ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများသည် ဇူလိုင် ၂၉ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ရမည်ဖြစ်ပြီး နောက်ဆုံးရက်အား ထပ်မံ သက်တမ်းတိုးမည်မဟုတ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဇူလိုင် ၁၄ ရက်နေ့က ရေးသားထားသည်။
ရွှေ့ပြောင်းလုပ်သားများ တရားမဝင် အလုပ်လုပ်ကိုင်နေမှုများအား နှိမ်နင်းမှုကို မှတ်ပုံတင်ကာလ ပြီးဆုံးသည်နှင့် စတင်မည်ဖြစ်ကြောင်းလည်း မစ္စတာအာရက်ဖရွမ်မာနီက ပြောကြားသည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးသားသည်။
“မှတ်ပုံတင်ဖို့ တွန်းအားပေးဆောင်ရွက်တာက ရွှေ့ပြောင်းလုပ်သားတွေကို ပိုပြီး ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်အောင်လို့ပါ။ ဒီလိုလုပ်တာက အလုပ်ရှင်တွေအတွက် အကူအညီ ဖြစ်ပါလိမ့်မယ်”ဟု အလုပ်အကိုင်ရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် အာရက်ကပြောသည်။
အထောက်အထားမပါရှိသော ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းစေခိုင်းသော အလုပ်ရှင်များသည် အလုပ်သမားတစ်ဦးအတွက် ထိုင်းဘတ် ၁၀၀,၀၀၀ ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ထိုင်းအလုပ်သမားအာဏာပိုင်များသည် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား အရေးယူရန် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ လုံခြံရေးအေဂျင်စီများနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အာရက်ကပြောသည်။
နောက်ဆုံးရက်မတိုင်မီ ရွှေ့ပြောင်းလုပ်သား ၈၀၀,၀၀၀ ကျော်ခန့် မှတ်ပုံတင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သတင်းက ဖော်ပြထားသည်။ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ ရွှေ့ပြောင်းလုပ်သား ၇၈၆,၇၄၃ ဦးနှင့် ၎င်းတို့ကို မှီခိုသူ ၁၇,၂၁၈ ဦးတို့ကို ထိုင်းအာဏာပိုင်များက မှတ်ပုံတင်ပြီးသွားပြီဟု သိရသည်။
ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းလုပ်သား သုံးသန်းကျော်ရှိသည်ဆိုသည့် ပြောကြားချက်များကိုမူ အာရက်က ငြင်းဆိုလိုက်သည်။ ယင်းစာရင်းမှာ လုပ်ကြံလီဆည်ထားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိုင်းတွင် မြန်မာ ငါးသန်းခန့်ရှိသည်ဟု ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး မိုဘိုင်းဖုန်းအော်ပရေတာဖြစ်သည့် DTAC က ယခုနှစ်အစောပိုင်းက ပြောကြားခဲ့သည်။ ခန့်မှန်းချက်မှာ ထိုင်းတွင် မြန်မာတို့၏ ဖုန်းဆင်းကတ် အသုံးပြုမှုအပေါ် အခြေခံထားခြင်းဖြစ်သည်ဟု DTAC ကဆိုသည်။ DTAC တွင် Happy Myanmar ဟုခေါ်ဆိုသော မြန်မာဘာသာ ပလက်ဖောင်းတစ်ခု ရှိသည်။
သတင်း- Frontier