ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ သွေးသစ်ကျောင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို သင်ကြားနေသည့် စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးကို ဇန်နဝါရီ၈ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - မိုးသော်တာဆွေ၊ ဖရွန်တီးယား)

ရွှေ့ပြောင်းမြန်မာကျောင်းသားများအတွက် အရင်းအနှီးကြီးသော ပညာရေး

ထိုင်းရောက်မြန်မာရွှေ့ပြောင်းကျောင်းသားများသည် နိုင်ငံတကာတက္ကသိုလ်များသို့ ဝင်ခွင့်ရရန် ကြိုးပမ်းရာတွင် ကြီးမားသည့် အခက်အခဲများ ကြုံတွေ့ကြရသည်။ စာမေးပွဲအလီလီ အောင်မြင်သည့်တိုင် အဆင့်မြင့်ပညာရေးအတွက် ကုန်ကျစရိတ်သည် ၎င်းတို့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နေသည်။

မိုးသော်တာဆွေ၊ ဖရွန်တီးယား

ထိုင်းနိုင်ငံအနောက်ပိုင်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် နေထိုင်သူ ကိုအောင်မြင့်မြတ်က နေ့စဥ် နံနက်၂ နာရီ၌ အိပ်ရာထပြီး မနက်စာ ထမင်း၊ ဟင်းစားကာ အလုပ်လုပ်ရန် အဆောင်မှ ထွက်ရသည်။

ကိုအောင်မြင့်မြတ်နှင့် အခြားလုပ်ဖော်ကိုင်ဖက် ခုနှစ်ဦးသည် နံနက်၃နာရီမှ နေ့လယ်၂ နာရီအထိ ကုန်လှောင်ရုံတစ်ခုတွင် အလုပ်လုပ်သည်။ ၎င်းတို့အလုပ်မှာ မဲဆောက်နှင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စျေးများသို့ ထိုကုန်လှောင်ရုံက ဖြန့်ချိသည့် ကုန်စိမ်းများကို ကားပေါ်တင်ပေးရသည့် အလုပ်ဖြစ်သည်။

တစ်လလျှင် လစာ ဘတ် ၆၀၀၀  (ကျပ်၇၈,၀၀၀ခန့်) ခန့်ရသည်။ “အရင်က လုပ်ခဲ့ဖူးတဲ့ ပန်းရံနဲ့ အသီးအရွက်ခူးတဲ့အလုပ်ထက်ပိုက်ဆံပိုရပေမဲ့ အရင်အလုပ်တွေက ဒီလောက်မပင်ပန်းဘူး” ဟု ၎င်းကပြောသည်။

အသက်၁၉နှစ်သာရှိသေးသည့် ကိုအောင်မြင့်မြတ်သည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကို ရှောင်ရှားရန် ယမန်နှစ် ဧပြီတွင် ရန်ကုန်မြို့မှ မဲဆောက်သို့ ရောက်ရှိလာခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အစိုးရကျောင်းများကို လူအများအပြား သပိတ်မှောက်ခဲ့ကြသဖြင့် ၎င်းသည်၂၀၂၀ကတည်းက ကျောင်းနားထားသူဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတွင် အထက်တန်းကို ပြီးမြောက်အောင်သင်ယူပြီး ထိုင်းတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နိုင်ရေးအတွက် အထွေထွေပညာရေးဖွံ့ဖြိုးရေး (GED) ဟု လူသိများသည့် စာမေးပွဲကို ဖြေဆိုမည်ဟု စိတ်ကူးခဲ့သည်။

ထိုင်းသို့ရောက်ပြီး ရက်အနည်းငယ်အကြာတွင် မဲဆောက်၌နေထိုင်သော အဒေါ် ဖြစ်သူ၏ ငွေကြေး ထောက်ပံ့မှုဖြင့် ရွှေ့ပြောင်းစာသင်ကျောင်းတစ်ခုတွင် တက်ရောက်ခဲ့သည်။ မဲဆောက်မြို့ပြင်၌ရှိသည့် ထိုကျောင်းတွင် ဖုန်းလိုင်းလည်းမမိသလို လျှပ်စစ်မီးလည်း မရပေ။ သန့်စင်ခန်းများနှင့် အဆောင်များမှာ ညစ်ပတ်ပေရေနေပြီး နေ့စဥ်ကျွေးသည့် ပဲဟင်းနှင့် အရွက်ကြော်များကိုလည်း ဝဝလင်လင် မစားသောက်ရသဖြင့် နှစ်ပတ်အကြာတွင် ကျောင်းထွက်ခဲ့သည်။

“မြန်မာမှာရှိတဲ့ ကျောင်းတွေထက်တောင် ဆိုးသေးတယ်။ အစကတော့ ကျောင်းပြီးအောင် ဘယ်နေရာမှာဖြစ်ဖြစ် ရအောင်တက်မယ်လို့ စိတ်ပိုင်းဖြတ်ထားပေမဲ့ အဲဒီမှာတော့ ဆက်နေလို့ မဖြစ်ဘူးဆိုတာ သိသွားတယ်”ဟု ၎င်းက ပြောသည်။

ထို့နောက် ၎င်းသည် မဲဆောက်မြို့ရှိ အဆောင်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၎င်း၏ဆုံးဖြတ်ချက်ကို အဒေါ်ဖြစ်သူအား ရှင်းပြခဲ့သည်။ ထိုအခါ အဒေါ်ဖြစ်သူက ကျောင်းလခ ငွေထပ်မပေးတော့သည့် အပြင် အဆက်အသွယ်ပါ ဖြတ်ခဲ့သည်။ ၎င်း၏မိဘများက ကျောင်းစရိတ် မြန်မာငွေကျပ်ငါးသိန်း ပို့ပေးခဲ့သော်လည်း ကွာခြားလှသည့် ငွေလှဲနှုန်းကြောင့် ထိုပမာဏဖြင့် ကျောင်းတက်ရန် မလုံလောက်ခဲ့ပေ။

“ကျောင်းလခနဲ့ အဆောင်ခပေးဖို့ ငွေမလောက်တာနဲ့ အဲဒီကျောင်းကိုလည်း ထွက်လိုက်ရတယ်။ ကျောင်းလည်းဆက်တက်လို့မရ၊ အိမ်လည်း ပြန်လို့ မရဆိုတော့ အလုပ်လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တာ” ဟု  ကိုအောင်မြင့်မြတ်က ပြောသည်။

ကိုအောင်မြင့်မြတ်သည် အာဏာသိမ်းမှုအလွန်တွင် ပညာဆက်လက်သင်ယူရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းမြန်မာလူငယ်များအနက် တစ်ဦးဖြစ်သည်။ ထိုသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းမြန်မာအရေအတွက် အလွန်များပြားလာသဖြင့် ရွှေ့ပြောင်းတို့အတွက် ဖွင့်လှစ်ထားသည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ မနိုင်မနင်းဖြစ်ရကြောင်း ဖရွန်တီးယားက ဤဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

တာ့ခ်ခရိုင်၌ ရွှေ့ပြောင်းစာသင်ကျောင်း အနည်းဆုံး ၆၄ခုရှိသည်။ ယမန်နှစ်၊ ဧပြီတွင် ထိုင်းအစိုးရလက်အောက်ရှိ ရွှေ့ပြောင်းပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစင်တာ၏ ထုတ်ပြန်ချက်အရ ထိုကျောင်းများတွင် အပ်နှံသည့် ကျောင်းသားဦးရေ ၁၄,၃၆၈ဦး ရှိခဲ့ပြီး ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉က အပ်နှံသည့် အရေအတွက် (၁၂,၀၀၀ဦး)ထက် ၂၀ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ထိုသို့ မြင့်တက်လာခြင်းသည် အာဏသိမ်းမှုအလွန် နိုင်ငံ့စီးပွားရေးကျဆင်းလာမှုနှင့် ပဋိပက္ခများ၊ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် မိသားစုအလိုက် အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်မှု တိုးမြင့်လာခြင်းကြောင့် ဖြစ်သည်။ စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲရန် လူငယ်အများအပြား ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ကြရာ ယမန်နှစ်က ရွှေ့ပြောင်းကျောင်းများတွင် အပ်နှံသည့် မြန်မာကျောင်းသားဦးရေသည် ပို၍ပင် မြင့်တက်လာဖွယ်ရှိသည်။ ၂၀၁၀ကတည်းက ရေးဆွဲခဲ့သည့် ထိုဥပဒေကို စစ်ကောင်စီက ယမန်နှစ် ဖေဖော်ဝါရီတွင် စတင်အသက်သွင်းခဲ့သည်။ ထိုဥပဒေအရ အသက်၁၈မှ ၃၅နှစ်အထိ အမျိုးသားများနှင့် အသက်၁၈မှ ၂၇နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဖြစ်သည်။

တချိန်တည်းတွင် အရေအတွက်နည်းပါးသေးသည့်တိုင် ပြည်ပတက္ကသိုလ်များတွင် ပညာသင်ယူလိုသည့် မြန်မာကျောင်းသားများအတွက် GED အတန်းများ ဖွင့်လှစ်ပေးသည့် ရွှေ့ပြောင်း စာသင်ကျောင်းအရေအတွက်ကလည်း တိုးလာနေသည်။ GED အောင်လက်မှတ်သည် အမေရိကန်နိုင်ငံရှိ အထက်တန်းကျောင်းအောင်လက်မှတ် ဒီပလိုမာဘွဲ့နှင့် အဆင့်တူညီပြီး ထိုစာမေးပွဲအောင်မြင်ပါက ထိုင်းအပါအဝင် နိုင်ငံအတော်များများရှိ အသက်မွေးကျောင်းများနှင့် တက္ကသိုလ်များတွင် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

သို့သော် ထိုစာမေးပွဲများသည် ကုန်ကျစရိတ်မြင့်မားသည့်အပြင် စာမေးပွဲဖြေဆိုရန် ရွှေ့ပြောင်း ကျောင်းသား၊ ကျောင်းသူ အများစု လက်လှမ်းမမီနိုင်သည့် အင်္ဂလိပ်ဘာသာစကားအဆင့်တစ်ခုလည်း လိုအပ်သည်။ GED စာမေးပွဲအောင်မြင်သည့်သူများအတွက်ပင်လျှင် ငွေကြေးမတတ်နိုင်သောကြောင့် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူရန် အခက်အခဲ အများအပြားကို ကြုံတွေ့နေရသည်။

မဲဆောက်မြို့ရှိ သွေးသစ်ကျောင်းတွင် ပညာသင်ယူနေသည့် ရွှေ့ပြောင်းမြန်မာကျောင်းသားများကို ဇန်နဝါရီ၈ရက်တွင် မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ – မိုးသော်တာဆွေ၊ ဖရွန်တီးယား)

ထောက်ပံ့မှုဖြတ်တောက်ခြင်းကြောင့် အခက်ကြုံရ

GED ဒီပလိုမာဘွဲ့လက်မှတ်ရရှိရန် လူမှုရေးပညာ၊ သိပ္ပံ၊ သင်္ချာနှင့် ဘာသာစကား စသည့် ဘာသာရပ် လေးခုအတွက် စစ်ဆေးသည့် စာမေးပွဲအောင်မြင်ရန် လိုအပ်သည်။ ဘာသာရပ်တစ်ခုတွက် စာမေးပွဲ ကြေးက အမေရိကန်ဒေါ်လာ ၈၀ (မြန်မာငွေ ကျပ်၃၅၀,၀၀၀ခန့်)ရှိပြီး ဘာသာရပ်လေးခုအတွက် စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာ ၃၂၀ သည် လက်ရှိငွေလဲနှုန်းအရ ကျပ်၁၅သိန်းခန့် ရှိသည်။ ထိုစာမေးပွဲများကို မဲဆောက်မြို့ရှိ GED စာမေးပွဲဖြေဆိုရာ ဌာနတစ်ခုတွင် ဖြေဆိုရသည်။

မဲဆောက်မြို့ရှိ သွေးသစ်ပညာရေးစင်တာသည် သူငယ်တန်းမှ ဆဋ္ဌမတန်းအထိကို မြန်မာဘာသာ သင်ရိုးဖြင့်သင်ကြားပြီး သတ္တမတန်းမှ တက္ကသိုလ်ဝင်တန်းအထိကို pre-GED နှင့် GED ဘာသာရပ်များအပါအဝင် ကိန်းဘရစ်ချ် အင်္ဂလိပ်ဖြင့် ပြုစုသည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားသည်။ သွေးသစ်ပညာရေးစင်တာတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၂၀၀ ခန့်ရှိပြီး အာဏာမသိမ်းခင်ကထက် ၄၀၀ဦးရေ ခန့်တိုးလာခဲ့ခြင်းဖြစ်သည်။

၎င်းတို့ လေ့ကျင့်သင်ကြားပေးသည့် ကျောင်းသူ၊ ကျောင်းသားများသည် “အမှတ်ကောင်းကောင်းဖြင့် အောင်သည့် မှတ်တမ်းကောင်းရှိသဖြင့်” ၎င်းတို့ကျောင်းကို တက်ရောက်လိုသူ များပြားခြင်းဖြစ်ကြောင်း သွေးသစ်ပညာရေး စင်တာ၏ ကျောင်းအုပ်ဦးဇော်လွင်ဦးက ပြောသည်။ ၂၀၁၃မှစတင်၍ သွေးသစ်ကျောင်းမှတစ်ဆင့် GED စာမေးပွဲအောင်မြင်သည့် ကျောင်းသားအရေအတွက် ၁၀၀၀ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ဒါပေမဲ့ ကျောင်းက ရန်ပုံငွေ အကန့်အသတ်ရှိတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ GED စာမေးပွဲကြေးကို သူတို့ဘာသာသွင်းရတယ်။ ဘာမှမရှိတဲ့ ကျောင်းသား၊  ကျောင်းသူတွေ အတွက်ကျတော့ ကူညီပေးနိုင်တဲ့ အလှူရှင်တွေနဲ့ ဆက်သွယ်လို့ရအောင် ချိတ်ဆက်ပေးပါတယ်” ဟု ၎င်းက ပြောသည်။

မဲဆောက်မြို့ရှိ ခွဲကဘောင်ကရင်အမျိုးသားကျောင်းက ဇွန်တွင် စတင်မည့် ပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူများ GED စာမေးပွဲများ ဖြေဆိုနိုင်အောင် ကူညီပေးရန် စီစဉ်ထားသည်။ ထိုကျောင်းတွင် သူငယ်တန်းမှ သတ္တမတန်းအထိကို မြန်မာဘာသာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးသည်။ ဇွန်မှစ၍ အဋ္ဌမတန်းမှ တက္ကသိုလ်ဝင်တန်းများကို အင်္ဂလိပ်ဘာသာဖြင့် အခြေခံအကြိုတန်း၊ အခြေခံအတန်း၊ GED အကြိုတန်းနှင့် GED အတန်းများဟူ၍ အဆင့်ခွဲခြား သတ်မှတ်ကာ သင်ကြားပေးသွားမည်ဖြစ်သည်။ အာဏာသိမ်းမှုမတိုင်ခင်က ထိုကျောင်းတွင် တက်ရောက်သည့် ကျောင်းသားဦးရေ ၄၀ဦးသာရှိခဲ့ရာမှ လက်ရှိတက်ရောက်သူဦးရေ ၆၀၈ဦး အထိ တဟုန်ထိုး မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် လွန်ခဲ့သည့်လက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ၏ ဘဏ္ဍာရန်ပုံငွေနှင့် လုပ်ငန်းများ ရပ်ဆိုင်းရန် အမိန့်ထုတ်လိုက်သဖြင့် ခွဲကဘောင်ကရင်အမျိုးသားကျောင်းမှာလည်း အခက်အခဲများ ရင်ဆိုင်နေရသည်။

ရွှေ့ပြောင်းမြန်မာများအတွက် ရည်စူး၍ ဖွင့်လှစ်ထားသော အခြားရွှေ့ပြောင်းကျောင်းများကဲ့သို့ပင် ခွဲကဘောင်ကျောင်းသည်လည်း ကျောင်းသားများထံမှ ကောက်ခံသည့် ငွေကြေးနှင့် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ရပ်တည်ရသည်။ ကျောင်းကပေးသည့် အဆောင်တွင် နေထိုင်သော ကျောင်းသား၊ ကျောင်းသူများအတွက် အစားအသောက်ကို မဲဆောက်မြို့ရှိ၊ မယ်တော်ဆေးခန်းက ထောက်ပံ့သည်။ မယ်တော်ဆေးခန်း၏ အလှူရှင်များစာရင်းတွင် USAID ထံမှ ငွေကြေးထောက်ပံ့မှုများ ရရှိနေသည့် နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (IRC)နှင့် အခြားအဖွဲ့အစည်းများ ပါဝင်သည်။

“သက်ရောက်မှုအရှိဆုံး အကူအညီတွေကတော့ အဆောင်နေ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆန်၊ ဆီနဲ့ဆားလို အခြေခံအစားအသောက်တွေနဲ့ GED စာအုပ်တွေ အပါအဝင် စာရေးကိရိယာတွေပေါ့” ဟု ကျောင်းအုပ်ဖြစ်သူ မန်းကျော်ခလိန်းစူးက ပြောသည်။

“ဒီဟာတွေကို ကျနော်တို့နဲ့ နှစ် ၃၀ လောက်ဆက်ဆံရေးရှိလာခဲ့တဲ့ NGO တွေ ဆီကနေရတယ်။ ရန်ပုံငွေက တစ်နှစ်တစ်ကြိမ်ချပေးတယ်။ လာမယ့်နှစ်တွေမှာ ရ၊ မရတော့ ကျနော်လည်း မသိဘူး” ဟု သူက ဆက်ပြောသည်။

စားနပ်ရိက္ခာနှင့် စာအုပ်များအတွက် ကူညီထောက်ပံ့မှုများ မရရှိပါက ကျောင်းအနေဖြင့် ကျောင်းစရိတ်ကို တိုးမြှင့်ကောက်ခံရမည်ဖြစ်ပြီး ထိုသို့မလုပ်ပါက ဆက်လက်လည်ပတ်ရန် ခက်ခဲကြောင်း သူကဆိုသည်။ လက်ရှိတွင် မိဘများ ငွေကြေးတတ်နိုင်သည့်အပေါ်မူတည်၍ ကျောင်းသားတစ်ဦးကို တစ်လလျှင် ဘတ်၁,၀၀၀မှ ၄,၀၀၀အထိ ကောက်ခံသည်။ မိဘမဲ့ ကလေးငယ်များကိုမူ အခမဲ့ နေထိုင်ခွင့်နှင့် ပညာသင်ကြားခွင့်ပေးထားသည်။

“ပြီးခဲ့တဲ့နှစ်ထဲထိုင်းကိုလာတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူအများစုက တော်တော်လေး ခက်ခဲကြတဲ့ အခြေအနေမှာရှိတယ်။ သူတို့ထဲက ၇၀ရာခိုင်နှုန်းလောက်က ကျောင်းစရိတ်ကို မတတ်နိုင်ကြဘူး။ မြန်မာနိုင်ငံလည်း ပြန်လို့မရ၊ ထိုင်းမှာလည်း လွယ်လွယ်နဲ့ အခြေချလို့မရ ဆိုတော့ အခက်အခဲတွေက တောက်လျှောက်ပဲ။ သူတို့ကို ရေရှည်အကူအညီပေးဖို့ကလည်း ကျနော်တို့အနေနဲ့ တော်တော်လေး ကြိုးစားမှကိုရလိမ့်မယ်” ဟု မန်းကျော်ခလိန်းစူးက ပြောသည်။

မဲဆောက်မြို့ရှိ သွေးသစ်ကျောင်းတွင် ပညာသင်ယူနေသည့် ရွှေ့ပြောင်းမြန်မာကျောင်းသားများကို ဇန်နဝါရီ၆ရက်တွင် မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ – မိုးသော်တာဆွေ၊ ဖရွန်တီးယား)

စိတ်ဖိစီးမှု

မိသားစုက ကျောင်းစရိတ်ကို တတ်နိုင်ပြီး GED စာမေးပွဲကြေးလည်း သွင်းနိုင်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့်မူ စာမေးပွဲ လေးခုစလုံးကို အောင်မြင်ရန်အတွက် ဖိအားကြီးကြီးမားမား ရင်ဆိုင်ကြရသည်။

လူမှုရေးဘာသာရပ်တွင် အမေရိကန် သမိုင်းနှင့် နိုင်ငံရေးတို့ကို သင်ယူရသဖြင့် ထိုအကြောင်းအရာများကို အစိမ်းသက်သက်ဖြစ်နေသည့် မြန်မာကျောင်းသားများအတွက် ထိုဘာသာရပ်သည် ခက်ခဲကြောင်း သွေးသစ်ကျောင်း၏ ပညာရေးတာဝန်ခံ ဦးဂျော်နီက ဆိုသည်။ ဘာသာစကားမှတစ်ဆင့် ကျိုးကြောင်းဆင်ခြင်ခြင်း ဘာသာရပ်သည်လည်း စာရေးသားမှု အများအပြား ပါဝင်သဖြင့် အင်္ဂလိပ်စာအခြေခံ အားနည်းသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ခက်ခဲသည်။

“စာသိပ်မလိုက်နိုင်တော့ ဦးနှောက်က ထူပူနေအောင်ကို တော်တော်လေးကြိုးစားခဲ့ရတယ်။ ဖိအားလည်း အရမ်းများတယ်။ စာမေးပွဲတွေသာ မအောင်ရင် ဘာများဖြစ်မလဲဆိုပြီး တွေးမိတာနဲ့တင် ကြောက်လာတယ်။ ဘာသာရပ်တစ်ခုစီအတွက် စာမေးပွဲကြေးက တော်တော်လေးပေးရတော့ ကျသွားရင် မိဘတွေရဲ့ ပိုက်ဆံကလည်း အလကားဖြစ်သွားမှာ” ဟု သွေးသစ်ကျောင်းတွင် တက်ရောက်ပြီး စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦးက ပြောသည်။

ကျောင်းတွင် သင်ခန်းစာများ မစတင်မီ ဆရာ၊ ဆရာမများက နေ့တိုင်းနီးပါး ဘာသာရပ် လေးခုလုံးအတွက် အစမ်းစာမေးပွဲများ ဖြေဆိုခိုင်းသဖြင့် GED အကြိုတန်း စတင်တက်ရောက်စဉ်က အလွန်ရုန်းကန်ခဲ့ရကြောင်း ကျောင်းသူ မပြည့်ပြည့် (အမည်လွှဲ)က ပြောသည်။ အသက်၂၀ရှိပြီဖြစ်သည့် မပြည့်ပြည့်သည် မဲဆောက်မြို့ရှိ ရွှေ့ပြောင်း ကျောင်းတစ်ခုတွင် တက်ရောက်နေသူဖြစ်သည်။

“မေးခွန်းတွေက နိုင်ငံတကာမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သီအိုရီလိုမျိုးတွေပါတယ်။ ပထမ နှစ်လ၊​ သုံးလလောက်မှာ ၁၀မှတ်ထက် ပိုမရခဲ့ဘူး (အမှတ် ၃၀ ပေးသည့်အနက်)”ဟု မပြည့်ပြည့်က ပြောသည်။

GED စာမေးပွဲ အောင်သူများအတွက်လည်း နောက်ထပ် အခက်အခဲများက စောင့်ကြို နေသည်။ “တချို့က တက္ကသိုလ်ဆက်တက်ကြပေမဲ့ GED အောင်ပြီး လုပ်ငန်းခွင်ဝင်ကြရသူတွေလည်း ရှိနေတယ်။ မဲဆောက်မှာက အိမ်လခ၊ ရေဖိုးနဲ့ မီးဖိုးတွေပေးဖို့က အဓိက ပြဿနာဖြစ်နေတယ်” ဟု ဦးဇော်လွင်ဦးက ပြောသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှ မဲဆောက်သို့ ၂၀၂၂၊ မေတွင် ရောက်လာသည့် အသက် ၁၈နှစ်အရွယ် ကိုဘုန်းခန့်သည် ယမန်နှစ်ဇွန်တွင် GED စာမေးပွဲအောင်မြင်ခဲ့သည်။ ၎င်းသည် နိုင်ငံတကာ တက္ကသိုလ်တစ်ခုခုတွင် ကျောင်းတက်လိုသော်လည်း ငွေကြေးမတတ်နိုင်ပေ။ လွန်ခဲ့သည့် သုံးလလုံးလုံး မဲဆောက်မြို့ရှိ ခေါက်ဆွဲဆိုင်တစ်ခုတွင် အလုပ်လုပ်နေခဲ့ပြီး တစ်ရက်လျှင် ဘတ်၁၄၀ခန့် ရရှိသည်။

အလုပ်လုပ်နေရင်း နိုင်ငံတကာပညာသင်ဆုများလျှောက်ထားရာတွင် အဓိကကျသည့် အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (TOEFL) ဖြေဆိုရန် အွန်လိုင်းမှတစ်ဆင့် သင်ခန်းစာများကို သူက လေ့လာနေသည်။

“ကျောင်းပြီးကတည်းက ကျနော်မျှော်လင့် ထားသလိုမျိုး ဖြစ်မလာခဲ့ဘူး”ဟု ကိုဘုန်းခန့်က ပြောသည်။

အခက်အခဲများရှိနေသည့်ကြားမှပင် ငွေကြေးအထောက်အပံ့များရရှိသဖြင့် ကျောင်းဆက်တက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများလည်း ရှိနေသေးသည်။

၎င်းတို့အနက် မဲဆောက်တွင် နေထိုင်သည့် ရွှေ့ပြောင်းမြန်မာလုပ်သားကိုထွန်း၏ အသက်၁၉နှစ်အရွယ် သမီးဖြစ်သူလည်း ပါဝင်သည်။ ကိုထွန်းသည် မိသားစုနှင့် မဲဆောက်တွင် နေထိုင်လာသည်မှာ နှစ်၂၀ကျော်ပြီဖြစ်သည်။

“သမီးကို ကျောင်းတက်စေချင်တာက အိမ်မှာပဲနေမယ်ဆိုရင် လက်လုပ်လက်စားပဲ ဖြစ်သွားလိမ့်မယ်။ ကျနော်က မဲဆောက်က စက်ရုံမှာ အလုပ်လုပ်တော့ သူ GED စာမေးပွဲအတွက် လေ့လာနေတုန်း လစဥ်ကျောင်းစရိတ်ပေးနိုင်တယ်” ဟု ကိုထွန်းကပြောသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းများမပိတ်မီ သမီးဖြစ်သူက အဋ္ဌမတန်း အောင်မြင်ခဲ့သည်။ ၂၀၂၃တွင် GED စာမေးပွဲဖြေဆိုရန် သွေးသစ်ကျောင်းတွင် ၁၀လခန့် တက်ရောက်ခဲ့သည်။ စာမေးပွဲအောင်ပြီးနောက် မဲဆောက်မြို့ရှိ Kamphaeng Phet Rajabhat တက္ကသိုလ်တွင် ပညာသင်ဆုရရှိခဲ့သည်။

“သူ ပညာသင်ဆုရသွားတော့ ကုန်ကျစရိတ် သိပ်မရှိတော့ဘူးပေါ့” ဟု ကိုထွန်းက ပြောသည်။

“တခြား အဝတ်အစား၊ ဖိနပ်ဖိုး ဘာညာလောက်ပဲကုန်တော့တယ်။ တစ်ပတ်ကို မုန့်ဖိုး ဘတ် ၁,၀၀၀ ပေးတယ်။ သူက အခုပထမနှစ်တက်နေပြီး စီးပွားရေးဘာသာကို ယူထားတယ်။ ဘွဲ့ရပြီးရင်တော့ အလုပ်ရှာရတာလွယ်မှာလို့ ဆရာမတွေက ပြောတယ်”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar