ်ပါလိမ့်မယ်။ သူတို့က ရောဂါကုဖို့နဲ့ ဆေးဝါးအတွက် ကုန်ကျစရိတ်ကို သုံးဆ၊ ဒါမှမဟုတ် လေးဆတောင်းမယ့် အကျင့်ပျက် ခြစားတဲ့ဆရာဝန်တွေ ပြုသမျှကိုလည်း နုရပါသေးတယ်။

လယ်သမားတွေကို ဘယ်သူမှ ဂရုမစိုက်တာကြောင့် သူတို့ဘာသာသူတို့ပဲ ဂရုစိုက်ကြရပါတယ်။ သူတို့က အစိုးရခွဲတမ်းရရှိမှု နည်းပါးတဲ့သူတွေကို ချေးငှားကြပြီး တစ်စုံတစ်ယောက် အရေးပေါ်ဆေးဝါး ကုသဖို့ လိုလာရင် သူတို့ရဲ့ မစို့မပို့ဝင်ငွေကို ထုတ်သုံးရပါတယ်။

စိုင်းအမ်လည်း စကားပြောလာခဲ့ပါပြီ။ “ခုချိန်မှာ သူတို့ဆန္ဒရှိသလို မလုပ်နိုင်ခင်မှာ ကျွန်တော်တို့က မြို့နယ်အရာရှိထံကို သူတို့အကြောင်းကို အကြောင်းကြားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပါတီရုံး တစ်ရုံးရုံးမှာ အကြောင်းကြားနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ဆေးဝါးကုသမှု အတွက် ငွေအများကြီး တောင်းတဲ့ အကျင့်ပျက်ဆရာဝန်တစ်ဦး ရှိခဲ့ပြီး အဲဒီဆရာဝန်လည်း အလုပ်ဖြုတ်ခံခဲ့ရပါတယ်”

“ရင်ထဲက အနာတရတွ?
ပျောက်အောင်ကုဖို့ နှေးနေသေးပေမယ့် ဒေသန္တရအစိုးရတွေနဲ့ ပါတီရုံးတွေက လယ်သမားတွေအတွက် နိုင်ငံရေးအရ ကျားကန်ပေးဖို့ ဆောင်ရွက်နေပါတယ်။ အမတော်ကြေးနဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တာတွေ ရှိပေမဲ့လည်း အစိုးရအတွက် အကြီးမားဆုံး အခက်အခဲက နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုတွေကို ဖြေရှင်းခြင်းပါပဲ”လို့ ဦးချစ်ခိုင်က ဆိုပါတယ်။

စိုင်းအမ်က စကားကို ဆင်ဆင်ခြင်ခြင် ပြောနေတုန်းပါပဲ။ “အစိုးရက အရင်လို လုပ်လို့မရတော့ပေမယ့် ကျွန်တော်တို့က သူတို့ကို ဘယ်တုန်းကမှ မယုံခဲ့ဘူး” လို့လည်း သူက ဆိုပါတယ်။ “ဒါပေမယ့် နောက်ဆုံး တစ်ကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့အနေနဲ့ မဲတောင်ပေးစရာ မလိုပါဘူး။ ဘယ်သူနိုင် မယ်ဆိုတာကို လူတိုင်းသိနေလို့ပါ”

အစိုးရက လယ်သမားတွေအတွက် စိုးရိမ်ပူပန်မှုမရှိပါဘူး (“သူတို့က တိုက်ခိုက်နေလား၊ မနေဘူးလားဆိုတာကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့က ကိုယ့်အလုပ် ကိုယ် လုပ်တယ်။ သူတို့ကလည်း သူတို့အလုပ် သူတို့ လုပ်တယ်” လို့ စိုင်းအမ်က ဆိုပါတယ်)။ ဒါပေမယ့် သူတို့ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာတဲ့အခါမှာ ထွန်းသစ်စ ဒီမိုကရေစီစနစ်မှာ သူတို့ကိုကိုယ်စားပြုတဲ့၊ ဒါမှမဟုတ် အကာအကွယ်ပေးတဲ့ ခိုင်မာအားကောင်း တဲ့ ရှမ်းခေါင်းဆောင်တစ်ယောက်ကို မျှော်လင့်နေပါတယ်။

“ စက်တစ်လုံးလောက် လိုတယ်ဆိုရင် ကျွန်တော်တို့အားလုံး အလုပ်ကြိုးစားမယ်၊ သူ့ကို အဲဒါအတွက် ငွေထုတ်ချေးမယ်။ သူတို့က လယ်ထွန်စက် လိုတယ်ဆိုရင် ကျွန်တော်တို့က တစ်လုံးပေးမယ်” လို့ စိုင်းအမ်က ဆိုပါတယ်။

အိမ်ခြေ ၈၀ လောက်ရှိတဲ့ရွာမှာ ရွာပိုင်အာမခံလုပ်ငန်း ရှိပါတယ်။ ရွာသားတွေက တစ်ဦးကိုတစ်ဦး ဆေးဝါး ကုန်ကျစရိတ်၊ ကပ်ဘေးကယ်ဆယ်ရေးနဲ့ စုပေါင်းကူညီမှုတွေကိုတောင် ပြုလုပ်ပေးကြပါတယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေဆီက အသေးစားချေးငွေလည်း ရှိပါတယ်။ မြို့ကြီးပြကြီးနဲ့ဝေးတဲ့ တခြားရွာတွေကလိုမျိုး ရာစုနှစ်တစ်ခုမျှသော ပြည်ပအုပ်ချုပ်မှု၊ ပြည်တွင်းစစ်၊ စစ်အာဏာသိမ်းမှု၊ ပြန်လည်အာဏာသိမ်းမှု၊ အထီးကျန် ရပ်တည်မှု၊ နိုင်လိုမင်းထက်ပြုမူမှုနဲ့ လယ်သမားတွေ ယုံကြည်စိတ်ချနိုင်တဲ့ အရာတွေကနေတစ်ဆင့် ဖွဲ့စည်း ထားတဲ့ လူ့ဘောင်တစ်ရပ် ဖြစ်ပါတယ်။

“ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် ကျွန်တော်တို့ကူညီနိုင်တဲ့နည်းလမ်းနဲ့ ကူညီကြပါတယ်။ မဖြစ်မနေကို ကူညီရမှာပါ” လို့ စိုင်းအမ်က ဆိုပါတယ်။

ဈာပနအခမ်းအနား ပြီးတဲ့နေ့ရဲ့နောက်နေ့ကတော့ လယ်ထဲမှာ စိုင်းအမ် အသက်အကြီးဆုံးသူဖြစ်မယ့် ပထမဆုံးနေ့ ဖြစ်လာမှာပါ။ သူနဲ့ ပမက်၊ သူတို့ရဲ့သမီးတွေ၊ သားမက်တွေနဲ့ လက်တစ်ဆုပ်စာမျှ သူရင်းငှာ းတွေက မြန်နိုင်သမျှမြန်မြန် မြေပေါက်ဖို့၊ ထွန်ယက်ဖို့၊ ခုတ်ထွင်ရှင်းလင်း တူးဆွဖို့နဲ့ အပင်စိုက်ဖို့အတွက် ပြန်လည်စိုင်းပြင်းကြပါလိမ့်မယ်။

“ကျွန်တော်တို့မှာ အိပ်ဖို့ကလွဲပြီး ညဘက်အိပ်မက် မက်ဖို့တောင် အချိန်ရှိမှာ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

အပင်ပေါက်နေတဲ့အချိန်မှာ အနည်းငယ်သက်သာရာရမယ့် လအနည်းငယ်တော့ ရှိမှာပါ။ ပြီးရင်တော့ အပင်တွေ ပိုမိုစိုက်ပျိုးတဲ့နောက်မှာ ရိတ်သိမ်းရမှာပါ။ ဘယ်တော့မှ မလွယ်ပေမယ့် ဒါဟာ စိုင်းအမ်သာ သိတဲ့ ဘဝတစ်ခုဖြစ်ပြီး အဖိုးအိုဦးဘအေးနဲ့ ဆုံစည်းရမယ့်အချိန်မှာ သူ့သမက်တွေကို သူထားခဲ့ရမယ့် အရာပါ။ အခုချိန်ထိတော့ သီပေါမှာ ဘဝက သာသာယာယာပါပဲ။

“”

Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar