ရွှေ့ပြောင်းပစ္စည်းများဖြင့် ငွေချေးပါက စီးပွားရေးတိုးတက်နိုင်

လုံခြုံစိတ်ချရသော ငွေပေးချေမှုစနစ် ပြုပြင်ပြောင်းလဲရေးကသာ မြန်မာ့ငွေချေးဈေးကွက် ဖွံ့ဖြိုးလာအောင် အထောက်အပံ့ဖြစ်စေနိုင်ပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ငွေချေးခွင့်ရကာ အလုပ်အကိုင်များ ဖန်တီးပေးခြင်းဖြင့် တိုင်းပြည်စီးပွားရေးကို မောင်းနှင်ပေးနိုင်မည်ဖြစ်သည်။

ခင်သီတာမော် ရေးသားသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် မြန်မာ့စီးပွားရေးတွင် ဗဟိုချက်မကဏ္ဍမှ ပါဝင်နေပြီး အလုပ်အကိုင်ဖန်တီးရေးနှင့် အမျိုးသားကုန်ထုတ်လုပ်မှုကို ပံ့ပိုးပေးလျက်ရှိသည်။ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည်ဟု ယူဆရသည်။

သို့တိုင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးကြီးထွားလာပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန် ငွေကြေးအထောက်အပံ့များ အရေးတကြီး လိုအပ်လျက်ရှိသည်။ ငွေကြေးအထောက်အပံ့ မရရှိနိုင်သောကြောင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် လက်လီအရောင်းလုပ်ငန်းများ အပါအဝင် မြန်မာနိုင်ငံ၏ အဓိကဆင့်ပွား ကဏ္ဍများကို ထိခိုက်လျက်ရှိသည်။

ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာ့စီးပွားရေးလုပ်ငန်းများ စစ်တမ်း ၂၀၁၄ ကောက်ယူစဉ်က မြန်မာ့စီးပွားရေးလုပ်ငန်း အသေး၊ အလတ်၊ အကြီးအားလုံး၏ ၂၃ ရာနှုန်းအတွက် အဓိကအကန့်အသတ်အခက်အခဲမှာ ဘဏ္ဍာငွေကြေး အရင်းအနှီး ရရှိနိုင်ရေးပင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဤသို့ဖြစ်ရသည်မှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအများစုတွင် ငွေထုတ်ချေးမည့်သူများ(ဘဏ်များ)က လက်ခံနိုင်သော မရွှေ့ပြောင်းနိုင်သော အပေါင်ပစ္စည်း(မြေနှင့်အဆောက်အအုံ) မရှိကြသောကြောင့်ဖြစ်သည်။

တခါတရံ အပေါင်ပစ္စည်း ထားစရာမရှိခြင်းမှာ ပြဿနာမဟုတ်ဘဲ အဖိုးတန်ပစ္စည်းများကို အပေါင်ပစ္စည်းအဖြစ် အသုံးမပြုနိုင်ဖြစ်နေခြင်းကသာ ပြဿနာဖြစ်လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းတစ်ခု၏ ၇၈ ရာခိုင်နှုန်းဖြစ်သော အရင်းအနှီးမှာ စက်ကိရိယာများ၊ တန်ဆာပလာပစ္စည်းများကဲ့သို့သော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်ကြသည်။ ၂၂ ရာခိုင်နှုန်းသည်သာလျှင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများဖြစ်သည်။

သို့တိုင် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အပေါင်အဖြစ် လက်မခံလိုကြချေ။ ဥပမာ မြန်မာနိုင်ငံတွင် ပေးဆပ်ရန်ကျန်ရှိနေသေးသော ချေးငွေအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အိမ်ခြံမြေကဲ့သို့သော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို အပေါင်ထား၍ ချေးယူခဲ့ကြခြင်းဖြစ်သည်။

မတူခြားနားစွာပင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ အပေါင်ထားချေးယူသော ကူးသန်းရောင်းဝယ်ရေးချေးငွေမှာ ချေးငွေစုစုပေါင်း၏ ၁ ရာခိုင်နှုန်းသာရှိသည်။ ထိုချေးငွေအများစုမှာ ရွှေငွေရတနာပစ္စည်းများကို အပေါင်ထားချေးယူခြင်းဖြစ်ပြီး မော်တော်ယာဉ်များ၊ ကုန်လှောင်ရုံပစ္စည်းများ၊ လက်ခံနိုင်သောငွေစာရင်းများကို အပေါင်ထားမှုအချို့လည်းရှိသည်။ သို့ဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၏ စီးပွားရေးအလားအလာကို အပြည့်အ၀ အသုံးမချကြရသေးချေ။

မရွှေ့ပြောင်းနိုင်သောပစ္စည်းများကိုသာ အပေါင်ပစ္စည်းအဖြစ် လက်ခံရန် ပိုမိုလိုလားကြခြင်းကြောင့် ငွေထုတ်ချေးနိုင်မှုမှာ ကန့်သတ်ထားသလိုဖြစ်နေပြီး ဘဏ်လုပ်ငန်းကဏ္ဍတွင် တစ်မျိုးတည်းတွင်သာ စုပြုံလုပ်ကိုင်လာကြသည့် အန္တရာယ်ကို မြင့်မားလာစေသည်။ ၁၉၉၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အာရှဘဏ္ဍာရေး အကြပ်အတည်းဆိုက်မှုသည် ဘဏ္ဍာရေးစနစ်တွင် လိုင်းခွဲအမျိုးမျိုးမထားဘဲ တစ်မျိုးတည်းကိုသာ စုပြုံလုပ်ကိုင်နေမှုအန္တရာယ်၏ အကောင်းဆုံးဥပမာပင်ဖြစ်သည်။

အပေါင်ပစ္စည်းအမျိုးအစားကို ကန့်သတ်ထားခြင်းသည် ငွေချေးဈေးကွက် credit market ချဲ့ထွင်မှုကိုလည်း အချုပ်အချယ်ဖြစ်စေသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍသို့ ငွေထုတ်ချေးမှုနှင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ၏အချိုးသည် အလွန်နိမ့်ကျနေပြီး ၂၂ ရာခိုင်နှုန်းသာရှိရာ အာဆီယံနိုင်ငံများတွင် လာအိုပြီးလျှင် ဒုတိယအနိမ့်ဆုံးဖြစ်နေသည်။

typeof=

မြန်မာနိုင်ငံတွင် ငွေချေးယူလိုသည့် စီးပွားရေးလုပ်ငန်းများကို ရွှေ့ပြောင်းနိုင်သောပစ္စည်းများ အပေါင်ထားခွင့်ပြုသော ခေတ်မီဘဏ်စနစ်သစ် ထူထောင်ဖို့လိုအပ်နေပြီ။ ယင်းတို့တွင် ရရန်ရှိသော ကြွေးကျန်များ၊ ပစ္စည်းစာရင်းများ၊ ကိရိယာတန်ဆာပလာများ၊ ဘွဲ့ထူးဂုဏ်ထူးလက်မှတ်များ၊ အသိဉာဏ်ပညာ ပစ္စည်းများ စသည်တို့ပါဝင်ပေသည်။

ဘေးကင်းလုံခြုံသော ငွေပေးချေမှုမူဘောင်

စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အလွန်သေးငယ်သော၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ရွှေ့ပြောင်းနိုင်သောပစ္စည်းများ အပေါင်ထား၍ ငွေချေးယူနိုင်ခွင့်ရှိသော ဘေးကင်းလုံခြုံသည့် ငွေပေးချေမှုမူဘောင် တစ်ခုသည်သာ မြန်မာနိုင်ငံအဖို့ ရှေ့ဆက်လျှောက်ရမည့်လမ်း ဖြစ်ပေသည်။ အမှန်မှာ ဤနည်းသည် မည်သည့်နိုင်ငံ၏ စီးပွားရေးတွင်မဆို အရေးပါသော ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံဖြစ်ရာ SMEs များအတွက် လိုအပ်သောငွေကြေးအထောက်အပံ့ ရရှိနိုင်သည့် အလားအလာကောင်းများ ရှိနေပေသည်။

ငွေချေးရာတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုမှုကိုအားပေးသော၊ ခွင့်ပြုသောမူဘောင်တွင် ဘေးကင်းလုံခြုံသော ငွေပေးချေမှုဥပဒေ၊ အပေါင်ပစ္စည်းမှတ်ပုံတင်ရုံး ထားရှိမှုတို့ပါဝင်ပြီး ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြင့် ချေးငှားနိုင်စွမ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပေသည်။

ဤကဏ္ဍကို ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေးရှင်း IFC က မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ ပါဝင်လုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အသိအမှတ်ပြု ဘေးကင်းလုံခြုံသော ငွေပေးချေမှုစနစ် ဖြစ်ထွန်းလာအောင် အစိုးရကို အကြံဉာဏ်များ ပေးလျက်ရှိပေသည်။

ဘေးကင်းလုံခြုံသော ငွေပေးချေမှုဥပဒေနှင့် အပေါင်ပစ္စည်းမှတ်ပုံတင်ရုံးတို့သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုကို သိသိသာသာ တိုးတက်လာအောင် လုပ်ပေးနိုင်သည့် အလားအလာကောင်းများ ရှိသည်။ နိုင်ငံများစွာတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အပေါင်ပစ္စည်းအဖြစ် လက်မခံသောအကြောင်းရင်းများအနက် တစ်ခုမှာ ယင်းနှင့်ဆိုင်ရာ ဥပဒေများမရှိခြင်းနှင့် ယင်းတို့ကိုခြေရာကောက်မည့် မှတ်ပုံတင်ရုံးများမရှိခြင်းတို့ကြောင့်ပင် ဖြစ်သည်။ မှတ်ပုံတင်ရုံးများက ငွေထုတ်ချေးသူများအဖို့ ဆုံးရှုံးနိုင်သည့်အန္တရာယ်ကို လျော့နည်းစေပြီး ငွေချေးယူသူများအတွက် သူတို့တွင်ရှိနေပြီးပစ္စည်းများကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုရန် ပိုမိုလွယ်ကူသွားစေသည်။ ဥပမာအားဖြင့် လယ်သမားတစ်ယောက် ထွန်စက်ငှားရန် သူ့နွားမများကို အပေါင်ထားနိုင်တော့မည်ဖြစ်သည်။

ရလဒ်များ

အားကောင်းခိုင်မာသော ငွေပေးချေမှုဥပဒေနှင့် မှတ်ပုံတင်ရုံးများရှိသောနိုင်ငံများတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ငွေချေးယူရန် ပိုမိုလွယ်ကူသောကြောင့် ငွေကြေးစနစ်တည်ငြိမ်မှု၊ ကြွေးဆုံးနည်းပါးမှု၊ ငွေချေးကုန်ကျစရိတ် နည်းပါးမှုတို့ရှိကြောင်း စီးပွားရေးဆန်းစစ်ချက်များအရ သိရှိရသည်။ သို့ဖြစ်ရာ ရလဒ်မှာ ကုန်ထုတ်လုပ်မှုမြင့်မားခြင်းနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ခြင်းတို့ပင်ဖြစ်သည်။

တရုတ်ပြည်တွင် လုံခြုံစိတ်ချရသော ငွေပေးချေမှုပြုပြင်ပြောင်းလဲရေးသည် အမေရိကန်ဒေါ်လာစုစုပေါင်း ၃ ဒသမ ၅၈ ထရီလျံ ကြွေးကျန်ထောက်ပံ့မှုကို ရရှိစေခဲ့သည်။ ထိုအထဲမှ ဒေါ်လာ ၁ ဒသမ ၀၉ ထရီလျံသည် SMEs များထံ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု၏ရလဒ်အဖြစ် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ အပေါင်ထားသော ကူးသန်းရောင်းဝယ်ရေး ချေးငွေစုစုပေါင်းမှာ ၂၀၀၆ မှ ၂၀၀၈ အတွင်း တိုးတက်မှုမရှိဘဲ နေခဲ့ရာမှ ၂၀၀၈ နှင့် ၂၀၁၀ အတွင်းတွင် တစ်နှစ်လျှင် ၂၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။ မှတ်ပုံတင်ရုံးများ စတင်ဖွင့်လှစ်သော ၂၀၀၇ ခု အောက်တိုဘာလမှစ၍ ရိုးရိုးချေးငွေနှင့် ကြွေးကျန်ချေးငွေများ မှတ်ပုံတင်စုစုပေါင်းမှာ ၁ ဒသမ ၇ သန်းကျော်ရှိသည်။

ဗီယက်နမ်နိုင်ငံတွင် အလားတူပြုပြင်ပြောင်းလဲရေးမှာ ၂၀၁၂ မှစ၍ မှတ်ပုံတင်မှုစုစုပေါင်း ၁ ဒသမ ၅ သန်းရှိသည်။ SMEs ၈ သိန်းနှင့် လုပ်ငန်းငယ်လေးများ micro business ၅ သောင်းခန့်အတွက် ထုတ်ချေးငွေ ဒေါ်လာ ၆၉ ဒသမ ၃ ဘီလျံရှိလာခဲ့သည်။

နိုင်ငံပေါင်း ၅၀ ကျော်မှ IFC အတွေ့အကြုံများအရ ထိရောက်သောဘေးကင်းလုံခြုံသည့် ငွေပေးချေမှုဥပဒေသည် အောင်မြင်သောဘဏ္ဍာရေးကဏ္ဍနှင့် စီးပွားရေးအခြေအနေတို့အတွက် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်မှာ ထင်ရှားပေသည်။ မြန်မာနိုင်ငံတွင်မူ SMEs များ၊ လယ်သမားများ၊ ကုန်သည်များနှင့် အခြေခံအဆောက်အအုံ စီမံလုပ်ကိုင်နေသူများအတွက် ငွေကြေးထောက်ပံ့ချေးငှားနိုင်ရန် အခြေခံပင်ဖြစ်ပေလိမ့်မည်။

ရှေ့သို့တက်လှမ်းသွားရာတွင် ဘေးကင်းလုံခြုံသော ငွေပေးချေမှုပြုပြင်ပြောင်းလဲရေးသည် မြန်မာနိုင်ငံ၏ ငွေချေးဈေးကွက်ဖွံ့ဖြိုးရေးကို ထောက်ပံ့ကူညီပေးမည်ဖြစ်ရာ နောက်ပိုင်းတွင် ကြံ့ခိုင်ထိရောက်၍ အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍကို တိုးမြှင့်ပေးမည့် ခေတ်မီ၍လုံခြုံစိတ်ချရသော ဘဏ္ဍာရေးစနစ်ကို ဖန်တီးပေးမည်ဖြစ်ပေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar